[irrawaddy_gallery]
ပြခန်းအဝမှာ ကပ်ထားတဲ့ “ဖိတ်ကြားထားသူများသာ” လို့ အင်္ဂလိပ်လို ရေးထားတဲ့ ပိုစတာက ရောက်ရှိသွားသူကို တချက်တော့ တန့်သွားစေပါတယ်။ အဲဒီပိုစတာ ဘေးမှာလည်း “လက်နက်၊ ကင်မရာ ကိုင်ဆောင်ထားသူများ အခန်းထဲ မဝင်ရ” ဆိုတဲ့ အဓိပ္ပာယ်ရ စာလုံးတချို့ကို အနီအောက်ခံမှာ အနက်စာလုံးနဲ့ အင်္ဂလိပ်လို ရေးထားပြန်တယ်။
အမှောင်ချထားတဲ့ အခန်းထဲ ရုတ်တရက် ဝင်လိုက်ရင်ပဲ ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားရသလို ဖန်တီးထားတဲ့ အသံ အမျိုးအစားတခုက ကြိုဆိုလို့၊ မှောင်နေတဲ့ အခန်းထဲမှာ လွှတ်ထားတဲ့ စပေါ့လိုက် အမျိုးအစား တခုကလည်း ဝင်ရောက် သွားသူကို အနှောင့်အယှက် ပြုနေပြန်တယ်။ နံရံမှာ ပြသထားတဲ့ တီဗီမှာတော့ အရင် စစ်အုပ်ချုပ်ရေး ကာလက မြဝတီ ရုပ်မြင်သံကြား မလာခင် ပြသလေ့ရှိတဲ့ ချီတက်နေတဲ့ တပ်မတော်သားတွေ၊ စစ်အုပ်ချုပ်ရေး ခေတ်ရဲ့ ဆောင်ပုဒ်တချို့ တလှည့်စီ ပြသထားတယ်။
ငြိမ်းချမ်းဆုရဲ့ “Toy Soldiers” လို့ အမည်ပေးထားတဲ့ ခေတ်ပြိုင် အနုပညာ ပြပွဲတခု ဖြစ်ပါတယ်။ အင်စတော်လေးရှင်း အနုပညာ အမျိုးအစားတွေထဲက တခုလို့ ပြောနိုင်တဲ့ ရယ်ဒီမိတ် ပစ္စည်းတွေနဲ့ စုစည်းတပ်ဆင်ထားတဲ့ Found Art ပြပွဲပါ။
စစ်သားအရုပ် ပုံစံအမျိုးမျိုးက ဝန်းရံပြီး အလယ်မှာတော့ ကြွက်ထောင်ချောက်၊ ရဲဒင်း၊ အသားကြိတ်စက်၊ ဘူဒိုဇာကား၊ ကြေးမီးပူ၊ တယ်လီဖုန်း၊ ဗီဒီယို ကင်မရာ၊ ရွှေဘော်၊ ကက်ကြေး စတဲ့ ပစ္စည်းတွေနဲ့ ပေါင်းစပ်ဖန်တီး တင်ဆက်ထားတဲ့ အနုပညာပစ္စည်း ၁၂ ခုကို ပြသထားတာပါ။ စစ်သားရုပ် ကလေးတွေထက် ကြီးမားတဲ့ အလယ်က ပစ္စည်းတွေကို နှစ်လက်မ သံချောင်းကြီးတွေနဲ့ ပြန်ချုပ် ထားပါသေးတယ်။
အမှောင်ခန်းထဲမှာ ပြသထားတဲ့ အနုပညာ ပစ္စည်း တခုချင်းစီအတွက် စပေါ့မီးတခုစီ ပေးထားပါတယ်။ ပစ္စည်း အမျိုးအစား တမျိုးစီကို အိမ်ရှင်မတွေ သုံးတဲ့ သစ်သားစဉ်းတီတုံး တခုစီပေါ်မှာ တပ်ဆင်ထားတာပါ။ သူဟာ ဒီလိုပြသနိုင်ဖို့အတွက် ၂၀၀၈ ခုနှစ်လောက် ကတည်းက စတင်ဖန်တီးခဲ့တာလို့ သိရပါတယ်။
“ဖိတ်ကြားထားသူများသာ” ဆိုတဲ့ အဝင်ဝက စာတန်းကို တွေ့ရတော့ ဖိတ်ကြားသည်ဖြစ်စေ၊ မဖိတ်ကြားသည်ဖြစ်စေ၊ အနုပညာရှင်က ကျေနပ်သည် ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ တာဝန်အရ အနုပညာပြခန်းတွေကို လာကြသူတွေ ရှိခဲ့ဖူးတဲ့ ခေတ်ကို ပြန်ပြောင်း မစဉ်းစားဘဲ မနေနိုင် ဖြစ်မိပါတယ်။
“ဒါကတော့ ကျနော့်ရဲ့ အနုပညာ လွတ်လပ်ခွင့်ပါ။ ထင်မြင်ယူဆချက် လွဲမှာလည်း စိုးတယ်၊ ကျနော်ဟာ ကမ်ပိန်းလုပ်နေတာ မဟုတ်ဘူး၊ ဆန္ဒပြနေတာလည်း မဟုတ်ဘူး၊ အနုပညာကို ပြနေတာဖြစ်တယ်၊ ဒါကြောင့် အနုပညာကို ခံစားနိုင်မယ်လို့ ထင်တဲ့သူတွေကိုပဲ ဖိတ်ပါတယ်” လို့ ငြိမ်းချမ်းဆုက ရှင်းပြပါတယ်။
စိစစ်ရေး ကာလကဆိုရင် ပန်းချီအနုပညာပြခန်းတွေကို ပရိသတ်တွေက မကြည့်ရှုခင်၊ မခံစားရသေးခင် စိစစ်ရေး အဖွဲ့က အရင်လာရောက် ကြည့်ရှုပြီး အနုပညာ ပစ္စည်းတွေကို ဖြုတ်တာ၊ ပယ်တာ၊ မပြဖို့ ပြောတာတွေ အနုပညာရှင်ပေါင်း များစွာ ခံစားခဲ့ရပါတယ်။ အခုတော့ ငြိမ်းချမ်းဆုက သူ့ရဲ့ တကိုယ်တော် အနုပညာ လွတ်လပ်ခွင့်ကို သရုပ်ဖော် လိုက်ပါပြီ။
ငြိမ်းချမ်းဆုဟာ ပန်းချီကားတွေ၊ အနုပညာ ပစ္စည်းတွေကို စိစစ်ဖြတ်တောက် ခဲ့သူတွေ အပေါ်မှာလည်း အာဃာတ မထားပါဘူး။ သူတို့တတွေကို သူ့ရဲ့ အနုပညာ ပြပွဲတွေဆီ လာစေချင်တယ်၊ ပြီးတော့ သူ့အနုပညာတွေကို သိချင်တယ် ဆိုရင်လည်း သေသေချာချာ ရှင်းပြချင်တယ်၊ သူတို့ ရှင်းပြတာတွေကိုလည်း နားထောင်စေချင်တယ်လို့ ဆိုပါတယ်။
“ကျနော် မှတ်ထားတာ တခုရှိတယ်။ ပြောတဲ့သူက ဘီအီးဒီအောင်သိုက်လို့ ထင်ပါတယ်၊ လူတိုင်းနားလည်တဲ့ အနုပညာဆိုတာ အနုပညာ အကြမ်းစားတဲ့။ ဒါကြောင့် ကျနော် သူတို့ကို ရှင်းပြချင်တယ်၊ အနုပညာသည် အနုပညာပါလား၊ အနုပညာကို ခုတုံးလုပ်ခြင်းသည် အနုပညာကို ခုတုံးလုပ်တာပါလားလို့ ရှင်းပြချင်တာ။ ရှင်းပြမှလည်း သိမယ်၊ သိမှာလည်း တန်ဖိုးထားတတ်မယ်၊ ငါအကုန် သိပြီးသားဆိုတာမျိုးတော့ မရဘူးပေါ့၊ အနုပညာဟာ အရမ်း သိမ်မွေ့ပါတယ်” လို့ ငြိမ်းချမ်းဆုက ပြောပါတယ်။
ပန်းချီကား တချပ်ချင်းစီ၊ အနုပညာ ပစ္စည်း တခုချင်းစီကို ဘာအဓိပ္ပာယ်လဲဆိုပြီး လိုက်မေး၊ လိုရာဆွဲတွေးပြီး အနုပညာရှင်ကို ရန်သူလို သဘောထားခဲ့တဲ့ ခေတ်တခုကတော့ စွန်းစွန်းကလေး လွန်မြောက်ခဲ့ပြီလို့ ဆိုရမယ် ထင်ပါတယ်။
“နေရာတိုင်းမှာ အဓိပ္ပာယ်လိုက်ဖွင့်ခိုင်းနေရင်တော့ မဟုတ်သေးဘူးပေါ့။ အလံမှာ အနီရောင်ပါတာနဲ့၊ အနီရောင်ဆိုတာ ရဲရင့်ခြင်း၊ တော်လှန်ရေးစိတ်ဓာတ်လို့ ဖွင့်ဆိုပြီး အနီရောင်ကဲတဲ့ ပန်းချီကားကို ဖြုတ်ခိုင်းတာမျိုးကတော့ မဟုတ်ဘူးပေါ့ဗျာ။ ပန်းချီကား ဆိုတာ အလံမှမဟုတ်တာ၊ ပြီးတော့ တိုင်မှာလွှင့်ထားတာမှ မဟုတ်တာ၊ ထဘီချုပ်ဝတ်တာမှ မဟုတ်တာ” လို့ ငြိမ်းချမ်းဆုက ဆက်ပြောပါတယ်။
မီးဖိုချောင်းသုံး စဉ်းတီတုံးတွေပေါ်မှာ သူရဲ့ ပစ္စည်းတွေကို တပ်ဆင်ထားတာဟာ အဓိပ္ပာယ် တစုံတခုများ ရှိသလားဆိုတဲ့ မေးခွန်းကိုတော့ သူက ဒါကို သီးခြား အဓိပ္ပာယ် မဖွင့်ဆိုချင်ဘူးလို့ ဆိုလာပါတယ်။
ငြိမ်းချမ်းဆုက သူ့ရဲ့ အနုပညာ ပစ္စည်းတွေကို ကြည့်ရှုသူတွေ လွတ်လပ်စွာ ခံစားနိုင်တယ် ဆိုပေမယ့် တာဝန်ယူမှု ကင်းတဲ့ လွပ်လပ်စွာ ခံစားစေခြင်း မဟုတ်ဘူးလို့ ဆိုပါတယ်။ သူဆိုလိုတာကတော့ ခံစားချင်သလို ခံစားဆိုပြီး ကြည့်ရှုသူ ဘက်ကို လျစ်လျှူရှုတဲ့ ပုံစံမဟုတ်ဘူးလို့ ယူဆရပါတယ်။
“အနုပညာရှင်ဆိုတာ သေသေချာချာ တွေးတောခံစား ဖန်တီး တည်ဆောက်ပြီးမှ ပရိသတ်ကို ချပြတာပါ” လို့ သူက ပြောပါတယ်။
သူခင်းကျင်း ပြသထားတဲ့ အနုပညာ ပစ္စည်းတွေက နားလည်ရ ခက်ခဲတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်ရှုသူရဲ့ အသက်အရွယ်၊ ဖြတ်သန်း ကျင်လည်ရတဲ့ ဘဝတွေ ကွာခြားသလို ခံစားပုံခြင်းလည်း ကွာခြားနိုင်ပါတယ်။
Marcel Duchamps က ၁၉၁၇ ခုနှစ်က စတင်ပြသခဲ့တဲ့ Found Art ခေါ် ရယ်ဒီမိတ် အနုပညာ ခေါ် ရှိပြီးသား ပစ္စည်းတွေနဲ့ တည်ဆောက် ဖန်တီးပြသတဲ့ အနုပညာ ပုံစံတရပ်ဟာ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလတွေကမှ မြန်မာအနုပညာရှင်တချို့ရဲ့ မိတ်ဆက်ပေးမှုကြောင့် မြန်မာပြည်က ပရိသတ်ဟာ မျက်ဝါးထင်ထင် မြင်တွေ့ ခံစားခွင့် ရခဲ့ပါတယ်။ အဲဒီလို မိတ်ဆက် ပေးတဲ့ အနုပညာရှင်တွေထဲမှာ ပန်းချီငြိမ်းချမ်းဆုလည်း တဦး အပါအဝင် ဖြစ်ပါတယ်။
ငြိမ်းချမ်းဆုဟာ ၁၉၉၃ ခုနှစ်မှာ ရန်ကုန် ပန်းချီပန်းပုကျောင်းက ဆင်းခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ တကိုယ်တော် ပန်းချီပြပွဲ စတင်ပြသခဲ့ပြီး ဒီနေ့အချိန်အထိ တကိုယ်တော် ပြပွဲ ၁၄ ပွဲ ကျင်းပပြီးပြီ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်က စတင်ပြီး အင်စတော်လေးရှင်း၊ ပါဖောမန့်၊ Video Art ၊ ဗီနိုင်း အနုပညာစတဲ့ ခေတ်ပြိုင် အနုပညာများစွာကိုလည်း ခင်းကျင်း ပြသခဲ့ ပါတယ်။ ဒီလို ခေတ်ပြိုင် အနုပညာတွေကို ဖန်တီး ပြသပေမယ့် သူ့ရဲ့ ပင်မရေစီးကတော့ ပန်းချီပါလို့ ဆိုပါတယ်။ ပန်းချီငြိမ်းချမ်းဆုကို သိတဲ့သူတွေကတော့ သူ့ရဲ့ အခရိုင်းလစ် Landscape ပန်းချီကားတွေနဲ့ တွဲမိကြပါလိမ့်မယ်။
ရန်ကုန် ပုလဲကွန်ဒိုမှာ ရှိတဲ့ Studio Square အနုပညာပြခန်းမှာ ၂ ရက်တည်း ပြသခဲ့တဲ့ Toy Soldiers အနုပညာ ပြပွဲက ငြိမ်းချမ်းဆုရဲ့ လက်ရာတွေကို ပြသရုံပြသပြီး ရောင်းချမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါကလည်း စစ်သားရုပ်ကလေးတွေက ပလတ်စတစ်လို မခိုင်မာတဲ့၊ ကျိုးပဲ့နိုင်တဲ့ ရယ်ဒီမိတ် ပစ္စည်းနဲ့ လုပ်ရတာကြောင့်လို့ ဆိုပါတယ်။ ခိုင်မာတဲ့ ကြားခံပစ္စည်း အသုံးပြုနိုင်ရင်တော့ သူ့ရဲ့ အနုပညာ ပစ္စည်းတွေကို ရောင်းချမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းဆု ပြသထားတာဟာ သူ တပ်ဆင်ထားတဲ့ အနုပညာ ပစ္စည်းတွေသာ မဟုတ်ဘဲ အသံနဲ့ အလင်းရဲ့ ဆက်စပ်မှုလည်း ပါရှိနေပါတယ်။
“လူဟာ တယောက်တည်း တိတ်ဆိတ်နေတဲ့ အချိန်မှာ ကြားရတဲ့ အသံကို သတိမပြုမိကြဘူး၊ အဲဒါကြောင့် နှလုံးခုံသံနဲ့ တူတဲ့ အသံကို လွှတ်ပေးထားတာ။ ဒါပေမယ့် အဲဒီအသံကို လူက အကြာကြီး မကြားချင်ဘူး၊ ပြီးတော့ မီးအစက်အပျောက်တွေက အမှောင်ခန်းထဲမှာ ကြည့်နေရတဲ့ လူကို အနှောင့်အယှက် ပေးနေတယ်။ ကြည့်တဲ့သူက ဒီအနုပညာ ပစ္စည်းတွေကို ကြည့်ချင် နေပေမယ့် ဒီအခန်းထဲမှာ အကြာကြီး မနေချင်ဘူး။ ကျနော်က လူတွေကို ဖိတ်တယ်၊ ဒါပေမယ့် အကြာကြီးလည်း မနေစေချင်ဘူး၊ အဲဒီသဘောကိုပါ ဆက်စပ် ပြချင်တာ” လို့ ငြိမ်းချမ်းဆုက ရှင်းပြတယ်။
လာလည်း လာစေချင်တယ်၊ အကြာကြီးလည်း မနေစေချင်တဲ့ နေရာဟာ ဘယ်နေရာ ဖြစ်မလဲ။
စစ်သားဟာ စစ်သားချည်း ဖြစ်မနေဘဲ သံနဲ့ပြန်အချုပ်ခံထားရတဲ့ ရွှေဘော်၊ မီးပူ၊ တယ်လီဖုန်း၊ ကင်မရာ၊ ရဲဒင်း၊ ကက်ကြေး၊ ဘူဒိုဇာကား စတဲ့ စစ်သားနဲ့ မသက်ဆိုင်သင့်တဲ့ ပစ္စည်းတွေနဲ့ တွဲဖက် ခင်းကျင်းထားတဲ့အတွက် ဒီပြပွဲဟာ စစ်အုပ်ချုပ်ရေး ကာလ တခုလုံးရဲ့ မြန်မာနိုင်ငံ အခြေအနေကို ဖော်ပြချင်တာလား … ဆိုတဲ့ မေးခွန်းကိုတော့ သူက ပြန်ဖြေပါတယ်။
“ကျနော် ကြီးပြင်းစ စိတ်ကစားတဲ့ အရွယ်၊ သာမန်ကနေ ကျော်တွေးတတ်တဲ့ အချိန်၊ ပတ်ဝန်းကျင်ကို စတင် စိတ်ဝင်စားတဲ့ အချိန်၊ ဆန့်ကျင့်ဘက်လိင်ကို စ စိတ်ဝင်စားတဲ့ အချိန်၊ စာပေဂီတ စတဲ့ အနုပညာကို စခံစားတတ်တဲ့ ဆယ်ကျော်သက် အရွယ်မှာ အရင်ဆုံး ကြားလိုက်ရတာက သေနတ်သံတွေပဲ။ အခု ကျနော့် အသက် ၄၀၊ ကျနော် ရှစ်တန်းနှစ်မှာ ၈၈ အရေးအခင်း ဖြစ်တယ်၊ ဆီကိုင်တဲ့လက်က ဆီစွန်းမှာပဲလေ” လို့ ငြိမ်းချမ်းဆုက ပြောပြပါတယ်။
ဆယ်ကျော်သက် အရွယ်ကနေ အသက် ၄၀ နီးပါးအထိ နှစ်ပေါင်း နှစ်ဆယ်ကျော် ခံစားတွေ့ကြုံခဲ့သမျှကို အနုပညာ ပစ္စည်းများ အဖြစ် ပြန်လည် ဖန်တီးထားတဲ့ ငြိမ်းချမ်းစုရဲ့ Toy Soldiers ဟာ အကယ်၍များ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရခဲ့ရင် မြန်မာပြည်မှာ တချိန်က တကယ်ကို ဖြစ်ခဲ့ ရှိခဲ့တာတွေကို သင်္ကေတ အဖြစ် ပြန်လည်ကြည့်ရှု အမှတ်ရစေနိုင်မယ့် အနုပညာ ပစ္စည်းများလည်း ဖြစ်နိုင်ပါတယ်။