[irrawaddy_gallery]
“ယနေ့ခေတ်သစ်၏ ကာတွန်းအနှစ်သာရကို မခံစားတတ်ဘူး ဆိုလျှင် … ကျောက်ခေတ်ကိုသာ ပြန်သွားပါ။ ယနေ့ ပြည်သူတို့၏ ဘဝ ခံစားချက်ကို မထုတ်ဖော်နိုင်လျှင် ယနေ့ ခေတ်သစ်နှင့် ကင်းကွာနေသော ကာတွန်းဆရာမျှသာ”
“ယနေ့ ခေတ်သစ်၏ ကာတွန်းအနှစ်သာရကို မခံစားတတ်ဘူး ဆိုလျှင် … ကျောက်ခေတ်ကိုသာ ပြန်သွားပါ။ ယနေ့ ပြည်တို့၏ ဘဝခံစားချက်ကို မထုတ်ဖော်နိုင်လျှင် ကြောက်ခေတ်၏ ကာတွန်းဆရာမျှသာ”
ဖေသိန်း
၁၉၄၅ ခုနှစ် စစ်ပြီးခေတ်မှ စ၍ ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက်ကို ကြုံတွေ့ ဖြတ်သန်းခဲ့ရသော သတင်း စာခေါင်းကြီး ကာတွန်းဆရာကြီး ဦးဖေသိန်း၏ ကိုယ်တိုင်ရေး ကယ်ရီကေးချား ဘေးတွင် သူ့လက်ရေးဖြင့် ရေးထားသော စာသားများမှာ အထက်ပါအတိုင်းဖြစ်သည်။
ယနေ့အချိန်တွင် ကာတွန်းဦးဖေသိန်း သက်ရှိထင်ရှား ရှိနေပါက အသက် ၉၀ တင်းတင်းပြည့်ပြီဖြစ်သည်။ သူ၏ အသက် ၉၀ ပြည့်မွေးနေ့ အချိန်နှင့် တိုက်ဆိုင်စွာ ၎င်း၏ ကျန်ရစ်သော မိသားစုနှင့် သင်တပည့် မြင်တပည့် ကာတွန်းဆရာ ကြီးရွယ် ငယ်လတ် များက စုစည်းကာ ပြပွဲတရပ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရန်ကုန် ယောမင်းကြီးလမ်းရှိ Gallary 65 အနုပညာ ပြခန်းတွင် ကျင်းပပေးခဲ့ရာ နယ်ပယ် အသီးသီးမှ လာရောက်ကြည့်ရှု အားပေးသူများနှင့် အထူးစည်ကားခဲ့သည်။
ဦးဖေသိန်းသည် သတင်းစာကာတွန်းဆရာကြီး ဦးဘဂျမ်း၏ မြေတောင်မြှောက်ပေးမှု၊ အိုးဝေဦးညိုမြ၏ အားပေးမှုတို့ကြောင့် ၁၉၄၅ ခုနှစ်တွင် အိုးဝေမဂ္ဂဇင်းမှ စတင်၍ ကာတွန်းဆရာဘဝကို ခံယူခံသည်။ ကာတွန်း စတင်ရေးဆွဲစဉ်မှ သေသည်အထိ ခေါင်းကြီးကာတွန်းများ ရေးဆွဲသူထဲတွင် ကာတွန်းဖေသိန်းသည် ထိပ်ဆုံးတွင် ရှိကြောင်း ယနေ့ နာမည်ကြီးကာတွန်း ဆရာများက ခံယူထားကြသည်။
ကာတွန်းဖေသိန်းသည် အိုးဝေ၊ ဟံသာဝတီ၊ ဗမာ့ခေတ်၊ မြန်မာ့အလင်း၊ ကြေးမုံ၊ အင်္ဂလိပ် မြန်မာ နှစ်ဘာသာ ထုတ်ဝေသော Burma Nation သတင်းစာများတွင် ကာတွန်းများစတင် ရေးဆွဲခဲ့ပြီး သူ၏ ဗမာ့ခေတ်မှ “လောကပီတိ”၊ ကြေးမုံမှ “ကြေးမုံနီတိ”၊ အိုးဝေမှ “ဥဒေတယံ” စသည့် ခေါင်းစဉ်များနှင့် ရေးဆွဲသော ကာတွန်းများ အထူးထင်ရှား နာမည်ကြီးသည်။
၎င်းသည် ကြေးမုံသတင်းစာ အပါအဝင် ခေါင်းစီးလိုဂိုဒီဇိုင်းများနှင့် ကြော်ငြာကာတွန်းများစွာ ကိုလည်း ရေးဆွဲခဲ့သည်။ ကယ်ရီကေးချား ရေးဆွဲခြင်း၌ ဦးဖေသိန်းက ယခုခေတ်လူငယ် ကာတွန်းဆရာများ၏ လမ်းပြရှေ့ဆောင် တဦး ဖြစ်သည်။
၁၉၅၇ ခုနှစ်တွင် မြန်မာနိုင်ငံ ကာတွန်းဆရာများ အသင်းကို ဖွဲ့စည်းခဲ့ပြီး သူက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဖေသိန်းသည် မကွယ်လွန်ခင် အချိန်အထိ မြန်မာ ကာတွန်းဆရာများ စုစည်းညီညွတ်စေရေးကို အစဉ်ဆောင်ရွက် ခဲ့သူ၊ ကာတွန်းဆရာများကို ၎င်း၏ မိသားစုဝင်သဖွယ် သဘောထားသူဟုလည်း ဆိုနိုင်သည်။ ၎င်း၏ နေအိမ်ဖြစ်သော ၈ မိုင်ရှိ ခြံဝန်းထဲတွင် နှစ်စဉ် သက်ကြီးကာတွန်းဆရာကြီးများ ပူဇော် ကန်တော့ပွဲ ကျင်းပလေ့ရှိပြီး ကာတွန်းဆရာများအားလုံး စုစုစည်းစည်း တွေ့ရသည့် ပွဲလည်းဖြစ်သည်။
ဦးဖေသိန်းသည် သတင်းစာကာတွန်းများသာ မကဘဲ ရှုမဝ၊ သွေးသောက်၊ မြဝတီ၊ ငွေတာရီ၊ ပေဖူးလွှာ၊ စစ်ပြန် မဂ္ဂဇင်းများတွင် ကာတွန်း၊ ဝတ္ထု၊ ဆောင်းပါးနှင့် သရုပ်ဖော်ပုံများ ရေးဆွဲခဲ့သည်။ ကိုယ်ပိုင် ရုပ်ပြောင်စာပေ စာအုပ်တိုက်မှ ပုံပမာလစဉ်၊ ရွှေရိုးရုပ်စုံ အပတ်စဉ်၊ ငါးပါးသီလ ကာတွန်းပဒေသာ၊ ၃၈ ဖြာ မင်္ဂလာ၊ တရားတော်လာ ပုံပမာ စသည့် စာအုပ်များ ရေးဆွဲထုတ်ဝေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဒေါ်ခင်လေးနွယ်နှင့် အိမ်ထောင်ကျပြီး သား ၆ ဦး၊ သမီး ၁ ဦး ထွန်းကားခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော ဦးဖေသိန်းကို အစိုးရက “မော်ကွန်းဝင် ဒုတိယအဆင့်” ချီးမြှင့်ခဲ့သည်။
၂၀၀၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် နာတာရှည်လေဖြတ် ဝေဒနာဖြင့် ဦးဖေသိန်း ကွယ်လွန်ခဲ့သည်။ ဦးဖေသိန်းသည် သတင်းစာ ကာတွန်းဆရာအဖြစ် သေသည်အထိ ခံယူသွားခဲ့သူ ဖြစ်သည်။
ကာတွန်း ဦးဖေသိန်း၏ လူသိများသော ကာတွန်းတကွက်မှာ ဟီရိုရှီးမားရုပ်တုကို တုပ်နှောင်ထားသော သံကြိုးများ အင်္ဂလိပ်အက္ခရာ ၈ လေးလုံးသဏ္ဍန် ပြတ်ထွက်နေသည့် ပိုစတာကာတွန်း ဖြစ်သည်။ အဆိုပါ ကာတွန်း မဂ္ဂဇင်းတွင် ပါလာချိန်နှင့် မြန်မာပြည်၏ အကြီးမားဆုံး လူထု အရေးတော်ပုံကြီး ဖြစ်သည့် ၈ လေးလုံး အရေးတော်ပုံ စတင်ချိန်တို့မှာ တိုက်ဆိုင်နေသည်။
ယင်းကာတွန်းကို ၁၉၈၈ ခုနှစ် သြဂုတ်လကထုတ် ချယ်ရီမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီးသည့်နောက် စစ်အစိုးရက ဦးဖေသိန်းကို ကာတွန်းရေးခွင့် ၆ နှစ်နီးပါးခန့် ပိတ်ပင်ခဲ့သည်။
“ကာတွန်းကို စာစောင်တွေ မဂ္ဂဇင်းတွေမှာ ရေးခွင့်ပိတ်တယ် ဆိုပေမယ့် သူ့အတွေးကိုတော့ ပိတ်ပင်လို့မရပါဘူး။ အဲဒီလို ပိတ်တဲ့အတွက်လည်း သူဟာ ဘာမှ သိပ်ခံစားရပုံမရပါဘူး။အဲဒီအချိန်က ကာတွန်းတွေ အများကြီးရေးဖို့ စိတ်ကူးတွေတောင် ပိုရခဲ့တယ်။ အခုပြသထားတဲ့ ကာတွန်းပုံတွေက သက်သေပဲ” ဟု ကာတွန်းဖေသိန်း၏ သမီးဖြစ်သူ မဇွန်ပွင့်က ဧရာဝတီသို့ ပြောသည်။
ဦးဖေသိန်း အမှတ်တရ ကာတွန်းပြပွဲတွင် ၎င်းရေးဆွဲခဲ့ပြီး ခေတ်အဆက်ဆက် အစိုးရစာပေစိစစ်ရေးက ပိတ်ပင်ခဲ့သော ကာတွန်းလက်ရာများ အပါအဝင် ကယ်ရီကေးချားများ၊ ၎င်း၏ ဓာတ်ပုံများ၊ ၎င်း၏ ရှားပါးလက်ရာများကို မူရင်းအတိုင်း ပြသ ရောင်းချခဲ့သည်။