(၁)
မွန်းကြပ်ပိတ်လှောင်ခံနေရတဲ့ မြို့ပြလူသားတွေက လိမ္မော်ရောင်။ တွန်းထိုးယိမ်းယိုင် ရှေ့ဆက်သွားရမယ့် ခြေလှမ်းများနဲ့ နိစ္စဓူ၀ လုပ်ငန်းတွေထဲမှာ လူသား တာဝန်အရေးသုံးပါး ဖြစ်တဲ့ “စား ဝတ် နေ” ရေးတွေနဲ့ လုံးချာလည်၊ ချာလည်လုံး လို့..။
ဒီနေ့ ကမ္ဘာလုံးဆိုင်ရာ အီလက်ထရွန်နစ် ယဉ်ကျေးမှု စီးကြောင်းထဲမှာ သေချာ ရေရာမှု တွေက ဘာတွေလဲ၊ ရုပ်ဝတ္ထုတွေ လား (ဒါမှမဟုတ်) တဖျတ်ဖျတ်ပြောင်းလဲနေတဲ့ ပြောင်းလဲခြင်းလား (ဒါမှမဟုတ်) တခြား အရာတွေလား။
လောကနတ် ပန်းချီပြခန်းမှာ မတ် ၁၁ ကနေ ၁၃ ရက်နေ့အထိ ကျင်းပ ပြုလုပ်တဲ့ ပန်းချီဆရာ အောင်ကြည်စိုးရဲ့ အီလက်ထရွန်နစ်မြို့ပြ (Electronic City) တကိုယ်တော် ပန်းချီပြပွဲကို ခံစားရင်း အတွေးစဉ်တွေ ဆင့်လို့ .. ဆင့်လို့..ပါပဲ။
(၂)
ပန်းချီကားတွေရဲ့ နောက်ခံမှာ ဆားကစ်ပြားပုံတွေ ထည့်သွင်းရေးဆွဲထားနဲ့ ပတ်သက်ပြီး ပန်းချီဆရာကို မေးတော့ ပန်းချီဆရာက “ယနေ့ခေတ် လူသားတိုင်း အီလက်ထရွန်နစ် အသုံးအဆောင်တွေနဲ့ ကင်းလို့မှ မရနိုင်တာပဲ။ ပဲပြုတ်ရောင်းသူက အစ ဖရဲသီးစိတ် ရောင်းသူအဆုံးပေါ့။ ကိုယ်တိုင် မသုံးနိုင်ရင်တောင် သုံးနေတဲ့ ဝန်းကျင်နဲ့ ဆက်စပ်နေတာပဲ မဟုတ်လား” တဲ့။
တင်ပြထားတဲ့ ပန်းချီကားတွေထဲမှာ ဘာသာရေး အဆောက်အဦးပုံတွေလည်း ပါဝင်နေပြီး လူအများတွေ့နေကျ မြင်နေကျ မြင်ကွင်းတွေလည်း ပါနေတာနဲ့ ပတ်သက်ပြီး ကျနော်က “မြန်မာ့ ပန်းချီကားတွေမှာ တွေ့ရခဲတဲ့ မြင်ကွင်း၊ ရှုခင်းတွေ ပါနေတယ်ဗျ။ ဥပမာ ဗုဒ္ဓဘာသာ စေတီပုံတွေပါသလို ခရစ်ယာန် ဘုရားကျောင်းနဲ့ ဗလီတွေလည်း ထည့်သွင်းရေးဆွဲထားတာ တွေ့ရတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောချင်တာ ရှိလား”လို့ ထပ်မေးတော့
သူက “အထွေအထူး ပြောစရာမရှိပါဘူး။ နေ့စဉ်ရှင်သန်နေထိုင်ရမှုနဲ့ ယုံကြည်မျှော်လင့်မှုက ဆားကစ်ပြားတခုလိုပဲ ချိတ်ဆက်နေတာပါ။ ကျနော့် အနေနဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ ထားပါတယ်။ အယူသန် အစွဲကြီးမှု မရှိပါဘူး။ ပန်းချီကား ထဲမှာတော့ အရောင်တွေ၊ လိုင်းတွေ၊ စိတ်ကူးခံစားမှုတွေ ပေါင်းစပ်တင်ပြဖို့ စိတ်ထက်သန်ပါတယ်” တဲ့။
အောင်ကြည်စိုးရဲ့ ပန်းချီကားတွေကို ဆာရီယယ်ပန်းချီကားတွေလို့ ဆိုရမှာပါ။ အရောင်တွေနဲ့ စိတ်ခံစားမှု တခုခုကို နှိုးဆွ ပေးနေသလို ထပ်ဆင့် ခံစားရစေတဲ့ စိုးထိတ်မှုနဲ့ ဝေခွဲမရမှုတွေလည်း ပါဝင်အောင် တင်ပြထားတယ်။ သူ့ပန်းချီကားထဲက လိမ္မော်ရောင် လူသားတွေက ဘာကို ညွှန်းချင်တာလဲ။ လိမ္မော်ရောင်ရဲ့ သဘောကို လူပုံနဲ့ ထင်ဟပ် ပြတာလား။
“ဒီ စီးရီးဖန်တီးတုန်းက ကျနော့် စိတ်မှာ လိမ္မော်ရောင်ကို တော်တော် နှစ်သက်နေမိတယ်။ စွဲလမ်းတယ် ပြောရမလားပဲ။ ဒါနဲ့ ပန်းချီကားတွေ ရေးဆွဲ ဖန်တီးတော့ လိမ္မော်ရောင်ကို ထည့်သွင်းရေးဆွဲမိတာပါ။ ရုန်းကန်လှုပ်ရှားမှုတွေ၊ မရေရာမှုတွေ ကို ဖော်ညွှန်းမယ် ဆိုပြီး ရည်ရွယ်တာတော့ မဟုတ်ပါဘူး”လို့ သူကပြောတယ်။
အောင်ကြည်စိုးကို ၁၉၇၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့၊ လယ်ကိုင်းကျေးရွာ၊ မကွေးမြို့နယ်မှာ မွေးဖွားပါတယ်။ သူဟာ D. အောင်သိန်း၊ အောင်သင်းဦး တို့ ဆိမှာ အခြေခံ သီအိုရီနဲ့ နည်းစနစ်ပိုင်းကို လေ့လာသင်ယူခဲ့ပါတယ်။ အနုပညာ နယ်ပယ်မှာ အနုပညာသမားအဖြစ် ၂၀၀၉ ခုနှစ်မှာ စတင် ခံယူခဲ့ပါတယ်။ ၂၀၀၉ မတိုင်ခင်ကာ တွေတုန်းက Realism အခြေပြု Still Life ပန်းချီကား၊ အရောင်ဖွဲ့စည်းမှု ပန်းချီကား၊ Portrati နဲ့ Figure များ ပါဝင်တဲ့ ပန်းချီကားပေါင်း များစွာ ရေးဆွဲခဲ့ပါတယ်။ ပြီတော့ အုပ်စု ပြပွဲ ၂၀ လောက်မှာလည်း ပါဝင်ပြသခဲ့ပါတယ်။
အရင် သူ့ ပန်းချီ အတော်များများမှာ ကျေးလက်တောတောင် သဘာ၀ ရှုခင်းတွေ တွေ့ရတယ်။ ဒီပွဲမှာတော့ မြို့ပြရှုခင်းတွေ ချည့်။ ပြီးတော့ အရောင်သုံးစွဲမှုက စိုးရွံ့ စိုးထိတ် ခံစားရစေတာလည်း တွေ့ရတယ်။
“ကျနော်က ကျေးလက်မှာမွေးတဲ့ တောသား။ ရန်ကုန်ကိုရောက်လာတယ်။ စရောက်ကတည်းက ရင်သပ်ရှုမောနဲ့ အံ့သြရတဲ့ ရန်ကုန်ဟာ အခုလည်း လတ်ဆတ်တဲ့ ရင်ခုန်စရာတွေ ပေးနေတုန်းပါပဲ။ ကျနော့်အတွက် မြင်နေကျ မြင်ကွင်း ပေမယ့် ဘယ်တော့မှ ရိုးအီသွားတယ် မရှိသေးဘူး။ လူတွေ၊ အမူအယာတွေ၊ စကားတွေ၊ မျှော်လင့်တာတွေ၊ ပြီးတော့ ကျင်လည်နေရတာတွေပေါ့။ ပြောရရင် Shock ဖြစ်နေတုန်းပဲ ဆိုပါတော့။ ဒါပေမယ့် အဲဒီမြင်ကွင်း သက်သက်ကို ရေးဆွဲ တင်ပြတာ မဟုတ်ဘဲ မြင်နေကျ မြင်ကွင်းအပေါ် ကျနော် ခံစားရတဲ့အတိုင်း ခံစားမှုကို ပုံဖော်တင်ပြတာပါ။ ပြောရရင် တောသားက မြို့ရှုခင်းကိုရေး၊ မြို့သားက တောရှုခင်းတွေရေးတာပါပဲ”
အနုပညာအပေါ် ထားတဲ့ ခံယူချက်ကို ထပ်မေးတော့ …
“အလှတရားကနေ အမှန်တရားကို ရှာဖို့ပါ။ တနည်းအားဖြင့် အမှန်တရားကို အနုပညာကတဆင့် ရှာဖွေ တင်ပြဖို့ လို့ ကျနော် ခံယူပါတယ်။ ယုံကြည်ပါတယ်”တဲ့။
အောင်ကြည်စိုးရဲ့ တကိုယ်တော် ပြပွဲဟာ ခေတ်ပြိုင်ရန်ကုန်ကို ထင်ဟပ်တင်ပြတာ ဖြစ်သလို၊ ခေတ်ပြိုင်လူသားတွေရဲ့ ခံစားမှု အတွေးစိတ်ကူးနဲ့ လိုလားမျှော်လင့်ရာတွေကို ပုံဖော်တင်ပြတဲ့ ပြပွဲဟု…။ ။