Coronavirus Update

ရုရှားမှာ တိရစ္ဆာန်အတွက် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး စာရင်းသွင်း

ရုရှားနိုင်ငံမှာ တိရစ္ဆာန်တွေအတွက် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးကို မှတ်ပုံတင် စာရင်းသွင်းလိုက်ပါတယ်။ နိုင်ငံအသီးသီးက အစိုးရတာဝန်ရှိသူတွေဟာ လူသားမျိုးနွယ်အတွက် COVID-19 ကာကွယ်ဆေး လုံလောက်အောင် ကြိုးပမ်းဆောင်ရွက်နေချိန်မှာ ရုရှားက တိရစ္ဆာန်အတွက်ပါ ကိုဗစ် ကာကွယ်ဆေးကို ချပြလိုက်တာပါ။

ကာကွယ်ဆေးအမည်ကို “Carnivak-Cov” လို့ ပေးထားကြောင်း အစိုးရပိုင် မီဒီယာတခုဖြစ်တဲ့ TASS မှာ ဖော်ပြထားပါတယ်။

“Carnivak-Cov က သားစားတိရစ္ဆာန်တွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးပါ။ တိရစ္ဆာန် ကျန်းမာရေး Rosselkhoznadzor’s Federal Center ကနေ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ပထမဆုံး မှတ်ပုံတင်ထားပါတယ်” လို့ ရုရှားဖက်ဒရယ်ဆားဗစ် လက်ထောက်ဌာနမှူး Konstantin Savenkov က ပြောပါတယ်။

တိရစ္ဆာန်အတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဧပြီလအစောပိုင်းမှာတင် အမြောက်အမြား ထုတ်လုပ်နိုင်ဖို့ လျာထားပါတယ်။ Carnivak-Cov အတွက် ဓာတ်ခွဲစမ်းသပ်မှုတွေကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာမှာ စတင်ခဲ့တာဖြစ်ပြီး ခွေး၊ ကြောင်၊ မြေခွေး၊ အာတိတ်ဒေသ မြေခွေး၊ မြွေပါတို့နဲ့ စမ်းသပ်ခဲ့တယ်လို့ ဆိုပါတယ်။

Savenkov ပြောပြချက်အရ စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ တိရစ္ဆာန် အကုန်လုံး ပဋိပစ္စည်း ထွက်ရှိခဲ့တာကြောင့် စိတ်ချရပြီး ကိုယ်ခံစွမ်းအားကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ အဆိုပါ ကာကွယ်ဆေးဟာ အနည်းဆုံး ၆ လ ကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့ အာမခံ ပြောဆိုလိုက်ပါတယ်။

“ရုရှားလူမျိုး ပညာရှင်တွေအဆိုရ တိရစ္ဆာန်အတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ နောက်ထပ်ဖြစ်လာမယ့် မျိုးဗီဇအသစ် ဗိုင်းရပ်စ်တွေကပါ ကာကွယ်ပေးနိုင်တယ်”လို့ ဆိုပါတယ်။ အဆိုပါ တိရစ္ဆာန်အတွက် COVID-19 ကာကွယ်ဆေးကို ပိုလန်၊ သြစတြီးယားနဲ့ ဂရိနိုင်ငံတွေက ဝယ်ယူဖို့ ကမ်းလှမ်းထားပါတယ်။

ဒါ့အပြင် စင်ကာပူ၊ အမေရိကန်နဲ့ ကနေဒါမှာရှိတဲ့ ကုမ္ပဏီတွေကလည်း အဆိုပါ ကာကွယ်ဆေးကို စိတ်ဝင်စားမှုတွေ ပြသခဲ့တယ်လို့ Savenkov က ပြောပြသွားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ နောက်ဆုံး ထုတ်ပြန်ထားချက်မှာလည်း COVID-19 ဟာ တိရစ္ဆာန်ကနေ လူသားမျိုးနွယ်တွေဆီ ကူးစက်လာတာ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ခုနှစ်ကလည်း ရုရှားဟာ ကမ္ဘာပေါ်မှာ လူသားအတွက် ပထမဆုံး COVID-19 ကာကွယ်ဆေးကို တတိယအဆင့် စမ်းသပ်ချက် မတိုင်ခင် ဆောလျင်စွာ ခွင့်ပြုပေးခဲ့လို့ နိုင်ငံတကာရဲ့ ဝေဖန်မှုဒဏ်ကို ခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ စမ်းသပ် လုပ်ဆောင်မှုတွေအပြီး ရုရှားရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး “Sputnik V” ဟာ COVID-19 အတွက် ၉၁ ဒသမ ၆ ရာခိုင်နှုန်းနဲ့ တခြားပြင်းထန် ဗိုင်းရပ်စ်တွေအတွက် ရာနှုန်းပြည့်နီးပါး ထိရောက်မှုရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: edition.cnn

You may also like these stories:

တောင်ကိုရီးယားမှာ AstraZeneca ဆေးထိုးပြီး သေဆုံးမှုတွေ ရှိပေမယ့် သမ္မတ မွန်း ထိုးနှံခဲ့

ကိုဗစ် ကာကွယ်ဆေးကို တံခါးပိတ် ထိုးနှံခဲ့တဲ့ ရုရှားသမ္မတ ပူတင်

ထိုင်းနိုင်ငံ လာမယ့် ခရီးသွားတွေကို ကိုဗစ် စည်းကမ်းများ ဖြေလျှော့ပေးမည်

Loading