[irrawaddy_gallery]
ပေါက်ပေါက်၏ နှုတ်ခမ်းများပေါ်က နှစ်လိုဖွယ် ညင်သာသည့် အပြုံးကို ကြည်လင်သော အညိုရင့်ရောင်မျက်လုံးများက အားဖြည့်ပေးထားသည်။ သူက သူ့ဆန္ဒ၊ မျှော်လင့်ချက်၊ ရွေးချယ်မှုများနှင့် အိပ်မက်များပါဝင်သော ဇာတ်လမ်းတပုဒ်ကို ပြောပြသည်။ ဒါက သူ့ဘ၀ အကြောင်းလည်း ဖြစ်သည်။
အားလုံးက မြန်မာနိုင်ငံ ပတ္တမြားမြို့တော်ဟု လူသိများသည့် မန္တလေးတိုင်း မိုးကုတ်မြို့တွင် စတင်ခဲ့သည်။ အသက် ငါးနှစ်အရွယ်ထဲက ဆံပင်အလှပြင်လုပ်ငန်းလုပ်သည့် သူ့ အမေနောက်ကို တကောက်ကောက် လိုက်နေခဲ့သည်။ ဒီလုပ်ငန်းက သူတို့ မိသားစုလုပ်ငန်းလည်း ဖြစ်သည်။ နောက်တော့ အလှပြင် ပစ္စည်းတွေ၊ ဆံပင် ပုံစံတွေက သူ့ ကစား စရာတွေဖြစ်လာ၏။
ယောက်ျားလေးတယောက်အဖြစ် မွေးဖွားလာခဲ့သော်လည်း ပေါက်ပေါက် ငယ်ငယ်ကထဲက မိန်းကလေး အဝတ်အစားတွေ ဝတ်ရတာကို ကြိုက်သည်။ ထို့အတူ မိတ်ကပ်လိမ်းချယ်ရတာကို သဘောကျပြီး မိန်းကလေးတွေကြားမှာပဲ အချိန်ကုန်လေ့ရှိ၏။ ဒါကြောင့်လည်း ယောက်ျားလေးတွေ၏ လှောင်ပြောင်သရော်မှုတွေကို ခံခဲ့ရသည်။
အသက် ၁၆ နှစ်မှာတော့ ကျောင်းက ထွက်လိုက်ပြီး အချိန်ပြည့် အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုအချိန် သူ၏ လိင်သဘာဝတွေလည်း တိတိကျကျ ပုံပေါ်နေပြီဖြစ်သလို မိတ်ကပ်ပညာရှင်တယောက်အဖြစ် ဂုဏ်သတင်းတခုကိုလည်း တည်ဆောက်ထားနိုင်ပြီဖြစ်သည်။ သူ၏ ပါရမီကြောင့် မန္တလေးနှင့် မိုးကုတ်မြို့တွေက ရိုးရာ အက ပညာရှင်တွေနှင့် သတို့သမီးများ၏ အားပေးမှု အကြီးအကျယ် ရနေချိန်လည်းဖြစ်သည်။
သို့သော် ပါရမီရှင် ဆယ်ကျော်သက်ကလေးက မျှော်လင့်ချက်ကြီးကြီး ထားသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်ကို သူအာရုံကျသည်။ ထိုနေရာတွင် သူ့အစွမ်းအစတွေကို ထုတ်ဖော်ပြသခွင့် ရခဲ့သည်။ ထို့ပြင် သူ့ဘဝ၏ အခက်ခဲ အကြမ်းတမ်းဆုံး နှစ်ကာလအချို့ကိုလည်း ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။
“ရန်ကုန်မှာ တခြားသူတွေနဲ့ အခန်းစပ်တူငှားပြီး နေခဲ့ရတယ်။ လိင်ကိစ္စနဲ့ ပတ်သက်လို့ အနှောက်အယှက်ခံရတာတွေက ရိုးတောင်ရိုးသွားပြီ။ မတော်မတရား အကျင့်ခံရမှာ ကြောက်ပြီး နေရာပြောင်းရတာတွေလည်း ရှိခဲ့ပါတယ်” ဟု သူက ပြောပြသည်။
ရန်ကုန်ရှိ ရုပ်ရှင်နှင့် ဗွီဒီယို လောကမှ ဆရာတယောက်ထံတွင် လက်ထောက်အဖြစ် လုပ်ကိုင်ခြင်းနှင့် သူ့ကို တောင်းဆို အားပေးနေကြဆဲဖြစ်သည့် မိုးကုတ်မှ မင်္ဂလာပွဲ ရာသီချိန်များကြားတွင် သူ၏အချိန်တွေကို ပိုင်းခြား၍လုပ်ကိုင်ရင်း စွမ်းရည်မြင့်လာခဲ့သလို လုပ်ငန်းလည်း အောင်မြင်လာခဲ့သည်။
နောက်ဆုံးတော့ မိုးကုတ်မှာ ရှိခဲ့သည့် ဘဝအစပိုင်း အနှောင်အဖွဲ့တွေကို ဖြတ်တောက်ပြီး လမ်းကြောင်း အသစ်တခု တည်ဆောက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ရသည်။ မော်ဒယ်အေဂျင်စီတခုမှာ နှစ်အတန်ကြာ မိတ်ကပ်ပညာရှင် အဖြစ် လုပ်ကိုင်ပြီး အသက် ၂၃ အရွယ်ရောက်ချိန်မှာတော့ နောက်ထပ်ကြီးကျယ်သည့် ခြေလှမ်းတခုကို လှမ်းဖို့ အဆင်သင့် ဖြစ်နေပြီဟု ခံစားခဲ့ရသည်။
“အရင်က အကျွမ်းတဝင်မရှိတဲ့ ဒီဇိုင်းလောကထဲကို ဝင်ဖို့ ကြိုးစားမိတာက စမ်းသပ်ကြည့်ချင်တဲ့စိတ် ပြင်းထန်နေလို့ပါ။ တခြားအရာတွေထက် ပိုပြင်းတဲ့ တွန်းအားတခုပါပဲ” ဟု သူက ပြန်ပြောပြသည်။
ထိုအချိန်က သူအတွက် ဘယ်တော့မှ မေ့ဖျောက်မရနိုင်တာတွေသာ ကျန်ရစ်ခဲ့သော ပထမဆုံး အချစ်ရေးကိစ္စကို စတင်မိချိန်လည်း ဖြစ်သည်။ သို့သော် ပတ်သက်မိခဲ့သည့် ရော့ခ်အဆိုတော်က သူ့ အပေါ်တွင် အရူးလုပ်ခဲ့ခြင်း သက်သက်ဟု သိလိုက်ရသည့် အချိန်တွင် ဝမ်းနည်းဖွယ် အဆုံးသတ်ခဲ့ရသည်။
“အဲဒါက ယုံကြည်ဖို့ ခက်ခဲမယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် ကျမ စိတ်ထဲမှာ မိန်းမတယောက်လိုပဲ အမြဲတမ်းခံစားနေခဲ့ ရတယ်၊ လိင်ကိစ္စမှာ လွယ်လွယ်ကူကူလို့ သဘောမထားတတ်တဲ့ မြန်မာမိန်းမတယောက်လိုမျိုး ချစ်ခြင်းမေတ္တာကိုပဲ ပိုပြီး လိုချင်ခဲ့တာပါ” ဟု သူက ပြောသည်။
စိတ်လှုပ်ရှား ရင်ခုန်ဖွယ်ရာ အချစ်စွန့်စားခန်း တချို့ကို ကြုံတွေ့ခဲ့ပြီးနောက်မှာ အချစ်စစ်တခုကို သူတွေ့ရှိခဲ့သည်။ ရန်ကုန်မှ သရုပ်ဆောင် မင်းသားတယောက် သူ့ဘဝထဲကို ဝင်ရောက်လာခဲ့သည်။ နှစ်တွေကြာခဲ့သော်လည်း ယခုချိန်ထိ သူတို့ နှစ်ယောက် နက်နက်ရှိုင်းရှိုင်း ဆက်သွယ်မှု ရှိနေဆဲဖြစ်သည်။
အချစ်နှင့် အလုပ်သည် ဝိရောဓိများဖြစ်သည် ဟုဆိုနိုင်သော်လည်း သူ့ အတွက်တော့ အချစ်က အိပ်မက်တွေကို တွန်းအားဖြစ်စေခဲ့သည်။ အလုပ်အပေါ်ကို ပို၍ အာရုံစူးစိုက်စေနိုင်ခဲ့သည်။ ၂၀၀၆ ခုနှစ် အသက် ၃၅ နှစ် ရောက်ချိန်မှာ ပေါက်ပေါက် နောက်ထပ်နေရာတခုဆီ ခုန်လွှား သွားဖို့ အဆင်သင့်ဖြစ်လာခဲ့ပြန်သည်။ ဒီတကြိမ်မှာတော့ မြန်မာနိုင်ငံ၏ နယ်နိမိတ်များ အပြင်ဖက်ဆီသို့ဖြစ်သည်။
အခက်အခဲတွေ အများကြီး ကျော်ဖြတ်ခဲ့ရပြီးနောက် ပြည်ဝင်ခွင့်ဗီဇာရလာသည့်အခါ အီတလီနိုင်ငံ မီလန်မြို့ရှိ Burgo Fashion and Design Institute တွင် ဒီဇိုင်းသင်တန်း သွားတက်ရန်အတွက် လေယာဉ်လက်မှတ် ဝယ်လိုက်သည်။
မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပြီး မိန်းကလေးတယောက်လို နေထိုင်ကြီးပြင်းခဲ့သူ တယောက်အတွက် အီတလီမှာ နေထိုင် ရသည့် ဘဝသည် လုံးလုံးလျားလျား ကွဲပြားခြားနားသည့် ကမ္ဘာလောကကိုရောက်သွားသလိုပင်။
“အစောပိုင်းရက်တွေက အရမ်းကိုခက်ခဲပါတယ်။ နေစရာလည်း ရှာရတယ်၊ သင်တန်းကလည်း အချိန်ပြည့် စ နေပြီ၊ နောက်ပြီးတော့ ကိုယ်နဲ့စိမ်းတဲ့ နေရာမှာ ဘာသာစကား အခက်အခဲကလည်း ရှိတယ်” ဟု သူကဆိုသည်။
သို့သော်လည်း ဖြစ်နေကျအတိုင်း ဒါတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ သူ့မှာ သူငယ်ချင်းအသစ်တွေ ရလာသည်။ သူတို့က လက်မြှောက်အရှုံးပေးဖို့ ဘယ်တုန်းကမှ မစဉ်းစားသည့် မိုးကုတ်ကလာသော ခေါင်းမာသူ တယောက်၏ ဆုံးဖြတ်ချက်များကို စိတ်ရောကိုယ်ပါ ကူညီပေးခဲ့ကြသည်။
နိုင်ငံရပ်ခြားမှာ မည်သည့် အကြောင်းနှင့် နေထိုင်သည်ဖြစ်စေ ပညာသင်နေရသလိုပဲ ဖြစ်သည်။ နိစ္စဓူ၀ အီတလီ လူမျိုးတွေကြားမှာ နေထိုင်ရခြင်းက အဆုံးမရှိသော ဖြစ်နိုင်ချေတွေကို မြင်နိုင်ဖို့ သူ့မျက်လုံးတွေကို ပွင့်စေခဲ့သည်။
“တခြားသူတွေအတွက်တော့ ဘာမှ အရေးမပါဘူးပေါ့၊ ကျမကတော့ မြို့ထဲမှာ လျှောက်သွားတယ်၊ နာမည်ကြီး ဖက်ရှင်ဆိုင်ကြီးတွေရဲ့ ပြတင်းပေါက်မှာ ပြထားတဲ့ ဖက်ရှင်ဒီဇိုင်း အမျိုးမျိုးကို လိုက်ကြည့်တယ်။ အဲဒါက ကျမရဲ့ စိတ်ကူးဉာဏ်တွေကို ကွန့်မြူးနိုင်စေတဲ့ အခြေခံတွေပါပဲ။”
မြန်မာနိုင်ငံကို ပြန်ရောက်သည့်အခါ မျှော်လင့်မထားသည့် တုန့်ပြန်မှုတွေ ရရှိခဲ့သည်။ မန္တလေးမြို့ကို သူပြန်ရောက်လာပြီ ဆိုသည့်သတင်းက တဆင့်စကား တဆင့်နားနှင့် ပြန့်နှံ့သွားပြီး မကြာခင် ဒေသခံမီဒီယာတွေကလည်း သူနှင့် သူ့လက်ရာတွေကို စိတ်ဝင်စားလာကြသည်။ ဝယ်လိုအားက မြင့်တက်လာပြီး သူလုပ်နိုင်တာထက် ပိုသော အလုပ်တွေကို လက်ခံပေးနေရသည်။
“အဲဒီ အချိန်တွေတုန်းက ကြားရက်တွေမှာ မန္တလေးမှာ နေပြီးတော့ စနေ၊ တနင်္ဂနွေဆိုရင် ရန်ကုန်မှာ နေရတယ်” ဟု ဖောက်သည်တွေဆီက အဆက်မပြတ် ဝင်ရောက်လာသည့် အပ်ထည်တွေကို ကိုင်တွယ်ဖြေရှင်းခဲ့ရသည့် အကြောင်း ပေါက်ပေါက်က ရှင်းပြသည်။
အလုပ်နှင့် ပတ်သက်ပြီး အားထုတ်ခဲ့ရတာတွေ၊ ရင်းနှီးခဲ့ရသည့် အချိန်တွေ အားလုံးက သူ မှန်းဆ မျှော်လင့်ထားသည်ထက် ပိုသော ဆုလာဘ်တွေ ပြန်ရခဲ့သည်။ ယနေ့အချိန်မှာ မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး ဖက်ရှင်ဒီဇိုင်းနာတွေထဲမှာ တယောက် အပါအဝင် ဖြစ်နေပြီ။ နောက် သူက နိုင်ငံတကာ မြင်ကွင်းအထိရောက်အောင် သွားနိုင်ဖို့ ခြေလှမ်းပြင်နေသည်။
သူ့ မျှော်လင့်ချက်တွေက သူပိုင်သည့် လုပ်ငန်းတခုထဲအတွက် မဟုတ်ပါ။ ကမ္ဘာ့ဖက်ရှင် မြေပုံပေါ်တွင် မြန်မာက တနေရာ ရယူနိုင်ဖို့ သူ မျှော်လင့်ချက်ကြီးစွာ ထားသည်။ အလားအလာကောင်းသော ဒီဇိုင်းနာအသစ်တွေကို ပညာသင် ထောက်ပံ့ကြေး ပေးသည့် အစီအစဉ်တခု သူ တည်ထောင်ခဲ့ပြီးပြီ။ သူလျှောက်ခဲ့သည့် လမ်းအတိုင်း သွားချင်သူတွေကို ကူညီနိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်သည်။
အခုအချိန်ထိ သူ့အတွက် အောင်မြင်မှုတွေ အမြောက်အများ ရရှိခဲ့ပြီးပြီ ဆိုသော်လည်း နောက်ထပ်ဖြည့်ဆည်းရဦးမည့် ကြီးကျယ်သော အိပ်မက်တခုက ရှိနေသေးသည်။
“ကျမတို့ ကိုယ်ပိုင် ဖန်တီးတတ်မှု တန်ဖိုးတွေနဲ့ ရိုးရာကို ကိုယ်စားပြုတဲ့ အနုပညာတွေရှိမယ့် မြန်မာရွာလေးတရွာ ဖန်တီးတည်ထောင်မယ်လေ” တဲ့။
(Vincenzo Floramo ၏ From Mogok to Milan: A Fashion Odyssey ကို နိုင်မင်းသွင် ဘာသာပြန်သည်)