မြန်မာသံစဉ် တေးသီချင်းများကို အစဉ်အစိုက် တီးခတ်ဖျော်ဖြေထိန်းသိမ်းလျက်ရှိသည့် အလင်္ကာ ဝတ်ရည် ဂီတအဖွဲ့က မြန်မာသံစဉ် တေးသီချင်းများသီဆိုနိုင်မည့် အဆိုတော်သစ်များကို ဖိတ်ခေါ်ပါကြောင်း အလင်္ကာဝတ်ရည်၏အဖွဲ့ ခေါင်းဆောင် ဦးမောင်မောင်အေးက ပြောသည်။
အလင်္ကာဝတ်ရည်ဂီတအဖွဲ့က နှစ်စဉ် မြန်မာသံစဉ် တေးသီချင်း အသစ် ၅၀ ခန့် ရေးသားရိုက်ကူး၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားလိုင်းမှ ထုတ်လွှင့်လျက်ရှိရာ အဆိုပါအစီအစဉ်အတွက် မြန်မာသံစဉ် တေးသံရှင် အသစ်များ ဖိတ်ခေါ်ခြင်းရှိကြောင်း သိရှိရသည်။
“မြန်မာ့အသံနဲ့ရုပ်မြင်သံကြား မှာ ဗုဒ္ဓဟူးနေ့တိုင်းလွှင့်နေတဲ့ မြန်မာသံစဉ် သီချင်း အစီအစဉ်အတွက် အဆိုတော်တွေကို ဖိတ်ခေါ်နေတာပါ။ နှစ်စဉ်နှစ်တိုင်း တနှစ်စာ မြန်မာသံစဉ် သီချင်းသစ် အပုဒ် ၅၀ လောက် သွင်းတယ်၊ ရိုက်တယ်၊ လွှင့်တယ်ပေါ့။ အခု သီချင်းအသစ် ၄၈ ပုဒ်သွင်းနေတယ်။ အလင်္ကာဝတ်ရည် ပင်တိုင်အဆိုရှင် တွေအပြင် သဲနုဝါ၊ စိမ့်နေခြည်၊ ဗညားဟန်၊ ရဲရင့်ဝေလွင်တို့ဆိုထားကြတယ်၊ မြန်မာသံ ပိုင်နိုင်ပြီး အလင်္ကာဝတ်ရည်နဲ့လက်တွဲချင်တဲ့ တေးသံရှင်တွေကို ကြိုဆိုပါတယ်” ဟု ဦးမောင်မောင်အေး က ဆိုသည်။
အလင်္ကာဝတ်ရည်ဂီတအဖွဲ့နှင့်တွဲဖက်ပြီး မြန်မာသံစဉ် သီချင်းများ သီဆိုနေသည့် အဆိုတော် စိမ့်နေခြည်က- ”ကျမ ဆိုရမှာသီချင်းသစ် ၃ပုဒ်ပါ။ ဦးမောင်မောင်အေးရေးပေးတယ်။ သီချင်းတွေက အားလုံး တကယ့်ကို မြန်မာသံစစ်စစ် တွေချည်းပဲ၊ ကျမကတော့ သီချင်း အေးအေးတွေသိပ်မကြိုက်ဘူး၊ နည်းနည်းမြူးတာလေးတွေ ရေးပေးပါဆိုတော့ လှေကလေးကိုလှော်မည် သီချင်းလိုမျိုး သီချင်းအမြူး ပုံစံမျိုး လေးတွေ ပေးထားပါတယ်။ မြန်မာသံစဉ်စစ်စစ်တွေကို အခုလို ဆက်ပြီးထိန်းထားနိုင်တာ ကောင်းပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အလင်္ကာဝတ်ရည်ဂီတအဖွဲ့က မြန်မာသံစဉ် အဆိုတော်သစ်များ ဖိတ်ခေါ်ရခြင်းမှာ မြန်မာသံစဉ်ကို ပိုင်နိုင်သော အဆိုတော်သစ်များ ပေါ်ထွန်းရန် ရည်ရွယ်ပြီး အထူးသဖြင့် အစိုးရက ကြီးမှူးကျင်းပသည့် ဆိုကရေးတီးပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိသူများကိုစံထား၍ရွေးချယ်ကြောင်း ပြောသည်။
မြန်မာသံစဉ် အဆိုတော်သစ်တဦးဖြစ်သူ တေးသံရှင် ရဲရင့်ဝေလွင့်ကလည်း ခေတ်ပေါ် တေးဂီတ ကျယ်ပြန့် ထွန်းကားနေချိန် မြန်မာသံစဉ်တေးသီချင်များကို ထိန်းသိမ်းရန် အရေးကြီးကြောင်း၊ သူ့အနေဖြင့် မြန်မာသံစဉ် သီချင်းသစ်များကို အလင်္ကာဝတ်ရည်ဂီတအဖွဲ့နှင့်တွဲဖက်သီဆိုလျက်ရှိကြောင်း ပြောသည်။
“မြန်မာသံစဉ်က ဘယ်တော့မှပျောက်မသွားဘူး၊ လက်ဆင့် ကမ်းသယ်လာရတဲ့ အတွက် ဝမ်းသာတယ်။ အလင်္ကာဝတ်ရည် အဖွဲ့က သီချင်းအသစ်တွေ အဆက်မပြတ်အောင်လုပ်ပေးတယ်။ ကျမတို့က လည်းဝင်ပြီးဆိုပေးခွင့်ရလို့ဝမ်းသာပါတယ်” ဟု အဆိုတော် ရဲရင့်လွင်က ဆိုသည်။
မြန်မာအသံနှင့်ရုပ်မြင်သံကြားက မြန်မာသံစဉ် သီချင်းသစ် အသံသွင်း၊ ရိုက်ကူး၊ ထုတ်လွှင့်ရန်အတွက် အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့ကိုဖိတ်ခေါ်ခဲ့ပြီး လာမည့် ဇွန်လမှ သြဂုတ်လအထိ သီချင်းသစ် အသံသွင်း ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စက်တင်ဘာလတွင် တေးသရုပ်ဖော်များ ရိုက်ကူး မည်ဖြစ်ပြီး ၂၀၁၃ အောက်တိုဘာလမှ ၂၀၁၄ ဇွန်လ အထိမြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း၊ မြန်မာသံစဉ် တေးသီချင်းသစ်အစီအစဉ်ကို မြန်မာအသံနှင့်ရုပ်မြင်သံကြား ရုပ်သံလိုင်း က ထုတ်လွှင့်ခဲ့သည်မှာ ၄ နှစ်တိတိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။