စင်ကာပူနိုင်ငံကို ပြောင်းရွှေ့လာရောက် လုပ်ကိုင်နေတဲ့ အဆောင်နေ အလုပ်သမားတဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ အိန္ဒိယနိုင်ငံသားဟာ COVID-19 ကာကွယ်ဆေး ထိုးထားပြီးသူ ဖြစ်ပေမယ့်လည်း တဦးချင်းစီမှာ ဗိုင်းရပ်စ် ကူးစက်နိုင်ချေရှိတယ်လို့ ကျန်းမာရေးဌာန (MOH) က သတိပေး ပြောဆိုလိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ် အဆိုပါ အမျိုးသားဟာ Seafront Support Company မှာ Lashing ကျွမ်းကျင်သူအဖြစ် အလုပ်လုပ်ကိုင်နေသူပါ။ Brani Terminal Avenue ရှိ အလုပ်သမားအဆောင်မှာနေထိုင်သူတယောက်လို့ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၇ ရက်မှာ အဆောင်နေထိုင်သူ ရွှေ့ပြောင်းလုပ်သားတွေကို အလှည့်ကျ ဆေးစစ်မှု ပြုလုပ်ခဲ့ပြီး နောက်တနေ့ COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း အဖြေထွက်လာချင်းချင်းပဲ တဦးတည်းသီးသန့် ပြောင်းရွှေ့ထားတယ်လို့ MOH ဆိုပါတယ်။ ဒါ့အပြင် သူဟာ ဗိုင်းရပ်စ် ကူးစက်နေကြောင်း သိသာစေမယ့် ရောဂါလက္ခဏာ မပြဘူးလို့ သိရပါတယ်။
တဦးချင်းစီ သီးသန့် ဆေးစစ်မှုပြုလုပ်ခဲ့ပြီး ပိုးတွေ့ရှိကြောင်း အဖြေထွက်ပြီးနောက် အဆိုပါ အမျိုးသားကို စင်ကာပူ National Centre for Infectious Diseases (NCID) သို့ လူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသားဟာ COVID-19 ကာကွယ်ဆေးကို ပထမတကြိမ် ဇန်နဝါရီ ၂၅ ရက်နဲ့ ဒုတိယတကြိမ် ဖေဖော်ဝါရီ ၁၇ ရက်က ထိုးနှံထားပြီး ဖြစ်ပါတယ်။
“သူဟာ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီးမှာ စမ်းသပ်မှုတွေအရ ကိုယ်တွင်း ပဋိပစ္စည်း ထွက်ရှိကြောင်း စစ်ဆေးတွေ့ရှိထားသလို၊ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ရောဂါလက္ခဏာ မပြဘူး” လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။
“ဒီဖြစ်စဉ်ဟာ COVID-19 ကာကွယ်ဆေး ထိုးထားပြီးသူ တယောက်ချင်းစီမှာလည်း ရောဂါကူးစက်နိုင်သေးတာကို သတိပေးလိုက်တာပါ။ ဒါပေမဲ့လည်း ကာကွယ်ဆေးတွေကတော့ အဓိက ရောဂါလက္ခဏာတွေကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်”လို့ MOH က ဆိုပါတယ်။
COVID-19 ကူးစက်ခံထားရတဲ့ အဆိုပါ အမျိုးသားဟာ မတ်လ ၂၄ ရက် အလှည့်ကျ ဆေးစစ်တုန်းကတော့ Negative အဖြေထွက်ရှိထားတာပါ။
“ဒါကြောင့် နိုင်ငံတွင်း ချမှတ်ထားတဲ့ COVID-19 စည်းကမ်းတွေကို မဖြေလျှော့ပေးသေးတာပါ။ ပြည်တွင်း ကူးစက်မှုတွေ လျော့ကျအောင် ကျန်းမာရေးစည်းမျဉ်းတွေ၊ ပုံမှန် ဆေးစစ်မှုတွေနဲ့ ခြေရာခံစနစ်တွေကို မပြတ်လုပ်ဆောင်နေတယ်”လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
စင်ကာပူနိုင်ငံဟာ ဗိုင်းရပ်စ် ထိန်းချုပ် ကာကွယ်ရေး နည်းလမ်းကောင်းတွေကြောင့် ပြည်တွင်းကူးစက်မှု လျော့နည်းတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး မူလအစကတည်းက ယခုအချိန်ထိ COVID-19 ကူးစက်လူနာပေါင်း ၆၀,၀၀၀ ကျော်ရှိပေမယ့် သေဆုံးသူကတော့ ၃၀ ဦးသာ ရှိပါတယ်။
Ref: CNA
You may also like these stories:
AstraZeneca ကို သွေးခဲမှုနဲ့ ဆက်နွယ်နေပေမယ့် အကြောင်းရင်းမှန် အတည်မပြုနိုင်သေး
တောင်ကိုရီးယားမှာ ဇန်နဝါရီနောက်ပိုင်း ကိုဗစ် နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်လာ
ဖိလစ်ပိုင်မှာ ကိုဗစ်စည်းကမ်း ဖောက်သူကို အပြစ်ပေးရာက သေဆုံးမှုဖြစ်