Coronavirus Update

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကိုဗစ် အစုလိုက် ကူးစက်မှုအသစ် တွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ လူအများစုဝေးလေ့ရှိရာ နေရာတွေမှာ COVID-19 အစုလိုက် ကူးစက်မှုကြောင့် အနီရောင်အဆင့် ထုတ်ပြန်ထားရပါတယ်။ Klhong Toei, Wattana နဲ့ Bang Khae နေရာ ၃ ခုရှိ ဖျော်ဖြေရေး စင်တာတွေနဲ့ ဘားဆိုင်တွေကို ပိတ်ထားရမယ်လို့ မြို့တော်ဝန် Asawin Kwanmuang က ပြောကြားလိုက်ပါတယ်။

ဘန်ကောက်မြို့ရဲ့ အထူးသဖြင့် Thong Lor နေရာတဝိုက် သွားခဲ့ကြသူတွေမှာ မကြာသေးခင်က အစုလိုက် ကူးစက်မှုတွေ စတင် တွေ့ရှိလာတာပါ။ ဒါ့ကြောင့် ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က အဆိုပါ နေရာတဝိုက်ရှိ အရက်ဆိုင်နဲ့ ဘားတွေကို ဧပြီ ၆ ရက်ကနေ ၁၉ ရက်အထိ ပိတ်ထားဖို့ ထုတ်ပြန်လိုက်ပါတယ်။

ချင်းမိုင်မှာ အသစ်တွေ့ရှိထားတဲ့ COVID-19 ကူးစက်လူနာ ၃ ဦးဟာလည်း ဘန်ကောက်မြို့တော်က အစုလိုက် ကူးစက်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ ပြည်နယ် တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ မတ်လ ၅ ရက်က ချင်းမိုင် ကူးစက်ရောဂါဆိုင်ရာ ကော်မတီရဲ့ ထုတ်ပြန်ချက်အရ ကူးစက်လူနာ ၄ ဦးရှိခဲ့ပြီး ဒီထဲက ၃ ဦးဟာ ဘန်ကောက်က ဖျော်ဖြေရေးစင်တာတွေကို သွားခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပထမတဦးဟာ မတ်လ ၃၀ ရက်မှာ အဆိုပါ နေရာကို သွားရောက်ခဲ့ပြီး ၃၁ ရက်မှာ ချင်းမိုင်ကို Vietjet လေကြောင်းလိုင်းနဲ့ ပြန်လာခဲ့သူပါ။ သူ့မှာ COVID-19 ကူးစက်နေကြောင်း ဧပြီ ၄ ရက်မှာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ဒုတိယတဦးကတော့ ပထမလူနာရဲ့ သူငယ်ချင်းဖြစ်သလို၊ ဘန်ကောက်မှာ ဖျော်ဖြေရေးစင်တာကို အတူတူ သွားရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒုတိယ ကူးစက်လူနာကတော့ ချင်းမိုင်ကို တခြား သူငယ်ချင်း ၃ ဦးနဲ့အတူတူ ကိုယ်ပိုင်ကားနဲ့ ပြန်လာခဲ့သူပါ။ COVID-19 ကူးစက်ခံရကြောင်း ဧပြီ ၄ ရက်နေ့မှာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ တတိယ ကူးစက်လူနာကတော့ ဒုတိယလူနာနဲ့ ကားတစီးတည်း အတူတူ ပြန်လာသူပါ။ ဒုတိယလူနာနဲ့ အတူတူ ပြန်လာသူတွေထဲက ၂ ဦးမှာတော့ ဗိုင်းရပ်စ် ကူးစက်မှု မတွေ့ရဘူးလို့ ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြို့တော် ဘန်ကောက်မှာ အစုလိုက် ကူးစက်မှုအသစ်တွေကြောင့် စားသောက်ဆိုင်တွေနဲ့ ဖျော်ဖြေရေးစင်တာတွေကို ည ၉ နာရီမှာ ပိတ်ဖို့ ညွှန်ကြားထားပါတယ်။ ဒါ့အပြင် ဘန်ကောက်မြို့ ဧရိယာထဲမှာရှိတဲ့ နိုင်ငံတကာကျောင်းတွေကိုလည်း ယာယီပိတ်ထားပါတယ်။

Thong Lor တဝိုက် ကူးစက်မှုတွေမှာ နိုင်ငံတကာကျောင်းတွေမှာ သင်ကြားနေတဲ့ ကျောင်းသားတွေရဲ့ မိသားစုဝင်တချို့ ကူးစက်ခံထားရတာကြောင့် ကျောင်းတွေကို ယာယီ ပိတ်ပင်ထားတာ ဖြစ်တယ်လို့ ကျောင်းရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တဦးက ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ COVID-19 အခြေအနေ ကြီးကြပ်ကွပ်ကဲရေး ဗဟိုဌာန (CCSA) ရဲ့ မတ်လ ၆ ရက်နေ့က ထုတ်ပြန်ချက်အရ COVID-19 ကူးစက်လူနာအသစ် ၂၅၀ ဦးရှိတယ်လို့ ဆိုပါတယ်။ ကူးစက်လူနာအများစုဟာ ဘန်ကောက်က ဖြစ်ပြီး Narathiwat နဲ့ Samut Prakan မှာလည်း ကူးစက်မှုတွေ တွေ့ရှိထားပါတယ်။

တာဝန်ရှိသူတွေ ကတော့ ဘန်ကောက်၊ Thong Lor ဧရိယာ၊ ချွန်ဘူရီမှာရှိတဲ့ “Krystal” ကလပ်နဲ့ ဆက်စပ်လူနာ ၁၈ ဦးမှာ ထိုင်း လူမျိုး ၁၄ ဦးနဲ့ ဂျပန်လူမျိုး ၄ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Nation Thailand

You may also like these stories:

ရုရှားမှာ တိရစ္ဆာန်အတွက် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး စာရင်းသွင်း

အိန္ဒိယမှာ ကိုဗစ် ကူးစက်မှု မြင့်တက်နေတဲ့ကြားက Holi ရောင်စုံပွဲတော် ကျင်းပ

တောင်ကိုရီးယားမှာ AstraZeneca ဆေးထိုးပြီး သေဆုံးမှုတွေ ရှိပေမယ့် သမ္မတ မွန်း ထိုးနှံခဲ့

Did you find apk for android? You can find new Free Android Games and apps.
Loading