Culture

ရန်ကုန်မြို့ရောက် မြို့မဂီတသင်္ကြန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ ဂန္တဝင် တေးဂီတ လောကမှာ အစဉ်အလာ ကြီးမားနာမည်ကျော်ကြားတဲ့ မန္တလေးမြို့မတေးဂီတအဖွဲ့ကြီး ရဲ့ “အတာတေးနဲ့ မြို့မသင်္ကြန်”  ဂီတဖြေဖျော်ပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်မှာရှိတဲ့  အမျိုးသားကဇာတ်ရုံမှာ ဧပြီလ ၆ ရက်နေ့က ကျင်းပ ခဲ့ပါတယ်။

ခေတ်ပေါ်တေးဂီတဖျော်ဖြေပွဲတွေလို ပရိသတ် ထောင်သောင်းချီ မတွေ့ရဘဲ ပရိသတ် ၁၅၀ ကျော်လောက်သာ ရှိတာမို့ ရန်ကုန်ပရိသတ်ရဲ့ တုံ့ပြန်မှုက အားရစရာမကောင်းဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့် လာရောက်အားပေးကြတဲ့ ပရိသတ်က အူလှိုက်သည်းလှိုက် အားပေးကြတာကို တွေ့ရပါတယ်။

ဖျော်ဖြေပွဲ သတင်းလာယူတဲ့ သတင်းသမား ၄ ဦး၊ ၅ ဦးသာရှိပြီး ခေတ်ပေါ်တေးဂီပွဲတွေတိုင်း တက်ရောက် အားပေးလေ့ရှိတဲ့ ရုပ်ရှင်၊ ဗီဒီယို သရုပ်ဆောင် အနုပညာရှင်တဦးတလေမှ မတွေ့ရပါဘူး။

ပရိသတ်အများစုက  အသက် ၄၀ ဝန်းကျင်တွေအများဆုံးဖြစ်ပြီး ဖျော်ဖြေပွဲမစတင်ခင် ညနေ ၆နာရီ ကျော်ကတည်းကနေ ပွဲပြီးတဲ့ ည ၁၂နာရီကျော်တဲ့ အထိ ဇွဲရှိရှိ အားပေးခဲ့ကြတာကို တွေ့ရတယ်။

ပရိသတ်တွေက မြို့မတေးဂီအဖွဲ့ကိုလည်း ချစ်၊ အတာသီချင်းတွေကိုလည်းမြတ်နိုးပြီး၊ ဖျော်ဖြေကြတဲ့တေးသံရှင် တွေကိုလည်း နှစ်သက်ကြသူတွေမို့ ဒီလောက်ဇွဲရှိရှိ အားပေးခဲ့ကြတာဆိုရင် မမှားနိုင်ပါဘူး။

မြို့မအဖွဲ့ရဲ့ဖျော်ဖြေမှုနဲ့အတူ  ပရိသတ်တွေက ပျော်ပျော်ပါးပါး သီချင်းတွေ လိုက်ဆို ကခုန်ကြတာမို့ သင်္ကြန်ရဲ့ အရိပ်အငွေ့တွေက အမျိုးသားကဇာတ်ရုံရဲ့ မြက်ခင်းပြင်မှာ ပျံ့လွင့်ခဲ့တဲ့ ညတညဆိုရမှာပါ။ ဒီပွဲက မြို့မတေးဂီတအဖွဲ့ ရန်ကုန်မှာ ဒုတိယအကြိမ်ဖျော်ဖြေတဲ့ ပွဲလည်းဖြစ်ပါတယ်။

အောင်မြင်လှတဲ့  ဂန္တဝင်သင်္ကြန်တေးသီချင်းတွေ ရေးသားသီကုံးဖွဲ့ဆိုခဲ့တဲ့ မန္တလေးမြို့မဂီတအဖွဲ့နဲ့ သင်္ကြန်ဆိုတာ ခွဲခြားမရသလို သင်္ကြန်ရဲ့  ပြယုဂ်ဖြစ်တဲ့ မြို့မဂီတဝိုင်းတော်သားတွေက ည ၇နာရီ ၄၅ မိနစ်မှာ  သင်္ကြန်မိုးရုပ်ရှင် တေးသီချင်းတွေနဲ့  ပွဲကိုစတင် သက်ဝင်လှုပ်ရှားစေခဲ့တယ်။

ခမ်းနားလှတဲ့ အမျိုးသားကဇာတ်ရုံ စင်မြင့်ထက်မှာ မန္တလေးမြို့ရဲ့သင်္ကေတ မန္တလေးကျုံး၊ မြို့ရိုး နောက်ခံပန်းချီကားကြီး နဲ့အတူ  မြို့မဂီတအဖွဲ့ကြီး ရဲ့အမှတ်တံဆိပ်က ထည်ဝါလွန်းလှတယ်။

မြန်မာသံ တေးသံရှင် တွေဖြစ်ကြတဲ့ တက္ကသိုလ်မင်းနောင်၊ ကိုသိန်းဝင်း၊ သန်းမြတ်စိုး၊ ရန်ပိုင်စိုး၊ မန ္တလေးသိန်းဇော်၊ ဖိုးသောကြာ၊ ဇေယျာပြည့်ဖြိုး၊ ချစ်ကောင်း၊ စည်သူလွင်၊ ဘိုဘို၊ ထား၊ တင်တင်မြ၊ ရီရီသန့်၊ ညွန့်ညွန့်သိန်း၊ စိုးစန္ဒာထွန်း၊ အိအိချွန်၊ ပန်းအိဖြူ၊ ရတနာဦး တို့ကလည်း အားပါးတရ ဖျော်ဖြေကြတဲ့အပြင် မြိုမရဲ့ပင်တိုင်တေးသံရှင် ကိုဇော်မျိုးထက် ကလည်းမြို့မငြိမ်းရေးတဲ့ တကြိုက်တည်းကြိုက် သီချင်းကို သီဆိုခဲ့ကြတယ်။

တေးသံရှင် ၂၂ဦးက သီချင်း အပုဒ် ၄၀ ကျော်ကို ဖျော်ဖြေသီဆိုနေချိန်မှာ  စင်အောက်က ပရိသတ်တွေက မမောနိုင် မပန်းနိုင် တေးသီချင်းတွေကို  အားနဲ့မာန်နဲ့လိုက်ဆိုနေကြတာမို့ စင်ပေါ်နဲ့ စင်အောက် အပေးအယူမျှမျှတတ ကြည်နူးစရာ ကောင်းလှပါတယ်။

“ဒီလို သီချင်းဆိုတာ နားထောင်ရခဲတယ်။စင်တင်ပွဲတွေမှာ ဒီလိုသီချင်းတွေ ဆိုတဲ့ သူတွေမရှိတော့ဘူး။ဒါကြောင့်လာအားပေးတာပေါ့” လို့ ဖျော်ဖြေပွဲကိုလာရောက်အားပေးတဲ့  အသက် ၆၀ကျော် အမျိုးသမီးကြီး တစ်ဦးက  ဆိုတယ်။

မြို့မသင်္ကြန်ဂီတ ဖျော်ဖြေပွဲမှာ အင်အားနည်းပါးလှတဲ့ ပရိသတ်တွေရဲ့အားပေးမှုအပေါ် ကျေးဇူးတင်တယ်လို့ တေးသံရှင်တွေက ဆိုပေမယ့် ပိုပြီးတော့ အားပေးမှုတွေ၊ ထောက်ခံမှုတွေ၊ ကြိုဆိုမှုတွေ လိုတယ်လို့ ဆိုပါတယ်။

ဂီတဖျော်ဖြေပွဲမှာ ပါဝင်သီဆိုခဲ့တဲ့ နာမည်ကျော် ဇာတ်မင်းသားကြီး မန္တလေးသိန်းဇော်က “မြို့မနဲ့ အတိအကျ ပွဲ ဆိုတာတော့ ဒါပထမဆုံးဘဲ။ မြို့မနဲ့ မန္တလေးမှာ အလှုပွဲတွေ ဘာတွေမှာကြုံ လို့ ခရီးသွားဟန်လွဲ တက်ဆိုတာ အကြိမ်ပေါင်းများစွာပေါ့။ မြို့မက မြတ်နိုးစရာ ကောင်းတဲ့အစဉ်အလာ ရှိတယ်။ ရန်ကုန်ကိုလည်း ကြိုးစား အားထုတ် ပြီးတော့ သူတို့လာကြတယ်။ အဆိုတော်တယောက်၊ သဘင်အနုပညာရှင်တယောက် အနေနဲ့ရော ၊ မြို့ခံအနေနဲ့ကော ၊ မန္တလေးသိန်းဇော် ဆိုပေမဲ့ ရန်ကုန်မှာနေတော့ မြို့မကို ကြို ဆိုရမယ်”လို့ ဧရာဝတီကို ပြောတယ်။

မြို့မဂီတဖျော်ဖြေပွဲမှာ ထူးထူးခြားခြားအနေနဲ့  ခေတ်ပေါ်တေးသံရှင်တဦးဖြစ်ပေမယ့် မြန်မာသံ သီချင်းနှစ်ပုဒ်ကို ပိုင်ပိုင်နိုင်နိုင ်သီဆိုသွားသူကတော့ အဆိုတော်ကြီးချစ်ကောင်းပါပဲ။

အဆိုတော်ချစ်ကောင်းက မြို့မကို လေးစားလွန်းလို့ သူ မြန်မာသံသီချင်းတွေကို ကြိုးစားသီဆိုခဲ့တာဖြစ်လို့လည်း ဆိုပါတယ်။

“ဆိုရမှာက မြို့မဂီတဖျော်ဖြေပွဲ ၊ မြို့မသီချင်းတွေ လည်းဖြစ်နေတယ်။ တလေးတစားနဲ့ ဆိုချင်တဲ့ စိတ်နဲ့ဆိုတာပါ။  သင်္ကြန်လည်း နီးလာပြီဆိုတော့ သင်္ကြန်သီချင်းလေးပေါ့။ ဒါကလည်း ကိုယ် လွန်ခဲ့တဲ့ ၁၅နှစ်လောက်က မြို့မနဲ့ပဲ ဆိုဖူး ခဲ့တဲ့ သီချင်းလေးပေါ့။ အဲဒါကိုလည်းပြန်ဆိုဖြစ်တာပေါ့ ” လို့ အဆိုတော်ချစ်ကောင်းက သူ့ခံစားချက် ကို ဧရာဝတီကို ပြောတယ်။

မြို့မဂီတအဖွဲ့ကြီးရဲ့ မန်နေဂျာ ဦးဇော်ဝင်းသန်းက  ရန်ကုန်ပရိသတ်တွေအနေနဲ့ မြန်မာ့ရိုးရာယာဉ်ကျေးမှုကို စောင့်ရှောက်ပေးဖို့၊ မြန်မာ့ရိုးရာတေးဂီတတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းနေတဲ့ မြို့မဂီတအဖွဲ့ကြီးကိုလည်း အားပေးဖို့ တောင်းဆိုပါတယ်။

“မြို့မချစ်တဲ့ ရန်ကုန်ပရိတ်သတ်တွေနဲ့ ကွဲကွာနေတာ ကြာနေပြီ။ ရန်ကုန် ပရိတ်သတ်တွေကို ဖျော်ဖြေဖို့လာတာပါ။  ရန်ကုန်ပရိတ်သတ်အနေနဲ့ မြို့မဂီတအဖွဲ့ကို အားပေးသလို မြန်မာ့ရိုးရာယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ပန်ကြားချင်ပါတယ်။ ဘာလို့လဲဆို ကိုယ့်ရိုးရာအမွေအနှစ်ဆိုတာ မတိမ်ကော၊ မပပျောက် ကောင်းပါဘူး။ မြို့မ အနေနဲ့ မြန်မာ့ဂီတကို ထိန်းသိမ်းလာတာ နှစ်ပေါင်း ၈၀ ကျော်ပါပြီ ။ မြို့မအနေနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆက်ပြီးထိန်းသိမ်း စောင့်ရှောက်သွားမှာပါ လို့ပြောချင်ပါတယ်”လို့ ဦးဇော်ဝင်းသန်းက ဆိုပါတယ်။

မြို့မတေး တူရိယာအသင်းကို ၁၉၂၅ ခုနှစ်မှာ ဂီတပညာရှင် ဦးကျော်ငြိမ်းက တည်ထောင်ခဲ့တာဖြစ်ပြီး သူရဲ့ပြောင် မြောက်လှတဲ့ မြန်မာသံ တေးသီချင်းပေါင်းမြောက်မြားစွာကြောင့် နိုင်ငံတော်က အလင်္ကာကျော်စွာဘွဲ့ကို ချီးမြှင့်ခဲ့ပြီး အလင်္ကာကျော်စွာ မြို့မငြိမ်းရယ်လို့ မြန်မာ့ဂီတလောကမှာ မှတ်တိုင်ထူနိုင်ခဲ့ပါတယ်။

၁၉၀၉ ခုနှစ်မှာ  မွေးဖွားခဲ့တဲ့ ဦးကျော်ငြိမ်းဟာ ၁၉၅၅ ခုနှစ်မှာ ကားတိုက်မှုနဲ့ ကွယ်လွန်ခဲ့ပြီး သူ သက်တမ်းအတွင်းမှာ သီချင်းပေါင်း ၂၀၀ နီးပါး ရေးစပ်ခဲ့ပါတယ်။

အလင်္ကာကျော်စွာ မြို့မငြိမ်း ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၆၀ နီးပါး ရှိလာပြီဖြစ်ပေမယ့် အေဝမ်းဆရာညှာ၊ မန္တလေး ဦးဘသိန်းတို့နဲ့အတူ သူရေးစပ်ခဲ့တဲ့ သီချင်းတွေအနက်  “ချိုပြုံးရွှင်သော နှမပျိုရယ်..တကိုယ်လုံးပင်ချော အလှပိုတယ်…..မြို့မနဲ့ တမိတည်း ဖွားလို့ ဆိုတော့မယ်ကွယ်” လို့ အစချီထားတဲ့ “မန်းတောင်ရိပ်ခို” သီချင်း အပါအဝင် မြန်မာ့ရိုးရာသင်္ကြန် တေးသီချင်းတွေက ယနေ့ခေတ်အချိန်အထိ ကျော်ကြား နေဆဲဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading