လောကသဘာ၀ တရားကြီးအောက်၌ အရာရာသည် ပြောင်းလဲနေသည်၊ ဆင့်ပွား ပြောင်းလဲနေသည်၊ ခုန်လွှား ပြောင်းလဲနေသည်ကို တွေ့နိုင်သည်။ ဤ သဘောတရားကို ဘာသာ စကားနှင့် အနုပညာ ဖန်တီးမှုတွင်လည်း တွေ့နိုင်၏။ ကမ္ဘာပေါ်ရှိ ဘာသာစကား (Language) တိုင်း၌ သုံးစွဲထားသည့် စကားလုံးများသည် အခြေအနေနှင့် အချိန်အခါအလိုက် အဓိပ္ပာယ်ဆိုလိုရင်း ပြောင်းလဲသွားတတ်သလို၊ နယ်ပယ် တခုမှ အခြားတခုသို့လည်း သုံးစွဲ ရောက်ရှိ သွားတတ်သည့် သဘော ရှိသည်။ ထို့အတူ အနုပညာနယ်ပယ်၌လည်း Appropriation ခေါ် “ရှိနှင့်ပြီး အရာဝတ္ထုများကို ပေါင်းဆင့်ပြီး အနုပညာပုံဖော် ဖန်တီးမှုသစ် တခုကို ဖန်တီးယူခြင်း” ဟူသည့် အနုပညာ ပုံသဏ္ဍာန်သစ် တမျိုးသည်လည်း ၂၀ ရာစု အစောပိုင်း ကာလတွင် ပေါ်ပေါက်ခဲ့ ပေသည်။ ဤသည်မှာ ရပ်တံ့မနေဘဲ ရွေ့လျား ပြောင်းနေခြင်း၏ တစိတ်တဒေသပင် ဖြစ်သကဲ့သို့ လူသားတို့၏ ထပ်ဆင့် ပေါင်းဆင့် ဖန်တီးမှုဟု ဆိုရမည် ဖြစ်သည်။
Artist ဝိမုတ္တိ၏ Term of the Faces ဟု အမည်ပေးထားသည့် တကိုယ်တော် ပန်းချီပြပွဲကို New Zero Art Space တွင် နိုဝင်ဘာ ၂၉ မှ ဒီဇင်ဘာ ၅ ရက်နေ့ အထိ ကျင်းပနေသည်။ ယင်း ပန်းချီပြပွဲတွင် ထူးခြားချက် ၃ ချက် ရှိသည်ကို တွေ့ရသည်။ ပထမ တချက်မှာ သေခြင်းတရားကို အဆင်သင့် ဖြစ်နေသော ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်ဖွား Artist ဝိမုတ္တိ၏ ဘဝနှင့် လောကအမြင် ဖြစ်သည်။ ဒုတိယ တချက်မှာ ခေတ်ပြိုင် မြန်မာနိုင်ငံ၏ အပြောင်းအလဲများက Artist အပေါ် ရိုက်ခတ်ခဲ့ပြီး ထိုအပေါ် Artist က ထင်ဟပ်ပုံဖော် ထင်ဟပ် ပြန်လည် တင်ပြနိုင်ခြင်းဖြစ်သည်။ တတိယ အချက်မှာ ပြပွဲတခုအတွက် Curator (ပြတိုက်မှူး၊ ပြခန်းတာဝန်ခံ) နည်းပါးလှသည့် မြန်မာနိုင်ငံတွင် Curator ၏ အခန်းကဏ္ဍ တရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အမှန်တကယ်တွင် ပန်းချီဆရာ တဦးအနေနှင့် သူ၏ Artwork တခုဖန်တီးရာတွင် နောက်ဆုံးစုတ်ချက် ချအပြီး လက်မှတ်ရေးထိုးပြီးလျှင် သူ၏ တာဝန်ကျေပွန်ပြီဟု ဆိုနိုင်သည်။ ယင်း Artwork (အနုပညာလက်ရာ) ကို Curator, Researcher, Organizer, Floor Manager, Critic တို့က အနုပညာတန်ဖိုးရင်း (Net Value of Art) ကို ဝေဖန် ချင့်တွက်ပြီး အများပြည်သူသို့ ချပြ ရှင်းလင်း မျှဝေသွားရမည် ဖြစ်ပါသည်။ ဤ အခန်းကဏ္ဍတရပ် ပေါ်ပေါက် လာသည်ဟု ဆိုရမည် ဖြစ်သည်။
Artist ဝိမုတ္တိသည် မွေးရာပါ ကျောက်ကပ်ရောဂါ ပါရှိလာသည့် လူငယ်ပန်းချီဆရာ တဦးဖြစ်ပြီး သေခြင်းတရားနှင့် အကြိမ်များစွာ ထိပ်တိုက်တွေ့ခဲ့ရသူ ဖြစ်ပါသည်။
“ကျနော် အချိန်မရွေး သေဆုံးနိုင်တယ် ဆိုတာ မကြာခဏ တွေးမိပေမယ့် ပန်းချီရေးချိန်မှာ အဲဒီအကြောင်း မေ့ထားနိုင်ခဲ့ပါတယ်။ တမင်မေ့ထားတာတော့ မဟုတ်ပါဘူး။ ဒုလ္လဘဝတ်ဖို့ လုပ်တုန်းက ဆိုရင် အသက် မပြည့်သေးတာနဲ့ အိမ်ပြန်လာချိန်မှာ ရောဂါက အရမ်းဆိုးဝါးပြီး သတိမေ့ သတိလစ်သွားတဲ့ အထိ ဖြစ်ဖူးပါတယ်” ဟု ပြောပြသည်။
အနေအထိုင် အေးချမ်းပြီး အမြဲလိုလို ငြိမ်သက်နေတတ်သည့် ပန်းချီဆရာ ဝိမုတ္တိကို New Zero Art Space ပန်းချီသင်တန်းတွင် တွေ့ခဲ့ရသကဲ့သို့ နာမည်ကျော် ပန်းချီဆရာ (ဦး) ဝင်းဖေမြင့် (WPM) ၏ အိမ်တွင် ပန်းချီရေးဆွဲမှု သင်ယူနေသည်ကိုလည်း တွေ့ဖူးသည်။
“ဆရာက ဦးဝင်းဖေမြင့်က ကျနော့်ကို အလကား သင်ပေးတယ်။ ကျနော် ထမင်းချိုင့် ယူလာတာက ဆရာကျွေးမွေးတာကို မစားချင်လို့ မဟုတ်ပါဘူး။ ဆရာ့ကို အားနာတယ်လေ။ ဒါကြောင့်ပါ” ဟု သူက ပြောပြသည်း။
“New Zero Art Space မှာ သင်တန်း တက်ခဲ့ရတာရယ်၊ ဆရာ ဦးဝင်းဖေမြင့်ဆီမှာ သွားရောက် သင်ယူခဲ့တာတွေက ကျနော့် အတွက် အရမ်းတန်ဖိုး ကြီးပါတယ်။ ကိုယ် ဘာလုပ်ချင်တာလဲ၊ ကိုယ် ဘာကို တင်ပြချင်တာလဲ ဆိုတာကို အရင်တွေ့အောင် ကြည့်ဖို့ New Zero Art Space မှာတက်တော့ သိမြင်လာတယ်။ အဲဒါကို ဆွဲထုတ်ဖို့ အားပေးပါတယ်။ ဆရာဖေ့ ဆီမှာတော့ ပန်းချီသင်ပေးတာထက် ပန်းချီရဲ့ သဘောတရား၊ အခြေခံတွေ သင်ပေးပါတယ်။ အဲဒီမှာ အရောင်တွေရဲ့ သဘောနဲ့၊ သဘာဝတရားရဲ့ သဘောတွေကို ထပ်ဆင့် နားလည်လာပါတယ်။ အဲဒီ နှစ်ခုပေါင်းဆင့်ပြီး ကျနော် ပန်းချီကားတွေကို ရဲရဲဝံ့ဝံ့ ရေးဆွဲလာနိုင်တာပါ” ဟု ဝိမုတ္တိက ပြောသည်။
သူ၏ အမည်ရင်းမှာ ပြည့်ဖြိုးအောင် ဖြစ်ပြီး ဘာကြောင့် “ဝိမုတ္တိ” အမည်ယူခဲ့သည်ကို သူက ဆက်လက်ရှင်းပြသည်။
“ဝိမုတ္တိ ဆိုတာက လွန်မြောက်ရာ၊ လွတ်မြောက်ရာလို့ ကြားဖူးပါတယ်။ ကျနော်က သောက၊ ဒုက္ခတွေက လွန်မြောက်၊ လွတ်မြောက်ချင်လို့ ဒီအမည်ကို ယူတာပါ။ ကျနော့် အနေနဲ့ ဘယ်သူ တဦးတယောက်ရဲ့ မကောင်းကြောင်းကို သူ့ရှေ့မှာရော၊ သူ့ကွယ်ရာမှာရော ဘယ်တော့မှ မပြောဘူး။ တခြားသူတွေ ပြောနေ ဆိုနေရင်လည်း ကျနော်နဲ့ မပတ်သက်ဘူးလို့ သဘောထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သေခြင်းတရားက အချိန်မရွေး ရောက်လာနိုင်သလို၊ ကျနော့် အနေနဲ့ အဲဒါတွေက လွန်မြောက်မှ၊ လွတ်မြောက်မှ ဖြစ်မယ်လို့ ယုံကြည်လို့ပါ” ဟု ပြောသည်။
သူ၏ လက်ရာ ပန်းချီကားများကို လေ့လာကြည့်လျှင် ကမ္ဘာ့နိုင်ငံ ၁၆ နိုင်ငံမှ ခေါင်းဆောင် ၁၇ ယောက်တို့၏ မျက်နှာများကို ရေးဆွဲထားသည်ကို တွေ့ရသည်။ သို့သော် ယင်းခေါင်းဆောင်များ၏ နိုင်ငံရေး လုပ်ဆောင်ချက်များ၊ ရပ်တည်ချက်များကို ထင်ဟပ် တင်ပြခြင်း မဟုတ်ဘဲ အပြောင်းအလဲ ကာလတခုအတွင်းမှာ မြန်မာနိုင်ငံနှင့် ဆက်နွှယ် ပတ်သက်သက်နေသည်ကို ထင်ဟပ်တင်ပြခြင်းကို အထင်အရှား တွေ့မြင်ရသည်။
ဥပမာ အားဖြင့် သမ္မတ ဦးသိန်းစိန် ၏ မျက်နှာကို ရေးဆွဲတင်ပြရာတွင် မြန်မာနိုင်ငံ မြေပုံနှင့် တရုတ်နိုင်ငံ မြေပုံတို့ကို ထည့်သွင်း ရေးဆွဲထားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ရေးဆွဲရာတွင် အမေရိကန် နိုင်ငံ မြေပုံကို ထည့်သွင်း ရေးဆွဲထားခြင်းသည် မြန်မာ့ နိုင်ငံရေး အခင်းအကျင်းနှင့် ရပ်တည် ဆက်စပ်နေရသည်ကို ထင်ဟပ် ပြခြင်းဟု ဆိုရမည် ဖြစ်သည်။ ယင်းသည် ခေတ်ပြိုင် မြန်မာ့ နိုင်ငံရေးနှင့် မြန်မာ့ လူ့အဖွဲ့အစည်းအပေါ် လွှမ်းမိုး ရိုက်ခတ်ချက်များနှင့် မြန်မာတိုင်းရင်းသားတို့၏ မျှော်လင့်ချက်များဟု ယူဆလျှင် ရနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း၊ တောင်ကိုးရီးယား သမ္မတ ပတ်ဂျုံဟေး၊ အီရန် သမ္မတ အာမက်ဒီနေဂျက်၊ အမေရိကန် သမ္မတ အိုဘားမား၊ ထိုင်းဝန်ကြီးချုပ် ယင့်လပ်ခ် ရှင်နာဝပ်၊ တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား နှင့် အခြား ထင်ရှားသည့် ကမ္ဘာ့ခေါင်းဆောင်များ၏ မျက်နှာများကို ရေးဆွဲ တင်ပြထားသည်။
“ကျနော် ဘာဖြစ်လို့ ဒီခေါင်းဆောင်တွေပုံ ရေးဆွဲတာလဲ ဆိုတော့ ကျနော့် အဖေက နိုင်ငံတကာ သတင်းတွေကို ကြည့်တယ်၊ ကျနော်လည်း မကြာခဏဆိုသလို ကြည့်ဖြစ်တယ်။ အဲဒီမှာ ပန်းချီရေးဆွဲမယ် ဆိုတော့ ကျနော် တွေ့ဖူး မြင်ဖူးတဲ့ ခေါင်းဆောင်တွေရဲ့ ပုံကို ရေးဆွဲဖို့ စိတ်မှာ ဖြစ်လာတယ်။ ဒါပေမယ့် သူတို့ရဲ့ ပုံတူ အဖြစ် ဖန်တီးတင်ပြတာ မဟုတ်ဘဲ ကျနော့် စိတ်ထဲမှာ ဖန်တီးတင်ပြချင်တဲ့ အနေအထားကို Computer affect သုံးပြီး ပြုပြင်လိုက်ပါတယ်။ နောက်ပြီး သက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ နိုင်ငံတွေက ထင်ရှားတဲ့ ပုံရိပ်ကိုလည်း ထည့်သွင်း ရေးဆွဲပါတယ်။ ဥပမာ ဘရာဇီး သမ္မတပုံမှာ ဘောလုံးလေးတွေ ထည့်သွင်းရေးဆွဲတာမျိုး၊ ထိုင်းဝန်ကြီးချုပ်မှာဆိုရင် အလုပ်သမား၊ လယ်သမား ကိုယ်စားပြုတဲ့ ပင်နီယံလေးတွေ ထည့်သွင်း ရေးဆွဲတာမျိုးတွေပါ”
ယင်းအချက်များကို ကြည့်ခြင်းအားဖြင့် Artist ဝိမုတ္တိသည် နိုင်ငံရေး ဝါဒဖြန့်ချိခြင်း (Propaganda) မဟုတ်ဘဲ လေးစားချစ်ခင်မှုနှင့် အနုပညာသဘောကို ပေါင်းစပ် ရေးဆွဲတင်ပြခြင်းဟု ခိုင်ခိုင်မာမာ သတ်မှတ်နိုင်ပါသည်။ ထိုအချက်ကို Curator ဟေမာန်ဦးက “ဝိမုတ္တိ ရေးဆွဲတင်ပြသည့် မျက်နှာများသည် သူတို့ကိုယ်ပိုင် ဝေါဟာရများကို အသံမဲ့ ရွတ်ဆိုနေကြရင်း အနာဂတ်၏ ပစ္စုပ္ပန်အကြောင်း စာစီကုံးနေကြသည့် ကင်းဗတ်ပေါ်က အနုပညာဖန်တီးမှု” ဟု သုံးသပ် တင်ပြထားသည်။
ခြုံ၍ ဆိုရလျှင် Artist ဝိမုတ္တိ၏ Term of the Faces တကိုယ်တော် ပန်းချီပြပွဲသည် ဝေဒနာကြားမှ အသက်ရှင် ရပ်တည်ရမှုနှင့် အနုပညာဈာန်ဝင်စားမှုကြားမှ သန့်စင်သော ပန်းချီဖန်တီး တင်ပြမှုကို အထင်အရှား တွေ့သလို နောင်တွင် အနုပညာ တန်ဖိုးရင်းကို ချဉ်းကပ်လေ့လာ တင်ပြမည့် Curator တို့၏ အခန်းကဏ္ဍလည်း အရေးပါလာမည် ဖြစ်ပါကြောင်း။ ။