မြန်မာနိုင်ငံအတွင်းမှာ ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုဗစ်ရောဂါ တတိယလှိုင်းကြောင့် အသက်များစွာ ဆုံးရှုံးခဲ့ကြရသူများအနက် အနုပညာနယ်ပယ်ထဲကလည်း အများအပြား ပါဝင်နေပါတယ်။
တချို့လည်း ကိုဗစ်ရဲ့ဒဏ်ကို အလူးအလဲ ခံခဲ့ကြရပါတယ်။ အဲဒီအထဲမှာ “ကမာ္ဘ မကြေဘူး” သီချင်း ဖန်တီးသူ တေးရေး နိုင်မြန်မာလည်း အပါအဝင် ဖြစ်ပါတယ်။ သေဆုံးပြီလို့ ကောလဟလတွေ ထွက်ပေါ်ခဲ့တဲ့ တေးရေး နိုင်မြန်မာ ဟာ အခု အချိန်မှာတော့ ကိုဗစ်ကို တိုက်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
“ရက် ၂၀ ကျော်ကျော်လောက် ခံလိုက်ရတယ်။ ၁ ပတ်ဝန်းကျင်လောက်က အသည်းအသန် ဖြစ်လိုက်တယ်။ ထမင်းတွေ ဘာတွေ မစားနိုင်ဘူး။ အနံ့မရတော့ ဘာမှစားချင် သောက်ချင်စိတ် မရှိဘူး။ ထမင်းစားပွဲရှေ့ထိုင်လိုက်လို့ ထမင်း ၁ လုတ် ၂ လုတ်ထက် ပိုမစားနိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ရှင်မလား။ သေမလား မသိဘူး။ သတင်းတွေကလည်း ကြားနေရ တယ်။ ဆုံးပါးသွားတဲ့ လူတွေကလည်း အများကြီးပဲလေ။ သတိ အရမ်းထားနေရတာပေါ့။ ကံနည်းနည်း ကောင်းလို့ပဲ ဖြစ် ဖြစ် ကံကြီးလို့ပဲဖြစ်ဖြစ် မသေသေးဘူးပေါ့ အခုအချိန်အထိ” လို့ ပြောပါတယ်။
တေးရေး နိုင်မြန်မာ ကိုဗစ်ဖြစ်ကာစ အသက်လုနေရတဲ့ အခြေအနေမှာပဲ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ သူ ဆုံးပါး သွားပြီ ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပါသေးတယ်။
“ပြီးခဲ့တဲ့လက ဖြစ်တာ။ ကျနော်က အသည်းအသန် အသက်လုနေရတယ်လို့ပဲ ပြောမလား။ အဲဒီအချိန်မှာ သတင်းတွေက ဆုံးသွားပြီလို့ ထွက်လာတာ။ သတိထားမယ်ဆိုရင်တော့ စိတ်ချရပြီလို့ ပြောမလား။ ကျနော်တို့ အသက်အရွယ်မှာတော့ စိတ်ချရတယ်လို့ ပြောရတာ မပြောရဲပါဘူး။ နှလုံးသွေးကြော ကျဉ်းတာလည်း ရှိပြီး မောမောနေတော့ တချို့ပျောက်သွားပြီ ဆိုပြီးတော့ ရုတ်တရက် ဆုံးသွားတဲ့သူတွေ အများကြီးလေ။ သတိ အရမ်းထားနေရတဲ့ အချိန်ပေါ့” လို့ပြောပါတယ်။
အသက် ၆၄ နှစ် ရှိပြီဖြစ်တဲ့ တေးရေး နိုင်မြန်မာဟာ နှလုံးသွေးကြောကျဉ်း ရောဂါအခံလည်း ရှိတာကြောင့် အသက် ဘေးက လွတ်မြောက်ခဲ့ပေမယ့် ကျန်းမာရေးကို ဂရုစိုက်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
သူ ဖန်တီးခဲ့တဲ့ “ကမာ္ဘမကြေဘူး” သီချင်းဟာ ရှစ်လေးလုံး အရေးတော်ပုံက စလို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တက်ကြွ လှုပ်ရှားမှု ဖြစ်စဉ်များမှာ အရေးပါ ထင်ရှားခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က စစ်တပ် အာဏာသိမ်းတဲ့ အချိန်ကစလို့ လက်ရှိအချိန်ထိလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ အတူ “ကမာ္ဘမကြေဘူး” သီချင်းကို ဟစ်ကြွေးနေရဆဲ ဖြစ်ပါတယ်။
You may also like these stories:
သရုပ်ဆောင် ရဲတိုက်နှင့် ပိုင်တံခွန် အင်းစိန်ထောင်တွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိ
ဆရာကြီး “မောင်မိုးသူ” ကောင်းရာသုဂတိမှာ ငြိမ်းချမ်းပါစေ
မြန်မာ့ဆယ်လီဘရစ်တီများ သေဆုံးခြင်း