Culture

သံချပ် ညီညီ လင်းပွင့်ပြီလား သင်္ကြန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

Bo Bo Entertainment က ကျင်းပပြုလုပ်သော လူထုပဲ့တင်သံ သံချပ်ပြိုင်ပွဲတွင် “အကယ်ဒမီ ယဉ်ကျေးမောင် အဖွဲ့”က ပထမ ရရှိခဲ့ပြီး၊ ဒုတိယဆုကို “ကျနုပ်တို့သည် စွယ်စုံအင်အားစု”၊ တတိယဆုကို “အပြာရဲ့အနီ အဖွဲ့”တို့က လည်းကောင်း၊ လူရွှင်တော် မေတ္တာ၏ “ပြည်တော်ချစ်အဖွဲ့”က နှစ်သိမ့်ဆုရရှိခဲ့ကြောင်း သိရသည်။

ယင်း လူထုပဲ့တင်သံ သံချပ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဧပြီ ၇ ညနေ ၆နာရီတွင် ရန်ကုန်တိုင်း၊ တာမွေ၊ အရှေ့မြင်းပြိုင်ကွင်း ရွှေထွဋ်တင် ကွင်း၌ ကျင်းပခဲ့ရာ နောက်ဆုံး ၄ ဖွဲ့ယှဉ်ပြိုင်ခဲ့ကြောင်း၊ သံချပ်ပြိုင်ပွဲတွင် အဖွဲ့ ၁၆ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ဲကြောင်း၊ ဒိုင်လူကြီးများအဖြစ် စာရေးဆရာ မောင်စိမ်းနီ၊ စာရေးဆရာ သစ္စာနီ၊ ဦးဟိန်းလတ် (ပေါ်ပြူလာဂျာနယ်) ၊ ဇာတ်မင်းသား မိုးမင်း၊ သံချပ်သမား ဦးအောင်မြင့် (သာဓုပါဗျာ သံချပ်အဖွဲ့)၊ စာရေးဆရာကျော်ဇောမင်း (ကိုကြည်မင်း) တို့က နောက်ဆုံး ၄ သင်းကို ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဆရာသစ္စာနီထံမှ သိရသည်။

ဆရာသစ္စာနီက “မြန်မာပြည်မှာ ၁၉၇၃ လောက်က နောက်ဆုံးပဲ သံချပ်သံကို ကြားခဲ့ရတယ်။ ကင်းကွာနေတာ ကြာပြီဆို တော့ သံချပ်ဆိုတာ ခုခေတ် လူငယ်တွေက ဘာမှန်းမသိကြတော့ဘူး။ သံချပ် အရသာ ဆိုတာ လောကကြီး အမြီး အမောက် မတည့်တာကို အပြုသဘောနဲ့ ဝေဖန်၊ သရော်တာပေါ့။ ပြုပြင်သင့်တာ ပြူပြင်၊ ထိန်းသိမ်းသင့်တာ ထိန်းသိမ်း နိုင်ဖို့ သံချပ်တွေ ဆိုကြတဲ့ သဘောပါ။ အခု အစိုးရရဲ့ ပေါ်လစီလည်း ပါမယ်။ သံချပ် စိစစ်ရေး တင်ကြရပေမယ့် အပြု သဘော ဝေဖန်တာတွေကို တော်တော်လေး ခွင့်ပြုပါတယ်” ဟုပြောသည်။

ဗိုလ်လုလွဲတွင် အသင်းလေးသင်း ယှဉ်ပြိုင်ခဲ့ရာ ဒိုင်လူကြီးများအဖြစ် စာရေးဆရာ သစ္စာနီ၊ ဦးမြတ်ခိုင်(လျှပ်တစ်ပြက်)၊ ဦးဟိန်းလတ် (ပေါ်ပြုလာ)၊ ဦးဝင်းငြိမ်း (အလင်းတန်း)၊ ဇာတ်မင်းသားမိုးမင်း၊ မိုးဝင်း၊ အကယ်ဒမီ ဇင်ဝိုင်း၊  ဦးတင်ဦးလေး၊ ဦးအောင်မြင့် (သာဓုပါဗျာသံချပ်) တို့က ရွေးချယ်ပေးခဲ့ကြသည်ကိုတွေ့ရသည်။

ဒိုင်အဖြစ် တာဝန်ယူခဲ့သည့်ဇာတ်မင်းသား မိုးဝင်းက “ဒိုင်လုပ်ရမယ်ဆိုတာကြို မသိခဲ့ဘူး။ ဦးမိုးတို့ ငယ်ငယ်တုန်းက သင်္ကြန်တွေ မီခဲ့တယ်။ သံချပ်နဲ့ သင်္ကြန် ဆိုတာ ခွဲမရပါဘူး။ ခုလို ပြန်ပြီးတော့ သင်္ကြန်တံခါးကြီးကို တွန်းဖွင့်ခွင့်ရလို့ ကျေနပ်တယ်။ ပျော်စရာ ကောင်းပြီး ရင်ခုန်ပါတယ်။ နောင်လာနောင်သားတွေ အတွက်ကလည်း ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းဖို့ သိသွားမယ်။ ကလေးတွေ အတွက် အဆန်းကြီးပေါ့လေ။ ဒါပေမယ့် ခုလို ဖွင့်ပေးတာ နည်းနည်း လိုပါသေး တယ်။ စိတ်တိုင်း သိပ်မကျ သေးဘူး။ သံချပ်တွေမှာ သဘင်နဲ့ ပတ်သတ်ပြီး ပြက်သွားတာ ရှိပေမယ့် သဘင်သည် တယောက် အနေနဲ့ ဘာမှ မဖြစ်ပါဘူး။ ကောင်းစေချင်လို့ ပြောတာပဲ။ ကောင်းပါတယ်။ ဦးမိုးဝင်းက ငယ်ငယ် ကတည်းက သံချပ်မှာ အဆော်ခံရဆုံး ပါဘဲ။ သင်္ကြန်တွေမှာ ဦးမိုးကို ဆော်တာ ရေရေလည်လည်ပဲ။ အဲဒီထဲက ခံစားခဲ့ရ တာပါ။ အသစ် အသစ် ဖြစ်လာတော့လည်း ခံစား ရတာပါဘဲ။ ဒါကတော့ ပြောရမှာပါ။ အဲလိုတင်ပြမှ ပြင်ရတာလေ။ တင်ပြမှုကို လက်ခံ ရမှာပါ။ အမှတ် ပေးတာက ၆ မျိုးရှိတယ်။ ဝတ်စားဆင်ယင်မှု၊ သံချပ်၊ စည်းကမ်းလိုက်နာတာ တို့ စသဖြင့် ပေးရတယ်။ အမှတ် ၆၀ ထိပေးလို့ရတယ်။ ပြိုင်ပွဲဝင်ချိန် ၁ နာရီကြာ ပြိုင်ရတာပေါ့” ဟုရှင်းပြသည်။

၎င်း လူထုပဲ့တင်သံ သံချပ်ပြိုင်ပွဲ ၏ ပြိုင်ပွဲဝင်အဖွဲ့များ၏ ယှဉ်ပြိုင်မှုများကို Bo Bo Entertainment မှ စီစဉ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး Sky Net ၊ MNTV ၊ ရွှေ FM တို့မှလည်း တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့သည်။

Bo Bo Entertainment မှ ကိုဘိုဆန်းက “မနှစ်ကတည်းက ဒီလိုသံချပ်ပွဲ လုပ်ဖို့ စီစဉ်ထား ပေမယ့် မလုပ်ဖြစ်ခဲ့ ဘူး။ အဲဒါနဲ့ ၁၉ လမ်း မဏ္ဍပ်မှာ Sky Net နဲ့ပေါင်းပြီး သာဓုပါဗျာ ဆိုတဲ့ အဖွဲ့နဲ့ မဏ္ဍပ် လုပ်ဖြစ်ခဲ့တယ်။ နောက် ဒီနှစ်ကျ တော့လည်း သင်္ကြန် မတိုင်ခင် လုပ်မယ် ဆိုပြီး ကျနော်နဲ့ ကိုမီးပွားတို့၊ ကိုမေတ္တာတို့၊ ကိုကုသိုလ်၊ ကိုဗေလုဝတို့ စုပြီး လုပ်ဖြစ်ခဲ့တာပါ။ ငယ်ငယ်ကတည်းက သံချပ်ဆိုတာ လူကြီးတွေအပြောပဲ ရှိခဲ့တာ မမီခဲ့ဘူး။ အဓိကကတော့ သင်္ကြန် ဆိုလည်း ပျော်ဖို့ ပါးဖို့ ပါပဲ။ ဒီမှာ မြန်မာသင်္ကြန် အငွေ့အသက်လေး ပါအောင် လုပ်ဖြစ်ခဲ့တာပါ။ နောက်နှစ်တွေမှာ  အလှပြ ကားလုပ်ဖို့ စီစဉ်ထား ပါတယ်။ နောက်နှစ်မှာတော့ လုပ်ဖြစ်မယ်။ နာမည်တော့ မရွေးရသေးဘူး။ လုပ်မယ့်သူ ရှိရင်တော့ မလုပ်ဘူး။ လုပ်မယ့်သူ မရှိရင်တော့ ဦးဆောင်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အလှပြ ယာဉ်မှာလည်း အင်္ကျီ ဆင်တူဝတ်ပြီး ရေပက်တဲ့ ယာဉ်လုပ်ဖို့ လည်း စီစဉ်ထားပါတယ်။ ပါဝင် ပံ့ပိုး ပေးတဲ့ လူတွေကို ကျေးဇူး တင်ပါတယ်။ ခွင့်ပြုပေးတဲ့ တိုင်းဒေသကြီး အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။  ပြည်တော်ချစ်၊ ကျနုပ်တို့သည် စွမ်းအားစု၊ အပြာရဲ့အနီ၊ အကယ်ဒမီယဉ်ကျေးမောင် တို့ ပြိုင်ပါတယ်” ဟု ပြောသည်။

ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ အပြင် အနုပညာရှင် များစွာလည်း လာရောက် လေ့လာကြပြီး၊ ကျန်းမာရေး ကောင်းခါစ ဟာသ သရုပ်ဆောင်ကုသိုလ်က “ဒီလို စည်စည်ကားကား ဖြစ်အောင် အကုန်ဝိုင်းလုပ်တဲ့ အထဲမှာ အရင်က လူဟောင်းအနေနဲ့သာ ပါဝင်ဖြစ်ခဲ့ တယ်။ ကျန်းမာရေးကြောင့် ပြိုင်ပွဲ မဝင်ဖြစ်ခဲ့တာပါ။ ခုလို ဖြစ်ခဲ့တာကို အရမ်း ဝမ်းသာပါတယ်။ ကျနော်တို့ ၂၅ နှစ် လုံးလုံး ပျောက်ကွယ်ခဲ့ရတဲ့ သင်္ကြန် သံချပ်တွေ ပြန်ပေါ်လာဖို့က တော်တော်လေး ကြိုးစားခဲ့ရတာပေါ့။ အရင်ဆုံး သံချပ်တိုင်တာ ခွင့်ပြုဖို့ လုပ်ရတယ်။ နိုင်ငံတော်ကို ပုန်ကန်တော်လှန်မယ့် အဖွဲ့ မဟုတ်ပါဘူး။ နှစ်သစ်မှာ ပြည်သူတွေ ခံစားနေရတာကို တင်ပြတာပ ါဆိုတာကို မြင်လာ သိလာအောင် လုပ်ရတယ်။ မနှစ်ကဆို ဖြစ်ချင်တာဖြစ် လုပ်ခဲ့ရတယ်။ အခုနှစ် ကျတော့ ပြိုင်ပွဲတွေ လုပ်တဲ့ထိ ဖြစ်လာခဲ့တာပါ။ ဦးကုသိုလ်က အရင် ပြီးပါပြီ ဆိုတဲ့အဖွဲ့နဲ့ သံချပ်တိုင်ခဲ့ပါတယ်” ဟု ရှင်းပြသည်။

ဟာသ လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရကလည်း “ကျနော်ကိုယ်တိုင်က သံချပ်အရူး ဗျ။ လူပြက် ဖြစ်လာတာကိုက သင်္ကြန် သံချပ်တွေ ကြည့်ဖြစ် လာတာပါ။ သံချပ်ထိုးသူတိုင်း၊ သံချပ်တိုင်သူတိုင်းက ကျနော့် ဆရာတွေချည့်ပါ။ ထောင်ထဲက ထွက်ခဲ့တဲ့ မနှစ်ကတည်းက သံချပ်တွေ ပြန်ပေါ်လာစေချင်တယ်။ ဒါကြောင့် ကျနော်တို့တွေ ဝိုင်းလုပ်ခဲ့ ကြတယ်။ ဒီထက် မြင်ချင်တာတော့ မော်တော်ကားပေါ်မှာ သံချပ်တွေထိုးပြီး၊ လှည့်တဲ့ အရင်ခေတ်ကလို အဆင့်အထိ ပြန် မြင်ချင်တယ်။ ၁၀၀ ရာခိုင်နှုန်း အပြည့် ဖြစ်ရင်တော့ ပိုပျော်မှာပါ။ ခုလို ပြန်ပြီး ထွက်ပေါ် လာတာကို အရမ်း ပျော်ပါတယ်။ သံချပ် ဆိုတာကတော့ ပြည်သူ့ ရင်ခုန်သံ အမှန်ပဲ ပေါ့။ လွှတ်တော်ထဲမှာ ပြောတာကတော့ အမှန်ကတော့ လွှတ်တော်မှာ မပြောခင် ဒီသံချပ်တွေက အရင်ပြောခဲ့ ကြတာလေ။ ပြည်သူ့အသံကို ခုလို ပွင့်ပွင့်လင်းလင်း ပြောလို့ ရလာတာက အမြတ် တခုပဲပေါ့။ ရသလောက်လေးပဲ၊ ပြတင်းပေါက် ကျဉ်းချင်ကျဉ်း ကျယ်ချင်ကျယ်ပေါ့။ ဒီလိုပဲ တွန်းယူ သွားရမှာပါ။ ဒါကို ကောင်းတဲ့ ဘက်က ပြောရင်တော့ ကျနော်တို့ ဝမ်းသာပါတယ်။ ဒီထက် ပိုဝေဖန်နိုင်ပြီး ပွင့်လင်းမြင်သာဖို့၊ ဝေဖန်သူတွေ ကလည်း ဝေဖန်နိုင်သလို ဝေဖန်ခံသူတွေ ကလည်း ဝေဖန်ခံနိုင်ဖို့ ပိုမျှော်လင့်တယ်။ သံချပ်စာသားတွေကို တိုင်းဒေသကြီး အစိုးရဆီ တင်ပြရတယ် ပြောတယ်။ ၁၆ ဖွဲ့တင်ပြခဲ့ ကြတယ်။ အဖွဲ့တိုင်း တင်ပြရတယ်။ ဒါပေမယ့် တခုမှ အဖြတ် မခံခဲ့ရ ဘူး။ ကြိုတင်ပြီး မေတ္တာရပ်ခံ ထားတာကတော့ ဘာသာရေးနဲ့ ပတ်သတ်ပြီး ပုတ်ခတ်တာတွေ မရှိဖို့ အဲဒါတခုပဲ မေတ္တာရပ် ခံ ထားတယ်။ ကျန်တာတွေပေါ်မှာ ဘာမှ တားဆီးတာ ပိတ်ပင်တာမျိုး မရှိပါဘူး” ဟု ပြောသည်။

သံချပ် ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ရရှိသူ  ပြည်တော်ချစ်အဖွဲ့မှ မေတ္တာမြင့်မြတ်ဟိန်းက “မနှစ်က သင်္ကြန်မှာ သာဓုပါဗျာ အဖွဲ့ နဲ့ သံချပ်စ ထွက်တယ်၊ ပထမတော့ သံချပ်ရဲ့ အရသာကို မသိသေးဘူး၊ သံချပ်ဆိုတာ အများပြည်သူ ပြောချင်တဲ့ အရာ တွေကို ကိုယ်က ဟာသလေးနဲ့နှောပြီး ပြောပေးရတာ ပေါ့။ ဒီနှစ် ဒီလိုပြိုင်ပွဲ ရှိတယ်ဆိုတော့ ကိုယ်ကလည်း မနှစ်က အလေ့အကျင့် ရထားတော့ ဝင်ပြိုင်ဖြစ်ခဲ့တာပါ” ဟု ပြောသည်။

သင်္ကြန် သံချပ် များကို ၁၉၇၄ တွင် တားမြစ် ပိတ်ပင် ခဲ့ပြီး၊  ၂၀၁၂ သင်္ကြန်တွင် ပြန်လည် ခွင့်ပြုခဲ့ကြောင်း ဆရာသစ္စာနီ ထံမှ သိရပြီး၊ ယင်းကာလရှေ့ ၁၉၇၀ ကျော်ကာလတွင် ပြည်တော်ချစ် မင်းသားကြီး၊ ဆူးကြားမှ ဗူးခါး၊ မောင်မောင်ဆိုလေ ထီးရိုးရှည်၊ အနန္တစွမ်းအားရှင်၊ ပြည်သူ့တရားရှင်၊ ပြီးပါပြီ၊ မောင်မောင်တို့အဖွဲ့၊ မဟာရန်ကုန် ၃၆၅ ၊ တောက်တီးတောက်တဲ့ စသည့်သံချပ်အဖွဲ့များမှာ လူကြိုက်များခဲ့ကြောင်း ဦးမေတ္တာထံမှသိရသည်။

ဗိုလ်လုပွဲတွင် ပထမဆု သိန်း ၃၀၊ ဒုတိယဆု ၁၅သိန်း၊ တတိယဆု ၁၀ သိန်း နှင့် နှစ်သိမ့်ဆု ၅သိန်း တို့ကို ချီးမြှင့်ခဲ့ဲပြီး ဆုရအဖွဲ့များက သင်္ကြန်ပွဲတော်အတွင်း မဏ္ဍပ်များသို့ သွားရောက် ဖျော်ဖြေကြမည်ဟု ၎င်း ပြိုင်ပွဲဝင် သံချပ်အဖွဲ့များမှ  သိရသည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading