ဖိလစ်ပိုင်နိုင်ငံမှာ COVID-19 စည်းကမ်း ချိုးဖောက်သူကို အပြစ်ပေးရာက သေဆုံးသွားခဲ့ပါတယ်။ စည်းကမ်း ချိုးဖောက်ခဲ့တဲ့ အမျိုးသားကို Squat လေ့ကျင့်ခန်း အကြိမ် ၃၀၀ လုပ်ခိုင်းခဲ့ပြီး နောက်ရက်မှာ သေဆုံးသွားခဲ့တာလို့ မိသားစုဝင်တွေက ပြောပြပါတယ်။
မြို့တော် မနီလာ အနောက်တောင်အရပ်က Cavite ခရိုင်မှာ နေထိုင်သူ Darren Manaog Penaredondo ဟာ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ ရေဝယ်ထွက်ရာက ရဲအရာရှိတွေက တားဆီးခဲ့တာပါ။ COVID-19 စည်းကမ်း ချိုးဖောက်မှုနဲ့ လေ့ကျင့်ခန်း လုပ်ခိုင်းရာမှာ လဲကျသွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်တနေ့မှာတော့ ရရှိထားတဲ့ ဒဏ်တွေနဲ့ အဆိုပါ အမျိုးသား သေဆုံးသွားပါတယ်။
COVID-19 ကူးစက် ပျံ့နှံ့မှုတွေကြောင့် လူဇွန်ကျွန်းရှိ Cavite ဒေသကလည်း တင်းကျပ်တဲ့ Lockdown ချမှတ်ထားတဲ့ထဲမှာ ပါဝင်နေတာပါ။ ရဲမှူး Marlo Solero ကတော့ ညမထွက်ရအမိန့် ချိုးဖောက်မှုတွေကို ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးတာမျိုး မရှိဘဲ၊ ရဲအရာရှိတွေဘက်က ပညာပေး ပြောဆိုတာမျိုးသာရှိတယ် ဆိုပါတယ်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ရဲမှူးဟာ ဒေသခံမီဒီယာနဲ့ တွေ့ဆုံစဉ်မှာ ရဲအရာရှိတွေဘက်က အတင်းအကျပ် အပြစ်ပေးတာမျိုးကို လက်ခံပေးမှာ မဟုတ်ကြောင်း ပြောဆိုသွားပါတယ်။
သေဆုံးသူ အမျိုးသားရဲ့ ဆွေမျိုးတဦးက သေဆုံးသွားကြောင်းကို ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့တာပါ။ မစ္စတာ Penaredondo နဲ့အတူ နောက်ထပ် စည်းကမ်း ချိုးဖောက်သူတွေကိုလည်း Squat လေ့ကျင့်ခန်း အကြိမ် ၁၀၀ လုပ်ခိုင်းခဲ့တာမျိုး ရှိတယ်လို့ ရေးသားထားပါတယ်။
စည်းကမ်း ချိုးဖောက်သူတွေဟာ အကြိမ်ရေ မပြည့်ခင် လဲကျသွားခဲ့ရင်လည်း အစကနေ ပြန်လုပ်ရပါတယ်။ ဒါကြောင့် အပြစ်ပေးခံရသူတွေဟာ အကြိမ် ၃၀၀ လောက် လုပ်ခဲ့ရတယ်လို့ ဆွေမျိုးတော်စပ်သူ Adrian Lucena က ဆိုပါတယ်။
မစ္စတာ Penaredondo ဟာ နောက်တနေ့ မနက် ၆ နာရီမှ ကိုယ်လက်နာကျင် ကိုက်ခဲတဲ့ ဒဏ်တွေနဲ့ အိမ်ပြန်ရောက်လာခဲ့တယ်လို့ အစ်ကိုဖြစ်သူက ပြောပြပါတယ်။ သူနဲ့အတူ နေသူကလည်း မစ္စတာ Penaredondo မသေခင် တချိန်လုံး လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်လို့ တွားသွားနေရကြောင်း၊ နောက်တနေ့မှာတော့ လဲကျပြီး အသက်ရှူ ရပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
မြို့တော်ဝန် Ony Ferrer ကတော့ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ရဲမှူးကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။ မြို့တော်ဝန်ဟာ သေဆုံးသွားသူ အမျိုးသားရဲ့ မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး အခုလို အပြစ်ပေးတာက နှိပ်စက်တာသာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလအစောပိုင်းတုန်းကလည်း လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်သူတွေက ဖိလစ်ပိုင်နိုင်ငံမှာ ဥပဒေချိုးဖောက်သူတွေဟာ နှိပ်စက် ညှင်းပန်းခံနေရတယ်လို့ သတိပေး ပြောဆိုထားပါတယ်။
အဆိုပါအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ရဲနဲ့ အာဏာပိုင်အဖွဲ့စည်းတွေဟာ ဥပဒေ ချိုးဖောက်သူတွေကို ခွေးလှောင်အိမ်တွေထဲ ထည့်ထားတာမျိုး၊ နေအပူရှိန် ပြင်းတဲ့အချိန်မှာ နေရောင်ထဲ ထိုင်ခိုင်းတာမျိုးတွေ လုပ်ကြတယ်လို့ ဖော်ပြထားပါတယ်။
သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ ရုပ်သံမိန့်ခွန်းမှာ နိုင်ငံသားတွေဟာ Lockdown စည်းမျဉ်းကို မချိုးဖောက်ဖို့ သတိပေး ပြောဆိုထားပါတယ်။ “စစ်တပ်နဲ့ ရဲတွေအပြင် ဒေသခံ တာဝန်ရှိသူတွေကိုပါ အမိန့်ပေးထားတယ်။ ပြဿနာ တစုံတရာ ဖြစ်လာခဲ့ရင်၊ အသက်အန္တရာယ်ရှိပြီ ဆိုတာနဲ့ အသေပစ်သတ်ဖို့ ပြောထားတယ်” လို့ သမ္မတက မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။
Ref: BBC
You may also like these stories:
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကိုဗစ် အစုလိုက် ကူးစက်မှုအသစ် တွေ့ရှိ
ရုရှားမှာ တိရစ္ဆာန်အတွက် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး စာရင်းသွင်း
အိန္ဒိယမှာ ကိုဗစ် ကူးစက်မှု မြင့်တက်နေတဲ့ကြားက Holi ရောင်စုံပွဲတော် ကျင်းပ