ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Suan Phlu နဲ့ Bang Khen မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဗျူရိုရဲ့ တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ထိန်းသိမ်းရေးစခန်းမှာ COVID-19 ကူးစက်မှုပေါင်း ၃၀၀ နီးပါး ရှိလာပြီလို့ COVID-19 အခြေအနေ ကြီးကြပ်ကွပ်ကဲရေးဗဟိုဌာန (CCSA) က မတ်လ ၂၂ ရက်က ပြောကြားလိုက်ပါတယ်။
CCSA ရဲ့ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ Apisamai Srirangsan မတ်လ ၁၁ ကနေ ၂၀ ရက်ထိ ထိန်းသိမ်းထားတဲ့ ရွှေ့ပြောင်းလုပ်သား ၁,၈၈၈ ဦးမှာ ၉၈ ဦး COVID-19 ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ ၂၁ ရက်ထိ ထိုင်းနိုင်ငံတွင်းကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတာကြောင့် ထိန်းသိမ်းခံထားရတဲ့ထဲက ၂၉၇ ဦး COVID-19 ကူးစက်ခံထားရတယ်လို့ ပြောပြပါတယ်။
အများစုကတော့ မြန်မာ၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကဖြစ်တယ်လို့ ဒေါက်တာ Apisamai Srirangsan က ဆိုပါတယ်။ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေမှာ COVID-19 ကူးစက်မှုတွေကြောင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုဘက်ကလည်း နောက်ထပ် ထိန်းသိမ်းထားသူတွေ လက်မခံတော့ဘဲ အသက်ရူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို သီးသန့် ခွဲခြားထားတယ်လို့ ဆိုပါတယ်။
တော်ဝင်ထိုင်းရဲတပ်ဖွဲ့ကလည်း ကုတင် ၁၂၀ ပါ ယာယီဆေးရုံ ပြင်ဆင်ပေးသွားဖို့ ရှိနေပါတယ်။ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကလည်း ထိန်းသိမ်းထားသူတွေထဲက ကူးစက်ခံရသူတွေကို သီးသန့် ခွဲခြားပေးထားပြီး တာဝန်ကျအရာရှိ ၇၀ နီးပါးကိုလည်း COVID-19 ကာကွယ်ဆေး ထိုးပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ အမျိုးသားရဲဌာန အကြီးအကဲကလည်း ကူးစက်ခံ ထိန်းသိမ်းထားသူတွေကို ယာယီဆေးရုံကို ရွှေ့ပြောင်းကာ ရဲအထွေထွေ ဆေးရုံမှ သူနာပြုတွေနဲ့ ဆရာဝန်တွေက လာရောက် ကုသပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ လူဝင်မှုကြီးကြပ်ရေးဗျူရို ကော်မရှင်နာ ရဲချုပ် Sompong Chingduang က ထိန်းသိမ်းရေးစခန်းအတွင်း အစုလိုက် နေထိုင်ရတာကြောင့် ကူးစက်မှုတွေ ပျံ့နှံ့ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
အစုလိုက် ကူးစက်မှုတွေ စတင်ခဲ့တဲ့ ဘန်ကောက်မြို့နားက ဆမွတ်ဆခွန်မှာလည်း ကူးစက်မှုအသစ် ၃၃ ခု တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကူးစက်ခံရသူတွေကို ကုသပေးနိုင်ဖို့ ကုတင် ၂,၀၀၀ ကျော်ရှိတဲ့ ယာယီဆေးရုံ ဖွင့်လှစ်ပေးထားပါတယ်။
အဆိုပါ ကူးစက်နိုင်ချေများတဲ့ ဆမွတ်ဆခွန်မှာ တာဝန်ထမ်းဆောင်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း ၃၅,၀၀၀ ကျော်အတွက် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့ စတင်နေပြီလို့ ဒေါက်တာ Apisamai Srirangsan က ပြောပြသွားပါတယ်။
Nothaburi, Nakhon, Pathom, Phetchaburi, Ratchaburi, Suphan Buri တို့မှာလည်း ကူးစက်မှုအသစ်တွေ ရှိနေတာကြောင့် CCSA ဘက်က အနီးကပ်စောင့်ကြပ်ကြည့်ရှုမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
Ref: Thai PBS , Bangkok Post
You may also like these stories:
ထိုင်းနိုင်ငံ တရားမဝင်လုပ်သား ထိန်းသိမ်းရေးစခန်းတွေမှာ ကိုဗစ် ကူးစက်မှု ၃၀၀ နီးပါးရှိလာ
ထိုင်းနိုင်ငံ လာမယ့် ခရီးသွားတွေကို ကိုဗစ် စည်းကမ်းများ ဖြေလျှော့ပေးမည်
ထိုင်းမှာ ကိုဗစ် ကာကွယ်ဆေး AstraZeneca ထိုးနှံမယ့် အစီအစဉ် ရပ်ဆိုင်းထား