[irrawaddy_gallery]
ရှုခင်း ပန်းချီကားတွေက လတ်ဆတ်ပြီး အရိုင်းဆန်ပေမယ့် သူစိမ်းဆန်တဲ့ လှပမှုမျိုးတော့ မဟုတ်ဘူးလို့ ခံစားမိတယ်။ ရှမ်းတောင်တန်းတွေရဲ့ အလှ အပကို ပန်းချီကားအတော်များများမှာမြင်တွေ့နေကျဖြစ်လို့ တစိမ်းမဆန်ပါ။ သို့ပေမယ့် တခြားတွေ့နေကျ ရှုခင်းပန်းချီကားတွေနဲ့ ကွဲပြားတဲ့ တင်ပြမှု၊ ကွဲပြားတဲ့ လှပမှုက လတ်ဆတ်ပြီး အရိုင်းဆန်တယ်လို့ ဆိုတာပါ။
ပန်းချီကားတွေထဲမှာ လူပုံ၊ တိရစ္ဆာန်ပုံ (Figure) တွေ ပါဝင်တာ မရှိသလောက် တွေ့ရတာ ကလည်း ထူးခြားချက် တခုပါပဲ။ ရှမ်းပြည်နယ် တောင်ကြီးမြို့ ဝန်းကျင်ရဲ့ ရှုခင်းတွေကို ရေးဆွဲထားတဲ့ ပန်းချီ မင်းသစ်ကြည်ရဲ့ ပန်းချီကား ၄၃ ကား စလုံးဟာ တခုချင်းစီမှာ ဇာတ်ကြောင်းပုံပြင်တွေ ရှိနေတယ်လို့လည်း ခံစားရပါတယ်။
“ကျနော် ပန်းချီကားထဲမှာ လူပုံတွေ ဘာလို့ ထည့်မရေးတာလဲ ဆိုတော့” ကျနော် Outdoor ရေး နေချိန်မှာ လူသူအသွားအလာ မရှိတာကြောင့်လည်း ဖြစ်နိုင်တယ်။ ပြီးတော့ ကျနော်ကိုယ်တိုင်ကလည်း လူပုံတွေ မထည့်ချင်ဘူးဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ပန်းချီကား ကြည့်ရှုတဲ့သူ ရှိနေပြီပဲလေ” လို့ မင်းသစ် ကြည်က ရှင်းပြပါတယ်။
ဓနုတိုင်းရင်းသား ပန်းချီမင်းသစ်ကြည်ရဲ့ပထမ ဆုံး တကိုယ်တော် အနုပညာ ပြပွဲကို သီရိဝေမွန် ပန်းချီပြခန်းမှာ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ကနေ ၂၈ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ အားလုံးဟာ ဆီဆေးကားတွေချည်းပဲ ဖြစ်ပါတယ်။
တောင်ကြီးသား ပန်းချီ မင်းသစ်ကြည်ဟာ အရင်က တောင်ကြီးဝန်းကျင်ရဲ့ ညရှုခင်း ပန်းချီ လက်ရာတွေလည်း ရေးဆွဲခဲ့သူပါ။ အဲဒီတုန်းက တော့ ညရှုခင်းဖြစ်လို့ ညပိုင်းတွေမှာ မြင်ရတာကို စိတ်နဲ့ မှတ်သားပြီး ပန်းချီကားမှာ ပြန်ရေးတာပါ။ ဒါပေမယ့် အခု ဘာကြောင့် Plein (Outdoor) ရေးဆွဲဖြစ်တာပါလိမ့်။
“အရင်က ကိုဖြိုးကြည်ရဲ့ လက်ရာတွေကို နှစ် သက်တော့ သူ့ကို မှီငြမ်းပြီး ရှုခင်းတွေ ရေးဆွဲတာ တွေ ရှိခဲ့ပါတယ်။ အခု ဘာဖြစ်လို့ Plein Air ရေး ဆွဲဖြစ်တာလဲဆိုတော့ ၂၀ဝ၆ လောက် အင်တာနက်ကို စသုံးဖြစ်ချိန်မှာ Plein Aritst အွန်လိုင်း ပန်းချီ အုပ်စုနဲ့ စတွေ့တယ်။ သူတို့လည်း အပြင်ထွက် ပန်းချီရေး တာလို့ သိရတယ်။ အဲဒီမှာ သူတို့ တင် ထားတဲ့ ပန်းချီကားတွေ ကြည့်ရတယ်။ အဲဒီအချိန်မှာ ကျနော် ရန်ကုန်မှာတုန်းက အိမ်ပြန်လွမ်းမိတဲ့အဖြစ် ကိုလည်း ပြန်သတိရမိတယ်။ ကျနော် လွမ်းနေတာက ဇာတိမြေရဲ့ စိမ်းလန်းတဲ့ တောတောင်နဲ့ ရှုခင်းတွေ ဆိုတာ နားလည်လိုက်တယ်။ အဲဒီမှာ အောက်ဒိုး ထွက်ရေးဖို့ စိတ်မှာ အားဖြစ်သွားတယ်။ ဒါပေမယ့် အပြည့်အဝ မရေးဖြစ်သေးဘူး” လို့ ပန်းချီမင်းသစ်ကြည်က ရှင်းပြတယ်။
သူဟာ ၁၉၉၉ ခုနှစ်မှာ ရန်ကုန် ယဉ်ကျေးမှု တက္ကသိုလ်က ပန်းချီ အထူးပြုဘာသာရပ်နဲ့ ဘွဲ့ ရရှိခဲ့ပြီး ၂၀ဝ၃ ခုနှစ်မှာတော့ တောင်ကြီးတက္ကသိုလ်က စိတ်ပညာအထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ကျောင်းဆင်းပြီး နောက်ပိုင်း မိသားစု လုပ်ငန်းဖြစ်တဲ့ တံဆိပ်ရိုက် လုပ်ငန်းကို ဦးစီးလုပ်ကိုင်ရင်း ကလေးငယ်တွေ ကို ပန်းချီပညာ သင်ကြား ပေးတယ်လို့သိရပါတယ်။ အဲဒီနောက် ၂၀ဝ၉ ခုနှစ်မှာ ကျောင်းဆရာမ တဦးဖြစ်တဲ့ မဇာခြည်သွေးနဲ့ အိမ်ထောင် ကျပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဇနီးဖြစ်သူက တောင်ကြီး မြို့ကနေ ၁၂ မိုင်လောက် ဝေးတဲ့ နောင်ခါးရွာကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စဉ်သူ့ရဲ့ Plein Air ပန်းချီကား တွေအများဆုံး ရေးဆွဲဖြစ်သွားတာလို့ သူကဆိုပါ တယ်။
“ကျနော့် အမျိုးသမီးက ဆိုင်ကယ် မစီးတတ်ဘူး၊ ဒါနဲ့ သူတာဝန်ကျတဲ့ ရွာကို ကျနော်ကဆိုင်ကယ် နဲ့ နေ့တိုင်း လိုက်ပို့ရတယ်။ အဲဒီမှာ ပန်းချီပစ္စည်းတွေ လည်းယူလာပြီး အနီးဝန်း ကျင်မှာ ပန်းချီရေးဖြစ်ပါတယ်။ ပထမဆုံး ဆွဲတဲ့ နေ့ကဆိုရင် အတွေ့အကြုံသစ်၊ ဝန်းကျင် သစ်ဖြစ်နေတော့ စိတ်အရမ်း လှုပ်ရှားတာကို မှတ်မိနေပါ တယ်။ အရင်တုန်းက Outdoor ရေးတာက အဖွဲ့နဲ့ ရေးတာ၊ အခုက တယောက်တည်းလေ” လို့ ပန်းချီ မင်းသစ်ကြည်က ပြောပြတယ်။
သူ့ဖခင်က တောင်ကြီး မြို့မှာ ထင်ရှားတဲ့ပန်းချီ ဆရာ ဦးတင်ဝင်းဖြစ်ပြီး မိခင်က အိမ် တွင်းမှုသင်ဆရာမ ဒေါ်ညိုညို ဖြစ်ပါတယ်။ ငယ်စဉ်ကလေး ဘဝကတည်းက ပန်းချီရေးဆွဲတာနဲ့ ထိစပ်ခဲ့ပြီး သူတတိယတန်း လောက်ကတည်းက ဖခင်က နွေရာသီတွေမှာ ပန်းချီရေးဆွဲ နည်းကို သင်ကြားပေးတာ ဖြစ်တယ်လို့ ဆို ပါတယ်။
ယဉ်ကျေးမှု တက္ကသိုလ် နောက်ဆုံးနှစ်မှာ စာတမ်း ပြုစုရတဲ့ အခါ ပန်းချီဆရာကြီး ဦးဘရင်ကလေး အကြောင်းကို ပြုစုပြီးဘွဲ့ရခဲ့တာပါ။ အဲဒီမှာဦးဘရင် ကလေးရဲ့သား ပန်းချီဆရာ မောင်ညိုဝင်းဆီသွား ရောက်လေ့လာ မေးမြန်းမှုတွေ လုပ်ရတယ်လို့ သိရတယ်။
“ဆရာ မောင်ညိုဝင်းပြောပြတဲ့ အထဲမှာ ပန်းချီ နဲ့ ပတ်သက်လို့ ကျနော်မှတ်မိနေတာရှိတယ်။ ပန်းချီ ကားရေးဆွဲရာမှာ ရိုးရှင်းမှု၊ သန့်စင်မှု၊ ရိုးသား မှန်ကန်မှုတွေ ပြည့်စုံဖို့ လိုတယ်လို့ ပြောပြဖူးတယ်။ ကျနော် အရမ်းကျေနပ်သွားတယ်။ ကျနော်က ဘာပဲ လုပ်လုပ် စိတ်ထဲမှာနှစ်နှစ်ကာကာ မရှိရင် မလုပ်ချင် ဘူးဗျ။ ပန်းချီရေးတာလည်း စိတ်ထဲမှာ နှစ်နှစ်ကာ ကာရှိမှ ပြည့်စုံတယ်လို့ ယူဆပါတယ်။ ဒါဟာ အနု ပညာအပေါ် ကျနော့်ယုံကြည်ချက်လို့ ပြောလို့ရ တယ်” လို့ ပန်းချီမင်းသစ်ကြည်က အနုပညာအပေါ် သူ့ယုံကြည်ချက်ကို ပြောပါတယ်။
သူ့ရဲ့ တခြား အနုပညာ လှုပ်ရှားမှုတွေလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ တောင်ကြီး တန် ဆောင်တိုင် မီးပုံးပျံပွဲဆိုတာ မြန်မာမှာရော၊ ကမ္ဘာ မှာပါ အထူးထင်ရှားတာပါ။ အဲဒီမှာ မင်းသစ်ကြည် က မီးပုံပျံတွေပေါ်က ပန်းချီဒီဇိုင်းပုံတွေ၊ အချိုး အကွေ့တခု ဖြစ်တဲ့အထိ ဖန်တီးခဲ့သူ ဖြစ်ပါတယ်။ အရင်ရှိနေပြီးသား ဖန်တီးရေးဆွဲမှု အပေါ်မှာ ပန်းချီရသ ပါတဲ့ ဖန်တီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
“ကျနော့် ဘဝမှာ နောက်ထပ်နောင်တ မရချင် လို့ အနုပညာအလုပ်ကို နှစ်နှစ်ကာကာ လုပ်နေတာ ပါ။ ကျနော် နောင်တရခဲ့တဲ့ အလုပ်တွေက အများ ကြီးပဲ။ အဲဒီအထဲမှာ ငွေရှာတဲ့ အလုပ်က ခပ်များများပါ” လို့ သူက ပြောပါတယ်။
သူရေးဆွဲထားတဲ့ ပန်းချီကားတွေနဲ့ ပတ်သက် ပြီး “လွမ်းစရာလို့ ပြောရမလား၊ ဝမ်းနည်းစရာလို့ ပြောရမလား မသိဘူးဗျာ..၊ ကျနော် ရေးထားတဲ့ တောင်ကြီးမြို့ အနီးဝန်းကျင်က ရှုခင်းတွေက အခု ကျတော့ အကွက်ရိုက် မြေကွက်တွေ ဖြစ်ကုန်ပြီ။ အရင်က အငွေ့အသက် အလှအပတွေလည်း မရှိ တော့ဘူးဗျ။ ပုံပြင်တပုဒ်လို့ ပြောရင်လည်း ရမယ် ထင်ပါတယ်” လို့ သူက ဆိုပါတယ်။