ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ COVID-19 ကာကွယ်ဆေးကို မတ်လ ၂၃ ရက်က ထိုးနှံခဲ့တယ်လို့ သမ္မတ နန်းတော် ကရင်မ်လင်က ထုတ်ပြန် ကြေညာပါတယ်။ ကာကွယ်ဆေး ထိုးနှံမှုကို တခြားနိုင်ငံတွေက ခေါင်းဆောင်တွေလို ကင်မရာရှေ့ တိုက်ရိုက်ထုတ်လွှင့်မှုမျိုး ထိုးနှံပြခဲ့တာ မဟုတ်ဘဲ သိုသိုသိပ်သိပ်နဲ့ ဖုံးကွယ်ပြီး တံခါးပိတ် ထိုးနှံခဲ့တာပါ။
ကရင်မ်လင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Dimitry Peskov က သမ္မတ ပူတင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း၊ မတ်လ ၂၄ ရက်ကစပြီး အလုပ်ချိန်အပြည့် ပြန်လုပ်သွားတော့မှာဖြစ်ကြောင်း ပြောပြသွားပါတယ်။
ရုရှားသမ္မတ ပူတင် ကာကွယ်ဆေး ထိုးနှံနေပုံနဲ့ ပတ်သက်ပြီး ဓာတ်ပုံ၊ ဗီဒီယို စတဲ့ မှတ်တမ်းတွေ တခုမှ ထုတ်ပြန် ဖော်ပြခဲ့တာမျိုး မရှိပါဘူး။ အစောပိုင်းကတည်းက ကရင်မ်လင်နန်းတော်ဟာ ကာကွယ်ဆေးထိုးနှံမှုကို လူအများရှေ့ ချပြသွားမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဒါဟာ မကြာခဏ ကင်မရာရှေ့ ထွက်ပြလေ့ရှိတဲ့ (တခါတလေ အပေါ် အင်္ကျီချွတ်) နဲ့တောင် ထွက်လေ့ရှိတဲ့ ရုရှားသမ္မတ ပူတင်အတွက် ထူးခြားမှု တခုပါ။
ကာကွယ်ဆေး မထိုးနှံခင် အင်္ဂါနေ့အစောပိုင်းက နန်းတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Peskov က သမ္မတ ပူတင်ဟာ ကာကွယ်ဆေးထိုးနေချိန်မှာ ကင်မရာ ရိုက်တာကို မကြိုက်တာကြောင့် မှတ်တမ်းတင်သွားမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါသေးတယ်။
ဘာကြောင့် ရုရှားခေါင်းဆောင် တယောက်အနေနဲ့ ကာကွယ်ဆေး ထိုးနေပုံကို အများပြည်သူရှေ့ မဖော်ပြတာလဲ ဆိုတဲ့ မေးခွန်းကို ပြောခွင့်ရပုဂ္ဂိုလ် Peskov က သမ္မတ ပူတင်ဟာ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အများကြီး လှုံ့ဆော်ပေးခဲ့ပြီးပြီလို့ ဆိုပါတယ်။
“သမ္မတဟာ ကာကွယ်ဆေးနဲ့ ပတ်သက်ဆယ်နွယ်နေတာမှန်သမျှ အချိန် ပြည့် စိတ်ထည့်ပြီး လုပ်ပေးခဲ့ပါတယ်” လို့ ဆိုပါတယ်။ “ကင်မရာတွေရှေ့မှာ ကာကွယ်ဆေး ထိုးရတာမျိုး သူ လုံးဝ မကြိုက်ပါဘူး။ ဒါမျိုး အားလည်း မပေးခဲ့ဘူး” လို့ ပြောပြသွားပါတယ်။
ဒါ့အပြင် နန်းတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Peskov ဟာ သမ္မတပူတင် ထိုးနှံခဲ့တဲ့ ကာကွယ်ဆေး အမျိုးအစား အတိအကျကို ထုတ်ဖော် ပြောဆိုတာမျိုး မရှိဘဲ ရုရှားပြည်တွင်းထုတ် “Spuntnik V”, “EpiVacCorona”, “CoviVac” ထဲက တမျိုးမျိုး ထိုးနှံခဲ့တာဖြစ်ပြီး ကာကွယ်ဆေး အကုန်လုံးဟာ စိတ်ချရပြီး ထိရောက်မှုရှိတယ်လို့ ပြောပြသွားခဲ့ပါတယ်။
ဖေဖော်ဝါရီလမှာတော့ ရုရှားနိုင်ငံရဲ့ ပထမဆုံး ကာကွယ်ဆေးဖြစ်တဲ့ “Spuntnik V” ဟာ ၉၁ ဒသမ ၆ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိတယ်လို့ တတိယအဆင့် စမ်းသပ်မှုအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၁၄၅ သန်းသော ပြည်သူတွေကို ထိုးနှံပေးနိုင်ဖို့အတွက် လက်ရှိအချိန်ထိ ၇ သန်းသာ ပထမတကြိမ် ထိုးနှံပေးထားနိုင်ပါတယ်။
Ref: edition.cnn
You may also like these stories:
ထိုင်းနိုင်ငံ တရားမဝင်လုပ်သား ထိန်းသိမ်းရေးစခန်းတွေမှာ ကိုဗစ် ကူးစက်မှု ၃၀၀ နီးပါးရှိလာ
ထိုင်းနိုင်ငံ လာမယ့် ခရီးသွားတွေကို ကိုဗစ် စည်းကမ်းများ ဖြေလျှော့ပေးမည်
ထိုင်းမှာ ကိုဗစ် ကာကွယ်ဆေး AstraZeneca ထိုးနှံမယ့် အစီအစဉ် ရပ်ဆိုင်းထား