Culture

မမြရင်ရဲ့ လွမ်းပိုဖွယ်ရာ

This article has been converted from Zawgyi One to Unicode

လေဘာတီ မမြရင်အကြောင်း သတိတရ ပြောချင်ပါသေးတယ်။ လေဘာတီမမြရင် အနှစ် ၁၀ဝ ပြည့် မန္တလေး အငြိမ့် အလွမ်းပြေ ဗီစီဒီလေး ရိုက်ဖြစ်ကြတော့ မမြရင်ရဲ့ဇာတိ ရွှေဖလားကန်ရွာကို ၂၀ဝ၄ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့က ရောက်သွားတယ်။ ရွာကလေးက တကယ့်အညာ ကျေးလက်ရွာစစ်စစ်လေးပါ။ ဖုန်ထူထူ လှည်းလမ်းကြောင်း၊ ရှားစောင်း ပြာသာဒ်ပင်၊ ရွာလယ်ဇရပ် “နွားအုပ်ဆိတ်အုပ်၊ ရေစည်လှည်း၊ ထန်းရွက်မိုးတဲ” စတဲ့ အညာကျေးလက် ပုံရိပ်တွေနဲ့ ရွာလေးပါ။ ဒီလို ရွာလေးက နိုင်ငံကျော်ပြည်သူချစ် အနုပညာရှင်ကြီးတဦး ပေါ်ထွက်ခဲ့တယ် ဆိုတာ ထူးခြားအံ့ဩဖွယ်ရာ ဆိုပေမယ့် မြန်မာပြည်က အနုပညာရှင်ကြီးတွေ အတော် များများကလည်း ဒီလိုကျေးလက်ကပဲ မွေးဖွားပေးခဲ့ကြတာ မဟုတ်ပါလား။

ဘယ်လိုမှ ကြားခံ အဆက်အသွယ် မရှိဘဲ မေးမြန်းစုံစမ်းပြီး ရွှေဖလားကန်ရွာကို ရောက်ကြတော့ နောက်ပေါက် ရွာခံ လူငယ်လေးတွေက “လေဘာတီ မမြရင်” ဆိုတာ မသိကြတာများတယ်။ တယောက်စကား တယောက် နားနဲ့မို့ မမြရင်ရဲ့ ညီအစ်မဝမ်းကွဲ အသက် ၈၀ ကျော်အရွယ် ဒေါ်လှငွေတို့၊ ဒေါ်ပုမတို့ နဲ့တွေ့ပြီးမှ ဇာတ်ရည်လည် အဆင်ပြေတော့တာပေါ့။ ဒေါ်လှငွေရဲ့အိမ်မှာ မမြရင်ဓာတ်ပုံလေး ချိတ်ထားတယ်။

မမြရင်ရဲ့ အဘိုးနဲ့ အဘွားက ဦးကုလား၊ ဒေါ်နွယ်တဲ့။ သူတို့ ဇနီးမောင်နှံက မွေးတာက မမယ်မှုံတဲ့၊ မမယ်သုန်တဲ့၊ မဉာဏ်ရုံတဲ့၊ ဦးခန့်တဲ့။ မဉာဏ်ရုံက ရွာမှာ ဆိုင်းမင်းသမီးတဲ့။ ဖောင်တော်ဦး ဘုရားပွဲမှာ တောင်ရွာ မြောက်ရွာ အပြိုင်က ကြရင်း တောမင်းသား ကိုဖိုးသစ်နဲ့တွေ့ကာ အကြောင်းပါကြသတဲ့။ ကိုဖိုးသစ်ရဲ့ အဖေကလည်း မင်းသားပဲတဲ့။ ကိုဖိုး သစ်နဲ့ မဉာဏ်ရုံအကြောင်းပါပြီး မွေးလာတာက ငယ်မည် မလှရင်လို့ခေါ်တဲ့ မမြရင်ရယ်၊ ကိုဘခင်ရယ် နှစ်ယောက် တည်းပါ။

မမြရင်တို့ ရွှေဖလားကန်မှာနေတဲ့ အိမ်ဝိုင်းက အုန်းခြံကြီးတွေနဲ့ဆိုကိုး။ အိမ်ဘေးမှာ ချောင်းကလည်း စီးနေသေးသတဲ့။ ရေတွင်းလည်း ရှိသတဲ့။ အဲဒီရေတွင်းကို ဥနှဲပင်တွင်းလို့ ခေါ်ကြတယ်။ ကျနော်တို့ ရောက်လို့ မမြရင်ရဲ့ အိမ်နေရာကို ပြပါ ဦးလို့ ဆိုတော့ ရွာပြင်ဘက်ထွက်ပြီး တခေါ်လောက်က ကုန်းမို့မို့လေးနေရာကို ဒေါ်လှငွေက လက်ညှိုး ညွှန်ပြတယ်။ “အဲဒီနေရာလေးက မမရင်တို့ အိမ်နေရာလေး” တဲ့လေ။ ရှိုက်သံတွေနဲ့ပေါ့။ အခုတော့ ကန္တာရပင်လေးတွေသာ ကျိုးတိုးကျဲတဲ ပေါက်ရောက်နေတဲ့ ကျတ်တီးကုန်းလေး။ အုန်းခြံဆိုတာ ဝေလာဝေး။ စမ်းရေဆိုတာလည်း အရာမျှမထင် ခန်းခြောက် ပျောက်ကွယ်ကုန်ပေါ့။

“ချောင်းကလည်း ရေအမြဲရှိတော့ ချောင်းကမ်း မှာ အုန်းခြံထဲက ခူးလို့မကုန်နိုင်တဲ့ အုန်းသီးတွေများ ကြွေကျနေတာစီလို့”။ အုန်းပင်တွေနဲ့မို့ အရိပ် ကောင်းလိုက်တာက နေပြောက်မထိုးဘူး။ မမရင်က ရေချိုးရင် ချောင်းဘေးက ရေတွင်းမှာချိုးတာ။ နေပူလေး ရချိန်မှ ခေါင်းလျှော်တာ “သူ့ဆံပင်က လူတရပ် ဆံပင် တရပ်မို့ ရေတွင်းဘေးနေပူစာရတဲ့ ကွက်လပ် လေးမှာ ထိုင်ပြီး ရှေ့မှာ ဝါးလုံးတန်း ထိုးထားတဲ့ အပေါ် သူ့ဆံပင်ကြီးဖြန့်ပြီး နေလှန်း အခြောက်ခံရတာလေ” တဲ့။ ဒေါ်လှငွေက ပြောပြတယ်။

ကျနော်ကတော့ လက်ရှိမြင်နေရတဲ့ လွင်တီးခေါင် ကျတ်တီးကုန်းနေရာကို မမြရင်တို့အိမ်၊ အိမ်ဘေးက ရေသွင်သွင် စီးနေတဲ့ချောင်း၊ ချောင်းဘေးမှာ ရေတွင်းနဲ့ ဒီအိမ်ဝင်းကြီးကို အုပ်မိုးဝန်းရံထားတဲ့ အုန်းခြံကြီးကိုပဲ မျက်စိထဲ မြင်လာ တော့တယ်။ အတိတ်မြင်ကွင်းကိုပဲ အာရုံစွဲမိစဉ်မှာ နားထဲ ကြေးနောင်သံလေးနဲ့ သီချင်းတပုဒ်ကို အသံပြုလိုက်သလို ကြားရတာပေါ့။ ပြီးတော့မမြရင်ရဲ့ ကြည်မြတဲ့ သီချင်း … ဘာတဲ့။

“စိမ်းလဲ့လဲ့ညိုပြာ ယိမ်းနွဲ့နွဲ့ဆိုကာ နေခြည်လည်း မထိုးသေးပါကလား။ ဪသြော် … ရေနဒီကလည်း မတိုးသေး ပါကလား။ တို့ရွာဂါမာ မမြရင် ဟိုယခင် နေခဲ့တဲ့ရွာ”။

ဟုတ်ပါတယ်။ မမြရင် ဟိုယခင် ငယ်စဉ်ကနေခဲ့တဲ့ အိမ်ကလေးမှာတော့ အုန်းပင်၊ အုန်းလက်၊ အုန်းရွက်တွေနဲ့ နေခြည် နေပြောက် မထိုးရအောင် စိမ်းလဲ့အေးမြနေမှာပေါ့။ အိမ်နံဘေး ချောင်းလေးကလည်း အခုလို မိုးတွေ ညို့ပြီး မဲမဲသဲသဲ ရွာတဲ့ကာလ ဆိုရင် ချောင်းရေတွေလည်းတိုးမှာပေါ့။ သီချင်းသံက ဆက်ကြားရပြန်ပြီ။ အဝေးဆီကလေ။

“မြနဲ့မောင်နဲ့ အခုမှတွေ့တာ လူပါးမဝခင်တုန်းက ပြောပြတော့ ရယ်စရာပါ ထဘီလေးတိုတို ဝတ်ကာ မြငယ်စဉ်အခါ၊ လူထဲမဝင်ခင်သေးတော့ အလှအပြင်အဆင်ချာ မယ်ရင် ကုန်ကုန်ပြောမယ် တောသက်သက်မို့ ဘယက်ဒွါရာ ရွှံ့တွေ ကပ်စီကပ်စီ၊ ပုတီးလုပ်ကာ ဆွဲရပါတယ်၊ အုန်းမှုတ်ပဲ့ကိုရှာရှာ ဒိုလာပြားကြီး ဆယ့်ငါးပြားလောက် ဆွဲရတာ ကိုကိုတို့က မြှောက်စားပေမယ့် ဟိုတုန်းကလိုမပျော်ပါ”

လေဘာတီ မမြရင်ရယ်လို့ မြန်မာ တပြည်လုံး လျှမ်းလျှမ်းတောက် ကျော်ကြားနေချိန် ရွှေဒင်္ဂါးတပြား ၁၃ ကျပ်ပဲ ပေးရတဲ့ ခေတ်မှာ မမြရင်က အငြိမ့်တပွဲ ၄၅ ကျပ် ရသတဲ့။ ရွှေဆိုင်တန်းမှာများ နေ့ပွဲ ကထိန် ကရရင် ရွှေသည်ငွေသည်တွေ သာမက မင်းစိုးရာဇာ ကတော်တွေကတောင် မမြရင် ဝတ်တာစားတာ ငေးကြရသတဲ့။ စိန်အစစ် တဆင်စာ၊ ပတ္တမြား အစစ်တဆင်စာ စသည်ဖြင့် ရတနာ အစစ်တွေချည်း ဝတ်ဆင်နိုင်တာကိုး။ ဒါပေမယ့် အဲဒီပြည့်စုံ ကျော်ကြားတဲ့ဘဝကို မမြရင် မမက်မောပါဘူး။ ရွှေလှောင်ချိုင့်ထဲက ငှက်ကလေးလို ကျဉ်းကျပ်လှပါသတဲ့။ သူပျော်မွေ့မက်မောတာက ငယ်ရွယ်စဉ် ကလေးဘဝ ဇာတိ ရွှေဖလားကန်ရွာက အိမ်ဘေး၊ ချောင်းရေစပ် ရွှံ့ထဲမှာ ကြွေကျနေတဲ့ အုန်းသီးတွေက အုန်းမှုတ်ပဲ့တွေယူ၊ အပ်ချည်ကြိုးနဲ့သီပြီး ဒိုလာပြားပုံစံ လည်မှာဆွဲ။ ချောင်းစပ်က ရွှံ့တွေခူးပြီး ပုတီးလုပ်ကာဆွဲပြီး သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ပြေးလွှား ကစားရတဲ့ ဘဝကိုပဲ မက်မောပျော်ရွှင်ပါသတဲ့။ ကိုင်း … သီချင်းလေး ဆက်နားထောင် ကြည့်ရအောင်။

“မောင်မောင်တို့က မြှောက်စားပေမယ့် အရင်တုန်းကလောက် မပျော်ပါ။ ကျမတို့ရွာကို ပို့ပါပို့ပါ”၊ လွမ်းတဲ့သူနဲ့ တွေ့ရုံကလေးပါ။ တယောဘယ်လို တောတော၊ အဆန်းဘယ်လိုပေါပေါ နားဝင်ချိုအောင် ဘယ်လိုပြောပြော သဘောမကျနိုင်ဘူး အစ်ကို၊ ရွှေပြည်စိုး၊ ရွှေပြည်စိုး၊ ရွှေပြည်စိုး… လွမ်းပို ဖွယ်ရာ” တဲ့…။

တောမင်းသမီးလေး မမြရင်၊ သဘင့်တက္ကသိုလ် မန္တလေး ရွှေမြို့တော်ကြီးရောက်လာတော့ ပင်ကို အရည်အချင်းကလည်း ပြည့်၊ ပါရမီကလည်းပါတာမို့ တမဟုတ်ချင်း ကျော်ကြားပြီး တက္ကသိုလ် ကျောင်းတော်သားတွေက ကိုလိုနီခေတ်မှာ အလိုအပ်ဆုံး အဖိုးတန်အရာဖြစ်တဲ့ “လေဘာတီ” ဘွဲ့ကို ပေးအပ် မြှောက်စားခဲ့ရာက လေဘာတီမမြရင်အဖြစ် ထင်ရှား သွားခဲ့တယ်။ ဘယ်လိုပင် ထင်ရှားကျော်ကြား ပေမယ့် မမြရင်တယောက် မပျော်ပါဘူး။ သူ့ရွာကိုပဲ ပြန်ပို့ပေးပါတဲ့။ ရွာမှာက လွမ်းရတဲ့သူ ကျန်ရစ်မှာပေါ့။ အဲဒီ လွမ်းရတဲ့သူနဲ့ နှစ်ရှည်ကြာ ခွဲခဲ့ရလို့လည်း တခဏဖြစ်ဖြစ် တွေ့ရုံလေး ပြန်တွေ့ပါရ စေဦးပေါ့။ လေဘာတီ မမြရင်ဘဝမှာတော့ ဘေးမှာ တူရိယာ သံစုံနဲ့ နားဝင်ချိုအောင် မြှောက်ပင့် ပြောဆိုမယ့် သူတွေနဲ့ ဝိုင်းဝိုင်းလည်နေပေမယ့် ရွှေပြည်စိုး၊ ရွှေ ပြည်စိုး၊ ရွှေပြည်စိုးလို့ အိမ်ဘေး အုန်းခြံထဲက အော်မြည်နေတဲ့ ငှက်သံ လေးလောက် လွမ်းဆွတ်မက်မော ဖွယ်ရာ မရှိဘူးတဲ့လေ။ ကျနော်ဟာ ကန္တာရပင်တွေ ကျိုးတိုးကျဲတဲနဲ့ လွင်တီးခေါင်ပမာ ကျတ်တီးကုန်း ဖြစ်နေတဲ့ လေဘာတီ မမြရင်ငယ်ဘဝ အိမ်နေရာ ဟောင်းလေးကို ခပ်ငေးငေး စိုက်ကြည့်ရင်း အတွေး တွေထဲမှာတော့ စိတ်ကူးပုံရိပ်တွေ တဖျပ်ဖျပ်ပြောင်းလဲလို့ ။

ဒီလိုနဲ့ တကယ်တမ်းမြင်ရနေတဲ့ ပစ္စက္ခပုံရိပ် တွေကဖြင့် တဖြည်းဖြည်း ဝေဝေဝါးဝါး။

ဪ… မျက်လုံးအိမ်မှာ မျက်ရည်တွေပြည့်နေခဲ့ တာကိုး။

“ခရာသံစုံ ကျူးကြော့ ဉာဏ်ဟုန်

နန်းဘုံစကြာ၊ ပန်းညို … ပန်းနီ… ပန်းဝါ…

ဪ… ပေါတဲ့နေရာ၊ တောကွဲ့ဟေမဝါ” တဲ့လေ။ သီချင်းသံက တဖြည်းဖြည်း ပျောက်ကွယ်ဝေး။

Loading