Culture

ရွှေမှုံရတီရဲ့ ဖြေရှင်းချက်နဲ့ "မျက်လုံးလေး ကလယ်ကလယ်"

This article has been converted from Zawgyi One to Unicode

“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားထွက်ရှိပြီး တပတ်ကျော် အကြာမှာ မြန်မာ ပရိတ်သတ်တွေရဲ့ ဝေဖန်သံတွေ အတော် ထွက်လာခဲ့ပါတယ်။ ၉ တန်းကျောင်းသူလေး တယောက်ကို လိင်အသားပေး ဇာတ်ဝင်ခန်းများ ရိုက်သင့်သလား၊ မြန်မာဇာတ်ကားတွေက ဒီလိုဖြစ်ကုန်ပြီလား၊ ဒီအခန်းတွေက မပါသင့်ဘူး ဆိုတဲ့ ဝေဖန်သံတွေ ကြားလာရပါတယ်။ ဇာတ်ကားထဲမှာ ရွှေမှုန်ရတီက နေဆန်းနဲ့ စိုးမြတ်သူဇာတို့ရဲ့ ၄ နှစ်အရွယ် ကလေးကို ထိန်းပေးတဲ့အိမ်မှာ ရွှေမှုံရတီရဲ့ ချစ်သူ ညီထွဋ်ခေါင်ရောက်လာပြီး ချစ်သူချင်းနမ်းတဲ့ ဇာတ်ဝင်ခန်း၊ နေတိုးစိတ်ဖောက်ပြန်ပြီး ရွေမှုံရတီကို အလိုမတူဘဲ သားမယား ပြုကျင့်ခန်းတွေကြောင့် ဝေဖန်ရေးတွေ လှိုင်းထသွားခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သရုပ်ဆောင်ရွှေမှုံရတီက ဧရာဝတီကို ဇာတ်ရုပ်အတိုင်း သရုပ်ဆောင်ရတာလို့ ပြောပါတယ်။

မေး။     ။ မျက်လုံးလေး ကလယ်ကလယ်နဲ့ ပတ်သက်ပြီး လူတွေ တော်တော်ပြောနေကြတယ်။ ရွှေမှုံ ဘာပြောချင်ပါလဲ။

ဖြေ။      ။ အဲဒါ ရွှေမှုံလဲ မသိဘူး။ ကိုယ့်ကို မနာလိုတဲ့လူလည်း ဖြစ်ချင်ဖြစ်မှာပါ။ အကျင့်ယုတ်တဲ့ လူက အင်တာနက်မှာ တင်လိုက်တာ။ ဒီလို ရိုက်တဲ့ပုံစံကို တလောကလုံး သိသလို ပရိတ်သတ် အားလုံးလည်း သိတယ်။ ပရိတ်သတ်တွေက နားလည်တယ်။ အဲဒါကို အကျင့်ယုတ်တဲ့သူက လုပ်တော့ ပရိတ်သတ်လည်း နည်းနည်းခေါင်းစားစရာ ဖြစ်လာတယ်။ သဏ္ဍာန်လုပ် သရုပ်တူတဲ့။ ကိုယ်က တူအောင် သရုပ်ဆောင်ရတာ။ တကယ်မဟုတ်ဘူးဆိုတာ လူတိုင်းသိတယ်။ သရုပ်ဆောင်ရင် Mood သွင်းရတယ်။ ကိုယ့်ရဲ့ သဘာဝစိတ်ရယ်၊ ကိုယ်မဟုတ်တဲ့ ဇာတ်ကောင်ရဲ့ စိတ်ရယ်ကို သွင်းရတာလေ။ ဒီလိုလုပ်တာ ဒါရိုက်တာကိုသော်လည်းကောင်း၊ မင်းသားကိုသော်လည်းကောင်း၊ မင်းသမီးကိုသော်လည်းကောင်း အကျင့်ယုတ်ချင်လို့ကို လုပ်တာပါ။ ရွှေမှုံတို့ဘက်မှာရှိတဲ့ ပရိတ်သတ်တွေက အများကြီးပါ။ ဒါ လိမ်ရိုက်ထားတယ်ဆိုတာ လူတိုင်းသိနေတာပဲ။

မေး။     ။ ဒီလိုဖြစ်သွားတော့ ဒီကားက ပိုပေါက်သွားတယ် မဟုတ်လား။

ဖြေ။     ။ ဒီကားက ပေါက်တယ်။ ရွှေမှုံ ကတော့ ဘာမှဖြေရှင်းမနေဘူး။ လိပ်ပြာသန့်တယ်။ ဒါရိုက်တာရယ်၊ မင်းသမီးရယ်၊ မင်းသားရယ် ၃ ယောက်တည်း ရိုက်ထားတဲ့ဇာတ်ကား မဟုတ်ဘူး။ လူအယောက်ပေါင်း ၃၀ ကျော်ရှိတဲ့ ရိုက်ကွင်းမှာ ရိုက်တာလေ။  ဒါရိုက်တာ ခိုင်းသမျှ မလုပ်တတ်ဘူးဆိုတာ မရှိအောင် ရွှေမှုံ ကြိုးကြိုးစားစား လုပ်တယ်။

မေး။     ။ ဒီလို ဇာတ်ကားကို ရိုက်ဖို့ ကိုလူမင်းက သင်ပေးးတာလား။

ဖြေ။     ။ အဲလိုတော့ မရှိပါဘူး။ ရိုက်ကွင်းတခုကို ရောက်သွားတယ်။ ဒါရိုက်တာက ဒီလိုဇာတ်ဝင်ခန်းမျိုး လုပ်ရဲမလား မေးတယ်။ ဆရာရယ် ဘာလို့မလုပ်ရဲရမှာလဲလို့။ သရုပ်ဆောင်အသစ် တယောက်အနေနဲ့ လုပ်နိုင်မလားဆိုတဲ့ စိတ်နဲ့ လုပ်ကြည့်တယ်။ အဆင်ပြေသွားတော့ ကောင်းတာပေါ့။ ပရိတ်သတ်တွေက အဲ့လောက် မဆိုးရွားဘူး။ နားလည်တယ်။

ဒါရိုက်တာက ခိုင်းတာဆိုတော့ ဒီဇာတ်ဝင်ခန်းမျိုးက လိုအပ်လို့ကို ထည့်ရတာပေါ့။ ပရိတ်သတ်တွေအမြင်က ကလေးလေးကို ဘာလို့ခိုင်းတာလဲပေါ့။ ဒါရိုက်တာကို အပြစ်တင်ကြတယ်။ ရွှေမှုံကိုတော့ သိပ်အပြစ် မပြောကြဘူး။ ရွေမှုံကတော့ ဒါရိုက်တာကိုပဲ အားနာတယ်။ သူက ခိုင်းတယ်ဆိုပေမယ့် ဒီဇာတ် ဒီဖရိန်က မလွဲမသွေလုပ်ရမှာမို့  သူလည်းခိုင်းတာ။ သူတို့လည်း အဲ့ဒီအခန်းကို ရိုက်ဖို့ အရမ်းအားနာကြတယ်။ ဇာတ်သဘောအရ ရိုက်ရတာ ရွှေမှုံကို ထပ်ခါထပ်ခါမေးပြီးမှ ရိုက်တာပါ။ ငါ ဒါရိုက်တာ ဒီပုံစံရိုက်ရမယ်ဆိုပြီး ရိုက်ခိုင်းတာ မဟုတ်ဘူး။ ဘာဖြစ်ချင်လို့ ဒါတွေကို အပြစ်တင်နေကြမှန်းလည်း မသိလို့ပါ။

မေး။     ။ ဒီ ဇာတ်ကားကို နယ်ဘက်တွေကရော လက်ခံကြပါ့မလား။

ဖြေ။     ။ နယ်က ကြိုက်တယ်။ ဇာတ်လမ်းအရ ဘယ်သူမှ မရိုက်ဘူးတဲ့ပုံစံ ရိုက်ထားတာ။ နယ်က လက်ခံကြပါတယ်။ မနာလိုသူတယောက် လုပ်လိုက်လို့ ဒီလို ဖြစ်တာ။လုပ်နိုင်လည်း တရက်ပေါ့။ သူလုပ်လို့ လူတိုင်းကြည့် ဖြစ်တယ်။ ဆိုင်တက်တာ များတယ်။ ရွှေမှုံ ဝမ်းသာတယ်။  ရွှေမှုံ သန့်သန့်ရှင်းရှင်းနေတာ လူတိုင်းသိတယ်။ ပရိတ်သတ်ကိုလည်း ယုံကြည်ပါလို့ ပြောချင်တယ်။

မေး။     ။ အနုပညာလောကထဲ စဝင်တော့ နေတိုး၊ ခန့်စည်သူ၊ ပြေတီဦး၊ မြင့်မြတ်၊ ဝိုင်း မင်းသား၅ ယောက်နဲ့ စာချုပ်ထားတယ်နော်။ အခုရော။

ဖြေ။     ။ မင်းသား ၅ ယောက်နဲ့ စာချုပ်တာ ၁ နှစ်ပြည့်သွားပြီ။ ၁ နှစ်အတွင်း မင်းသား ၅ ယောက်နဲ့ပဲ ဇာတ်ကားတွေ ရိုက်ရမယ်ပေါ့။ အခု ပြည့်သွားတော့ မင်းသားတွေက အနုပညာကြေးလည်း တိုးပေးတဲ့အပြင် အဲ့ဒီ ၅ ယောက်နဲ့ သက်ဆိုင်တဲ့ တိုက်တွေမှာ ရိုက်ခွင့်ပေးထားတယ်။

မေး။     ။ ဘယ်မင်းသားနဲ့ ဖြစ်ဖြစ်လား။

ဖြေ။     ။ ဟုတ်ကဲ့။ မင်းသား ၅ ယောက် နဲ့ဆိုင်တဲ့ တိုက်က ရိုက်တဲ့ ဇာတ်ကားတွေမှာ ရိုက်ခွင့်ရှိတယ်။ အပြင်မင်းသားနဲ့လည်း ရိုက်ခွင့်ပေးတယ်။ ဆရာတွေက ရွှေမှုံ နစ်နာမှာ စိုးလို့။

မေး။     ။ အခု လက်ရှိ ပညာရေးကရော။

ဖြေ။     ။ ၁၀ တန်း ကျောင်းစာတွေ သင်နေပါတယ်။ ပညာရေးတော့ ဆုံးခန်းတိုင်အောင် လုပ်ရမှာပေါ့။ ဆရာဝန်တော့ မဖြစ်ချင်ဘူး၊ အပ်ကြောက်တယ်။ အင်ဂျင်နီယာတော့ ဖြစ်ချင်ပါတယ်။

ရွှေမှုံရတီဟာ ၇ တန်းကျောင်းသူဘဝက ဂျွန်လွင်ဆီမှာ မော်ဒယ်သင်တန်း တက်ရောက်ရင်း ၂၀၁၂ မှာ မင်းသား ၅ ဦးက မင်းသမီးရှားပါးလို့ မင်းသမီးသစ် တင်မယ့် ရည်ရွယ်ချက်နဲ့ ရွှေမှုံရတီ၊ ယုသန္တာတင်၊ အိချောပိုတို့ ၃ ဦးကို စာချုပ်နဲ့ စင်တင်ပေးခဲ့ပါတယ်။ လက်ရှိအနေအထားအရ မင်းသမီးသစ် ၃ ယောက်ထဲမှာ ရွှေမှုံရတီကို ဗီဒီယိုဇာတ်ကားတွေ၊ ဗီစီဒီတွေ၊ ကြော်ငြာတွေမှာ ပိုတွေ့နေရပါတယ်။

အကယ်ဒမီလူမင်းက သူတင်တဲ့မင်းသမီးကို နာမည်ကြီးအောင် ဒီလို သင်ပေးထားတာလား၊ ဒီဇာတ်ကားက လူမင်းရဲ့ အကြံဉာဏ်တွေလားဆိုပြီး ဝေဖန်နေသူတွေကို သရုပ်ဆောင် လူမင်းက ”ကျနော် ဒီဇာတ်ကားကို မကြည့်ရသေးပါဘူး။ မကြည့်ရသေးတဲ့အတွက် ဘယ်လိုအခြေအနေရှိလဲ မဝေဖန်နိုင်သေးပါဘူး။ ကျနော် အခု တခုခုပြောလိုက်ရင် မှားသွားမှာစိုးလို့ ဘာမှ မပြောပါရစေနဲ့” လို့ ရုပ်ရှင် အစည်းအရုံး ဒု ဥက္ကဌလည်းဖြစ်တဲ့ လူမင်းက ဧရာဝတီကို ပြောပါတယ်။

ဒီဇာတ်ကားကို ကြည့်ဖူးကြတဲ့ ပရိတ်သတ်တွေကတော့ ကြိုက်တဲ့လူရှိသလို မကြိုက်တဲ့လူတွေလည်း ရှိနေပါတယ်။ “ကောင်မလေး သရုပ်ဆောင်တာ ကြိုက်ပါတယ်။ အသစ်ထဲမှာ မဆိုးဘူးပေါ့။ ဒါပေမယ့် ခက်တာက မြန်မာကားဆိုပြီး ငှားကြည့်တယ်။ အိမ်မှာ မိသားစုနဲ့ ကြည့်မိတယ်။ ဒီလို ဇာတ်ဝင်ခန်းတွေ ပါလာမယ်လို့ မထင်ဘူးလေ၊ ဇာတ်လမ်းက ဆန်းပါတယ်။ ခေတ်မီတယ်ဆိုရင်လည်း ဇာတ်လမ်းနဲ့ နေရာတွေ အရင် ခေတ်မီအောင်လုပ်ပါဦး။ ပြီးမှ ဒီလို အခန်းတွေအတွက် စဉ်းစားပေါ့ ” လို့ သင်္ဃန်းကျွန်းမြို့ လေးထောင့်ကန် ရပ်ကွက်နေ ကုမ္ပဏီဝန်ထမ်း မသဲသဲမြင့်မိုရ်ဦး ကပြောပါတယ်။

ဒီဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ ဝင်းထွန်းထွန်းက “ကျနော်က ပုံစံတူဖြစ်နေတဲ့ လမ်းကြောင်းက ခွဲထွက်ချင်တဲ့စိတ်နဲ့ ဖန်တီးခဲ့တာပါ။ ပရိတ်သတ် အမြင်တမျိုးဖြစ်မယ် ဆိုရင်လည်း ကျနော် စိတ် တကယ်ကို မကောင်းပါဘူး။ စေတနာ အမှားပါ” လို့ သူ့ခံစားချက်ကို ပြောပါတယ်။

အဲ့ဒီဇာတ်ကားကို ထုတ်လုပ်ဖြန့်ချိတဲ့ အောင်တိုင်းကျော် ထုတ်လုပ်ရေးကို ဈေးကွက်အတွင်း အနေအထား စုံစမ်းကြည့်တဲ့အခါ ”နယ်မှာက သိပ်မကြိုက်ကြဘူး၊ ပုံစံပြောင်း ရိုက်ထားလို့လေ၊ ဒါပေမယ့် ရန်ကုန်မှာတော့ အဲ့ဒီဇာတ်ကားကို ပို အားပေးကြတယ်။ ကြိုက်ကြတယ်'” လို့ အောင်တိုင်းကျော်က ဧရာဝတီကို ပြောပါတယ်။

“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားမှာ ဒါရိုက်တာ ဝင်းထွန်းထွန်း၊ သရုပ်ဆောင် နေတိုး၊ နေဆန်း၊ ညီထွဋ်ခေါင်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီတို့ ပါဝင် သရုပ်ဆောင်ခဲ့ကြပြီး မေလ ၁ ရက်နေ့မှာ အောင်တိုင်းကျော် ဖြန့်ချိရေးကနေ ဖြန့်ချိထားပါတယ်။

Loading