[irrawaddy_gallery]
အဖြူများများ၊ အလင်းများများနှင့် ဓာတ်ပုံဆန်ဆန် ရှုခင်းရှုကွက် ရေဆေးကားများကို ရေးဆွဲတတ်သည်က ပန်းချီမိုးညို၏ ဟန်ဖြစ်သည်။ သူက အဖြူရောင်ကို နှစ်သက်မြတ်နိုးသူ ပန်းချီဆရာ။
ဓာတ်ပုံဆန်ဆန်ဟု ဆိုရခြင်းမှာ ဓာတ်ပုံကဲ့သို့ အနုစိတ်ခြယ်မှုန်းသည်ဟု မဆိုလို၊ သူ့ပန်းချီကား အများစုတွင် ဓာတ်ပုံများ ကဲ့သို့ ဖိုးဂရောင်းများ ထူးထူးခြားခြား တွေ့ရလေ့ ရှိသောကြောင့် ဖြစ်၏။ သူ့ ပန်းချီကား တချပ်တွင် အဖြူရောင် ရှေးအုတ်ကျောင်း တကျောင်း၏ ဗိသုကာ ကောက်ကြောင်း များကို မှုန်းခြယ်ပြထား သော်လည်း ထိုအဖြူရောင်များ၏ရှေ့ ပန်းချီကား အောက်ခြေတွင် ပန်းရောင်တောက်တောက် ပန်းပွင့်များက အဖြူနှင့်ကွဲထွက် နေရာယူနေသည်။ အလားတူ စေတီဖြူဖြူကလေးများ တန်းစီရေးဆွဲထားသော်လည်း ပန်းချီကား၏ အပေါ်ခြမ်း မျက်နှာစာတွင် ထနောင်းရွက် စိမ်းစိမ်းများက ဖိုးဂရောင်း ဖြစ်နေပြန်သည်။ တပုံမှာတော့ အရွက်ကျဲကျဲ ရေးခြယ်ထားသည်။ ပန်းချီကား အရှေ့ အောက်ခြေတွင်တော့ ကန့်လန့်ဖြတ် အဖြူရောင် အုတ်ဝရံတာတခု။
ပန်းရင့်နှင့် အဖြူ၊ အစိမ်းနှင့် အဖြူ၊ အညိုနုနှင့် အစိမ်း … ကွဲထွက်စေသော အရောင်များဖြင့် ရေဆေး မီဒီယံ တမျိုးတည်း ကိုသာ တောက်လျှောက် အသုံးပြု ရေးဆွဲနေခြင်းကိုက မိုးညို၏ ဟန်ပဲ ဖြစ်မည်။ ထို့ကြောင့်လည်း သူ၏ ဘဝ တစိတ်တဒေသကို လေ့လာဖြစ်သည်။
အသက် ၄၀ ဝန်းကျင်ခန့် အသားညိုညို၊ ခပ်ပြည့်ပြည့် ခန္ဓာကိုယ်နှင့် အပြုံးချိုချို ပိုင်ရှင် မကွေးတိုင်း ပွင့်ဖြူဇာတိ ဖြစ်သော ပန်းချီ မိုးညိုသည် ၁၉၉၄ ခုနှစ်က ယဉ်ကျေးမှုတက္ကသိုလ် (ယခု အနုပညာတက္ကသိုလ်) မှ ဒုတိယ အသုတ် ပန်းချီမေဂျာ ကျောင်းဆင်း ဖြစ်ပြီး တကိုယ်တော် ပန်းချီပြပွဲ ၇ ခါနှင့် အဖွဲ့လိုက် ပန်းချီပြပွဲများတွင် ပါဝင် ပြသခဲ့သူ ဖြစ်သည်။ ယခု လက်ရှိတွင် ရန်ကုန် အနုပညာတက္ကသိုလ်၌ ရေဆေးနည်းပြဆရာ အဖြစ် တာဝန်ယူနေသူလည်း ဖြစ်သည်။
သူက ရေဆေး တမျိုးတည်းကိုသာ စွဲစွဲလန်းလန်း ဘာကြောင့် ရေးဆွဲဖြစ်သလဲဆိုတာ ရှင်းပြသည်။
“ဆီဆေးတို့၊ အခရိုင်းလစ်တို့နဲ့ ရေးဖို့ကင်းဗတ်စ်တွေ၊ ဆေးတွေ ဝယ်ဖူးတယ်၊ ဒါပေမယ့် ကျနော် ရေးချင်တာက ရေဆေးပဲ။ နောက်ဆုံး ရေဆေးနဲ့ ရေးရတာပဲ အားရတယ်ဆိုတာ သိလာတယ်” ဟု သူကဆိုသည်။
ပန်းချီ အနုပညာသမားတိုင်းတွင် သူ့အားသန်ရာနှင့်သူ ရှိသည်။ အထူလိုင်း၊ အပါးလိုင်း၊ တချို့က အရောင်ကို အားပြု ရေးဆွဲ သကဲ့သို့၊ တချို့ကျတော့လည်း Composition၊ တချို့က အလင်းအမှောင် စသည်ဖြင့် ကိုယ်သန်ရာသန်ရာ အားပြု ရေးဆွဲသည်။ ပန်းချီမိုးညိုကတော့ Subject ကို ကြိုက်လျှင် ရေးသည်ဟု ပြောပြသည်။ အဖြူရောင် ခပ်များများ အရာဝတ္ထုများ တွေ့လျှင် သူ ပန်းချီ ရေးချင်လာပုံရသည်။
သူရေးဆွဲသည့် အရာဝတ္ထုက တမျိုးတစားတည်း၊ တနေရာတည်းက ဖြစ်ချင် ဖြစ်နေမည်၊ သို့သော် ရာသီဥတု၊ အခြား အခြေအနေ တခုခုကြောင့် ယင်းအရာဝတ္ထု၏ ပတ်ဝန်းကျင် အခြေအနေ၊ အနေအထား အပြောင်းအလဲကို ခံစားမိလျင် ဒါကိုပဲ သူက အမိအရ ယူရေးသည်။
“ကျနော်ရေးနေတဲ့ စေတီတဆူ၊ ဒါမှမဟုတ် အဆောက်အအုံ တခုရှေ့က အပင်ကလေး တပင်ရဲ့ ကိုင်းလေး တကိုင်း အပြောင်းအလဲ ဖြစ်သွားတယ် ဆိုပါတော့၊ အဲဒါကို ခံစားမိရင် နောက်တပုံ ထပ်ရေးလိုက်တာပဲ” ဟု သူက ဆိုသည်။
သူပြောသလို အရာဝတ္ထု တမျိုးတည်းကိုပဲ မတူသည့် ဝန်းကျင်များနှင့် ရေးဆွဲထားသော ပန်းချီကားများကို တွေ့ရသည်။
ထိုသို့ သူရေးသည့် အရာဝတ္ထုများ၏ အနီးအနား ဝန်းကျင် မတူလျှင် မတူသလို ထည့်သွင်းရေးဆွဲရင်း ကြာတော့မှ သူ့ကိုယ်သူ ဓာတ်ပုံရိုက်သလို ဖိုးဂရောင်းများဖြင့် ရေးဆွဲမိနေမှန်း သတိထားမိသည်ဟု ပန်းချီမိုးညိုက ပြောသည်။
သူက က ရှုခင်းများ၊ စေတီပုထိုးများကို ကိုယ်တိုင် ဓာတ်ပုံဖြင့် မှတ်တမ်းတင်ပြီးမှ ရေဆေးကားများ ရေးဆွဲသူ၊ သို့သော် ဓာတ်ပုံများကို ကူးဆွဲခြင်းတော့ မဟုတ်။
“ဥပမာ အရမ်းပူတဲ့ ပုဂံကနေ ပုပ္ပားကို ရောက်သွားတော့ မိုးနည်းနည်းမိတယ်၊ ချမ်းတယ် ဆိုပါတော့ အဲဒီခံစားချက်ကို စိတ်ထဲမှာ တွေ့ရင် အဲဒီခံစားချက်နဲ့ ညီတဲ့ ဓာတ်ပုံတွေ ပြန်ရှာတယ်၊ ပြန်လေ့လာတယ်၊ ပြီးတော့ ရေးလိုက်တယ်” ဟု ပန်းချီမိုးညိုက ရှင်းပြသည်။
ခံစားမှု၊ အနုပညာနှင့် သူအသုံးပြုသည့် မီဒီယံကို နိုင်နင်းခြင်းကြောင့် သူ၏ ပန်းချီကားများ ထွက်ပေါ်လာခြင်း၊ မိုးညိုဟန် ဆိုသည်ကို တည်ဆောက်နိုင်ခြင်း ဖြစ်ဟန်တူသည်။
သူ၏ အဖြူကဲသော ပန်းချီများအကြောင်း ရှင်းပြရတွင် ယခု ရွှေရောင် သင်္ဘောဆေး သင်္ကန်း အကပ်ခံခဲ့ရသော စစ်ကိုင်းက ကောင်းမှုတော် ပုထိုးကြီးအကြောင်း ကလည်း မပါမပြီး။ တချိန်က ထုံးသင်္ကန်းဖြင့် ဝင့်ထည်ခဲ့သော သမိုင်းဝင် ကောင်းမှုတော် ပုထိုးကြီးကို အဖြူရောင်နှစ်ခြိုက်သည့် ပန်းချီဆရာက ကောင်းကောင်း ခြယ်မှုန်းခဲ့ဖူးသည်။ မတူသော အမြင်၊ မတူသော ထောင့်ပေါင်းစုံက အဖြူရောင် ပုထိုးကြီးကို ရေးဆွဲခဲ့ဖူးသော ပန်းချီဆရာသည် ယခုလက်ရှိ ရွှေဆေးသုတ် ကောင်းမှုတော် ကိုလည်း ဓာတ်ပုံရိုက် ယူထားပြီးဖြစ်သည်။ သူဒါကို ခံစားနိုင်သည့် အချိန်တွင် ရေးဆွဲမည်ဟု ဆိုသေးသည်။ တင့်တယ် လှသည့် အဖြူရောင် ကောင်းမှုတော်ကို ရွှေဆေးသုတ်ခြင်း အပေါ် အဖြူရောင် နှစ်ခြိုက်သူ ပန်းချီဆရာ ဘယ်လိုခံစားရသလဲ ဆိုသည်ကလည်း စိတ်ဝင်စားစရာ ကောင်းသည်။
“အညာဒေသက အပူပြာရောင်ကောင်းကင် နောက်ခံမှာ အဖြူရောင် ကောင်းမှုတော် ပုထိုး လုံးလုံးကြီးက ဘယ်လောက် တင့်တယ်လိုက်သလဲ၊ ကျနော်ဆို ထောင့်ပေါင်းစုံ၊ ခံစားမှု ပေါင်းစုံနဲ့ ဆွဲဖူးတယ်။ အခု ရွှေသင်္ကန်းကပ်တယ် ဆိုပေမယ့် ဒါက ရွှေအစစ်မှ မဟုတ်ဘဲ၊ ရွှေရောင် သင်္ဘောဆေးတွေ။ ဥပမာ – ရွှေအစစ်တွေ ချထားတဲ့ ရွှေတိဂုံစေတီတော်ကြီးက သူ့ အဓိပ္ပာယ်နဲ့သူ တင့်တယ်တယ်၊ အဲဒါကိုတော့ ဘယ်တုလို့ရမလဲ” ဟု သူက ပြောသည်။ ပန်းချီဆရာက ပန်းချီဆရာလိုပဲ ပြောလိုက်ခြင်း ဖြစ်၏။ ဆက်လက်ပြီး သူက “ဒီလို ရွှေဆေး သုတ်လိုက်တယ် ဆိုတာက လုပ်ဖို့ အခွင့်အရေး ရှိတဲ့သူတွေ လုပ်ကြတာပေါ့ဗျာ” ဟု စိတ်ပျက်လက်ပျက် ဆိုသည်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ကျင်းပသော Water Color Art Show 2014 တွင် ပန်းချီမြင့်နိုင်၊ ပန်းချီ ခင်မောင်ဇော် တို့နှင့်အတူ သူ၏ အဖြူရောင်လွှမ်းသော Landscape ရေဆေး ပန်းချီကား ၂၁ ကား ပြသခဲ့သည်။
“ကျနော်က ပြပွဲရှိလို့၊ တခုခု လုပ်စရာရှိလို့ ပန်းချီဆွဲတာတော့ မဟုတ်ဘူး၊ ဆွဲချင်တဲ့ အချိန်တိုင်း ဆွဲနေတာပဲ” ဟု သူက ဆက်ပြောသည်။
ပန်းချီမိုးညို အတွက်တော့ စံတဦးတယောက် ရယ်လို့မရှိ၊ ပန်းချီ မုတ်သုန်၏ လိုင်းများကို သဘောကျသလို၊ ပန်းချီ ကျော်သောင်း၏ ရေဆေးများကိုလည်း ကြိုက်သည်၊ သူနှင့် ခေတ်ပြိုင်ဟု ဆိုရမည့် ပန်းချီမင်းဇော်၊ ပန်းချီ အောင်မြတ်ဌေး တို့၏ ရေးဟန်များကို နှစ်ခြိုက်သလို၊ ပန်းချီငြိမ်းချမ်းစု၏ အရောင်များကိုလည်း သဘောကျသူ ဖြစ်သည်။
“ကျနော်က Fine မှ၊ ခေတ်ပြိုင်မှ၊ မော်ဒန်မှရယ်လို့ အစွဲအလန်း မရှိဘူး။ ခံစားလို့ရတဲ့ အနုပညာအားလုံးကို ကြိုက်တယ်” ဟု သူက ပြောသည်။
ပန်းချီမိုးညိုက အနုပညာတက္ကသိုလ်တွင် ရေဆေးပန်းချီ နည်းပြအဖြစ် အမှုထမ်းခဲ့သည်မှာ ၁၅ နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။ ပန်းချီကို သင်ယူခဲ့သူလည်းဖြစ်၊ ပန်းချီအနုပညာကို ဖန်တီးရေးဆွဲ နေသူလည်းဖြစ်၊ လက်ရှိ ပန်းချီကို သင်ပေးနေသူ ဆရာတယောက်လည်း ဖြစ်သည့် သူ့အနေဖြင့် ခံယူထားတာ တခုတော့ရှိသည် ဆို၏။
“ပန်းချီဆိုတာ သင်ပေးလို့မရဘူး၊ သင်ယူလို့ပဲရတယ်။ များများ လေ့လာသင်ယူပြီး များများ ရေးရင်းကမှ ဟန်တခု ရလာတာ” ဟု သူက ဆိုသည်။