Coronavirus Update

တောင်ကိုရီးယားမှာ ဇန်နဝါရီနောက်ပိုင်း ကိုဗစ် နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်လာ

တောင်ကိုရီးယားနိုင်ငံမှာ ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ် နေ့စဉ် ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်လာပါတယ်။ နိုင်ငံတဝှမ်း ကူးစက်မှုအသစ်တွေကြောင့် ဗိုင်းရပ်စ် ကူးစက်မှုလှိုင်းအသစ်တွေ ထပ်မံ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေပါတယ်။

ကိုရီးယား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အေဂျင်စီ (KDCA) ရဲ့ ဧပြီလ ၇ ရက် ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း COVID-19 ကူးစက်လူနာသစ် ၆၆၈ ဦး ရှိခဲ့ပြီး၊ ဒီထဲက ၆၅၃ ဦးက ပြည်တွင်းကူးစက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်လူနာပေါင်း ၁၀၆,၈၉၈ ဦး ရှိပြီး၊ သေဆုံးသူကတော့ ၁,၇၅၆ ဦးရှိပါပြီ။

ယမန်နေ့ကလည်း ကူးစက်လူနာ ၄၇၈ ဦးထိ မြင့်တက်လာခဲ့တာကြောင့် ဒါဟာ ဇန်နဝါရီ ၈ ရက် ကူးစက်ခံရသူ ၆၇၄ ဦးနောက်ပိုင်း အမြင့်ဆုံး ပြန်လည် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ ယခင်အပတ် ဗုဒ္ဓဟူးနေ့ကစလို့ ကိုရီးယားမှာ COVID-19 နေ့စဉ်ကူးစက်နှုန်းဟာ ၅၀၀ ဝန်းကျင်ကို တရိပ်ရိပ် မြင့်တက်လာတာပါ။

တောင်ကိုရီးယားမှာ ရောဂါလက္ခဏာ မပြတဲ့ အစုလိုက် ကူးစက်မှုတွေကြောင့် ဖေဖော်ဝါရီလကတည်းက နေ့စဉ် ကူးစက်သူ ၃၀၀ ကျော် ရှိလာခဲ့ပါတယ်။ အစုလိုက် ကူးစက်မှုတွေထဲက ဘူဆန်မြို့က ဘားတခုကနေ ကူးစက်ခံရသူ ဦးရေဟာ ၃၀၂ ဦးရှိသွားပြီး နေ့စဉ် ၁၂ ဦးလောက် ထပ်မံ တွေ့ရှိနေပါတယ်။

နိုင်ငံတွင်းမှာ မျိုးဗီဇသစ် ကူးစက်မှုတွေကြောင့် ကိုရီးယားရဲ့ ကိုဗစ် ကူးစက်မှု အခြေအနေ ကာကွယ်ထိန်းချုပ်ရေးပိုင်းကို ပိုအားစိုက်နေရပါတယ်။ ဗြိတိန်၊ တောင်အာဖရိက၊ ဘရာဇီးနိုင်ငံတွေမှာ ကူးစက်နေတဲ့ မျိုးဗီဇကွဲ ကူးစက်မှုပေါင်း အောက်တိုဘာကစလို့ ၃၃၀ ကျော်လောက် တွေ့ရှိထားပါတယ်။

မြို့တော်ဆိုးလ်နဲ့ နိုင်ငံတောင်ပိုင်း ဘူဆန်မှာ ကျင်းပမယ့် မြို့တော်ဝန် ရွေးကောက်ပွဲမှာ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါသေးတယ်။ တနိုင်ငံလုံး လူဦးရေရဲ့ ထက်ဝက် နီးပါးလောက် နေထိုင်ကြတဲ့ ဆိုးလ်မြို့မှာ Social Distancing Level 2 အဆင့်သတ်မှတ်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ အစားအသောက်နဲ့ ဆေးဝါး ဘေးကင်းလုံခြုံရေးဌာနကနေ COVID-19 ကာကွယ်ဆေးတွေထဲက တကြိမ်တည်း ထိုးနှံရမယ့် “Johnson & Johnson’s Janssen” ဆေးကို တတိယမြောက် ကာကွယ်ဆေးအဖြစ် ခွင့်ပြုပေးလိုက်ပါပြီ။

တကြိမ်တည်း ထိုးနှံပေးဖို့လိုပြီး ထိရောက်မှု ၆၆ ရာခိုင်နှုန်းရှိတဲ့အပြင် အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူတိုင်း ထိုးနှံနိုင်မှာ ဖြစ်ပါတယ်။ Janssen ကနေ ထုတ်မယ့် ကာကွယ်ဆေး ၆ သန်းစာကို စာချုပ် ချုပ်ဆိုလိုက်ပြီလို့ ထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ COVID-19 ကာကွယ်ဆေးအတွက် AstraZeneca and Oxford နဲ့ Pfizer ဆေးတွေ ထိုးနှံပေးနေပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်မှာစတင်ခဲ့တဲ့ ကာကွယ်ဆေးထိုး အစီအစဉ်မှာ လူဦးရေ ၁ ဒသမ ၀၃ သန်းကျော်ကို ထိုးနှံပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

COVID-19 ကာကွယ်ဆေးကို တိုင်းပြည်အတွင်း အလုံအလောက် ရရှိရေးအတွက် လူဦးရေ ၅၂ သန်းစာကို ကာကွယ်ဆေး ၇၉ သန်း ပြင်ဆင်ထားပြီး၊ ဇွန်လကုန်ပိုင်းမှာ လူဦးရေ ၁၂ သန်းလောက်ကို ထိုးနှံပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရောဂါခုခံနိုင်စွမ်း ရနိုင်မယ့် ရာခိုင်နှုန်းကိုတော့ နိုဝင်ဘာမှာ ပြီးမြောက် အောင်မြင်ဖို့ လျာထားပါတယ်။

Ref: Korea Herald

You may also like these stories:

ဖိလစ်ပိုင်မှာ ကိုဗစ်စည်းကမ်း ဖောက်သူကို အပြစ်ပေးရာက သေဆုံးမှုဖြစ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကိုဗစ် အစုလိုက် ကူးစက်မှုအသစ် တွေ့ရှိ

ရုရှားမှာ တိရစ္ဆာန်အတွက် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး စာရင်းသွင်း

Loading