နှစ်စဉ်နှစ်တိုင်း သင်္ကြန်အချိန်အခါ နီးလာပြီးဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးခဲ့ပြီး နေအောင်၊ ခင်သန်းနု၊ ဇင်ဝိုင်း၊ မေသန်းနုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ သင်္ကြန်မိုး ရုပ်ရှင် ဇာတ်ကားကို သတိရတတ်မြဲပါ။ မြန်မာသင်္ကြန်နဲ့ သင်္ကြန်မိုး ဇာတ်ကားဟာ တတွဲတည်း ဖြစ်နေသလို၊ သင်္ကြန်မိုးဇာတ်ကားရဲ့ ဇာတ်ဝင် တေးတွေဟာလည်း အခုထိတိုင် မရိုးနိုင်အောင် နားထောင်ကြရမြဲ ဖြစ်ပါတယ်။ သင်္ကြန်မိုးဇာတ်ကားထဲမှာ ယဉ်တဲ့အလှနဲ့ သင်္ကြန်အကတွေကို နုနုညံ့ညံ့ ကပြခဲ့တဲ့ ခင်သန်းနုရဲ့ သမီး နွယ်အဖြစ် သရုပ်ဆောင်သူ မေသန်းနုဟာလည်း သင်္ကြန်မိုး မင်းသမီးတလက်အဖြစ် အနုပညာနယ်ပယ်ထဲမှာ လူသိထင်ရှားခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သင်္ကြန်မိုးရုပ်ရှင်နဲ့ အမှတ်တရ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဧရာဝတီက သင်္ကြန်မိုးမင်းသမီး မေသန်းနုကို မေးမြန်း ဖော်ပြလိုက်ပါတယ်။
မေး။ ။ နှစ် ၃၀ နီးပါးရှိနေပြီဖြစ်တဲ့ ဇာတ်ကားဟာ အခုအချိန်အထိ သင်္ကြန်နား နီးလာပြီးဆိုရင် သင်္ကြန်မိုး၊ သင်္ကြန်မိုး ဆိုပြီး ဖြစ်နေကြသေးတဲ့ အဲဒီ ဇာတ်ကားလေးနဲ့ ပတ်သက်ပြီး မဆင့် ပြန်ပြောပြမယ့် အမှတ်တရ လေးတွေကို နားထောင်ချင်ပါတယ်။
ဖြေ။ ။သင်္ကြန်မိုး ဇာတ်ကားက မဆင့် ပထမဆုံး ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ ဒီနေ့အထိ ရပ်တည်နိုင်တာလည်း သင်္ကြန်မိုးမှာပါတဲ့ သူ့ရဲ့ မြန်မာ့ယဉ်ကျေးမှု အတာသင်္ကြန်၊ ယဉ်ကျေးမှုသီချင်းတွေ အများဆုံး ပါတဲ့အတွက် ရပ်တည် နိုင်တာပေါ့လေ။ ယဉ်ကျေးမှုနဲ့ ထိန်းသိမ်းထားတဲ့ သဘောပါပဲ။ သင်္ကြန်ရောက်တိုင်းလည်း အမှတ်တရနဲ့ ဂုဏ်ပြုပြီး ပြန်ပြသနေတဲ့အတွက် မဆင့်တို့ကလည်း အဲဒီရဲ့ အကျိုးကျေးဇူးကို ယနေ့အထိ ခံစားနေရတုန်းပါပဲ။ ဒီကားလေးကို နှစ်စဉ် အမြဲတမ်း ဂုဏ်ပြု ပြသခြင်း ခံနေရတဲ့အတွက် အခုအချိန်ထိ ပီတိဖြစ်လို့ မဆုံးပါဘူး။
မေး။ ။ ဒီကားလေးကို ကြည့်ရတဲ့အခါ မြန်မာမိန်းလေး တက္ကသိုလ် ကျောင်းသူတယောက်က သင်္ကြန်မှာ ပါဝင်ဆင်နွှဲပုံ၊ သင်္ကြန်ကို သူတို့ စိတ်ခံစားမှု ဘယ်လိုရှိလဲ စသဖြင့်ပေါ့၊ အဲဒါမျိုးတွေကအစ တွေ့ရပါတယ်။ အဲဒီလို ပုံရိပ်တွေကအစ ပြန်ပြီးတော့ မြင်ယောင်ရတယ် ဆိုတော့ အဲဒီ ခေတ်ကာလတုန်းက တက္ကသိုလ်ကျောင်းသူ မြန်မာအမျိုးသမီးငယ်တွေရဲ့ သင်္ကြန်မှာ ပါဝင်ပတ်သတ်ပုံ၊ သင်္ကြန်အပေါ် သူတို့ထားတဲ့စိတ်နဲ့ အခုလက်ရှိပြောင်းလဲလာတဲ့ လူငယ်တွေရဲ့ သင်္ကြန်အပေါ်ထားတဲ့ စိတ်တွေ၊ အမြင်တွေ ကွာခြားလာပြီလို့ မြင်လား၊ မဆင့်ရဲ့ အမြင်လေးသိချင်ပါတယ်။
ဖြေ။ ။ မဆင့် သင်္ကြန်မိုးမှာ စပြီးတော့ မန္တလေးသင်္ကြန်ကို တွေ့ခဲ့ရတဲ့ ယဉ်ကျေးမှုနဲ့ အခုသင်္ကြန်ကတော့ အရမ်းကို ကွာသွားပြီပေါ့။ အခုသင်္ကြန်က ယဉ်ကျေးမှု သိပ်မရှိဘူး၊ အပျော်ပေါ့။ အပျော်သဘော ရေပက်ခံ တွေများတာပေါ့၊ ဖျော်ဖြေရေးတွေ များတာပေါ့။ သင်္ကြန်မိုးက ၈၅ ခုနှစ် သင်္ကြန်မှာပေါ့ သင်္ကြန်က အက၊ အလှနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန် အမွေအနှစ်တွေ အများကြီးရှိသေးတယ်။ အခုကတော့ အရမ်းကို ကွာဟနေတာပေါ့၊ တနှစ်တခါ မြန်မာ့ရဲ့ ယဉ်ကျေးမှုကိုတော့ ပြန်လည် ဖော်ထုတ်သင့်တယ်လို့ မဆင့်ထင်တယ်လေ။
မေး။ ။ သင်္ကြန်မိုးမှာ မဆင့်တို့ကတဲ့ အကတွေကို ဘယ်သူသင်ပေးလဲ။
ဖြေ။ ။ ယဉ်ကျေးမှုက ဆရာမဒေါ်ခင်စိန် ကသင်ပေးတာပါ။
မေး။ ။ ဒီဇာတ်ကားက မဆင့်ပြောသလို မဆင့်ရဲ့ ပထမဆုံးဇာတ်ကားပေါ့လေ။ ဒီဇာတ်ကားနဲ့ စခဲ့ရတဲ့ မင်းသမီးငယ်လေး ဘဝကနေ အခု ငါးထပ်ကွမ်း မင်းသမီးကြီး ဖြစ်လာတယ်။ ပြန်ပြီးတော့ အဲဒီအနုပညာ လမ်းကြောင်းကို ပြန်ကြည့်တဲ့အခါ ဘာတွေပြောင်းလဲ ကွာခြားတာ တွေ့ရပါသလဲ။
ဖြေ။ ။ အရမ်းကွာတယ်ပေါ့။ အခုကျတော့ ဗီဒီယို များတယ်ပေါ့၊ ရုပ်ရှင်ကလည်း အရမ်းကို အခြေအနေ မကောင်းဘူးပေါ့။ အခြေအနေ မကောင်းဘူးဆိုတာ ရုပ်ရှင်ကြည့်တဲ့ ပရိသတ်က နည်းတာပေါ့။ နည်းတဲ့အခါ ကျတော့ဒီခေတ်မှာ ဗီဒီယိုတွေများတယ်။ ရုပ်ရှင်ဆိုတဲ့ ဟာကလည်း တော်တော်လေးကိုနည်းသွားတာပေါ့။ စီးပွားရေးအရလည်း အောင်မြင်မှု နည်းလာတာပေါ့။ ဒါကလည်း ဘာကြောင့်လဲဆိုတာ ရုပ်ရှင်ရုံတွေကလည်း နည်းလာ တာပေါ့၊ တနှစ်မှာ ၁၂ ကားလောက်ပဲ ရုံတင် နိုင်တာပေါ့။ မဆင့်တို့ ခေတ်တုန်းကဆိုရင် တနှစ်ကို ဇာတ်ကား ၅၀၊ ၆၀ လောက် ရုံတင်နိုင်တာလေ။ အခုခေတ်မှာတော့ ၁၂ ကားပေါ့။ ၁၂ ကားတောင် အခြေအနေက သိပ်မကောင်းဘူး။ စီးပွားရေးကလည်း သိပ်မကောင်းဘူးလေ။ ခေတ်ကလည်း ဗီဒီယိုတွေမှာတောင် သိပ်မကောင်းဘူး။ အကုန်လုံးက စီးပွားရေးအရ သိပ်မကောင်းဘူး ဆိုတဲ့အခါကျတော့ ကုန်ကျစရိတ်တွေက နည်းလာအောင် လုပ်လာကြတဲ့အခါကျတော့ အနုပညာ အရည်အသွေးတွေက နည်းလာတာပေါ့။ အချိန်မပေးနိုင်ဘူး၊ မြန်မြန်နဲ့ စီးပွားရေးအရ ကိုက်ညီအောင် လုပ်ကြတဲ့အခါ ကျတော့ အကုန်လုံး အကြောင်းကြောင်းတွေ ဖြစ်ကုန်ကြတာပေါ့။
မေး။ ။ ဒီ သင်္ကြန်မိုးဇာတ်ကားနဲ့ ပတ်သက်ပြီးပြန် မေးရရင် သင်္ကြန်မိုးဇာတ်ကား ရိုက်ကူးခဲ့စဉ်တုန်းက မဆင့်လည်း ပထမဆုံး မျက်နှာသစ် တယောက်အနေနဲ့ ပါဝင်ခဲ့ရတာဆိုတော့ အခက်အခဲတွေတော့ ရှိမှာပေါ့။ အဲဒီ အခက်အခဲ လေးတွေကို အမှတ်တရအနေနဲ့ မှတ်မိသလောက် ပြန်ပြောပြပေးပါဦး။
ဖြေ။ ။ အခက်အခဲတွေကတော့ အများကြီးတော့ မဟုတ်ဘူးပေါ့။ မဆင့်တို့က သင်တန်းကဆင်းတဲ့ အခါကျတော့ ဒီသင်တန်းကနေ အတွေ့အကြုံရှိထားတဲ့ အခါကျတော့ အခက်အခဲက နည်းတယ်။ မဆင့် အခက်အခဲက ဘာလဲဆိုတော့ စကားပြောမပီဘူး။ စကားမပီတဲ့ အခါကျတော့ စကားပီအောင် ကျင့်ရတယ်ပေါ့။ ပြီးတော့ ဒီဇာတ်ကားထဲမှာပါတဲ့ ဝါရင့် သရုပ်ဆောင် ဒါရိုက်တာကြီးတွေက သင်ပေးတယ်ပေါ့။ ဇာတ်ကား တခုလုံးက ကောင်းတဲ့အခါ ကျတော့ ကိုယ်ကလည်း အလိုလို အဲဒီထဲမှာ ပါသွားတာပေါ့။ အသာလေး လိုက်သွားရုံ လေး၊ ကြိုးစားအားထုတ်မှုက မဆင့်တို့အပိုင်းမှာ သိပ်မရှိပါဘူး။ ကိုယ်ကလည်း ကံကောင်းသွားတာပါ။
မေး။ ။ ဒီသင်္ကြန်မိုး ဇာတ်ကားကြီးက မဆင့်ကို မေသန်းနုဆိုပြီး ဖြစ်လာဖို့အတွက် အနုပညာလမ်းကြောင်းပေါ်ကို ရောက်လာဖို့အတွက် ဘယ်လောက် အတိုင်းအတာအထိ အထောက်အကူပြုခဲ့သလဲ။
ဖြေ။ ။ သင်္ကြန်မိုး ဇာတ်ကားကြီးဟာ မဆင့်ကို မေသန်းနုအဖြစ် အနုပညာ လောကထဲရောက်အောင် အဓိက ပံ့ပိုးပေးတဲ့ ဇာတ်ကားပေါ့၊ အခုအချိန်အထိလည်း မဆင့်အတွက် လပ်ကီးပေါ့။ ကိုယ့်ဘဝအတွက် ဘယ်လိုမှ မမေ့နိုင်တဲ့ ဇာတ်ကားတကား ဖြစ်တယ်၊ ပထမဆုံး အနုပညာ ဇာတ်ကားလည်းဖြစ်တယ်။ အဲဒီကားနဲ့ပဲ ကိုယ်က မေသန်းနုဆိုပြီး လူသိများတာပေါ့။
မေး။ ။ ရုပ်ရှင်ကား တကား အရမ်းကောင်းပြီဆိုရင် ဒီဇာတ်ကားကြီးကို သူ့ခေတ်နဲ့ လျှော်ညီအောင် ပြန်ရိုက်လာကြတာတွေ ရှိတယ်။ တချို့ ဇာတ်ကားကြီးတွေပေါ့၊ တချို့ဆိုရင် လေး၊ငါး၊ ခါအထိ ပြန်ရိုက်လာကြတဲ့ အနေအထား အထိ ရှိတယ်ဆိုတော့ အခုဒီဇာတ်ကားကြီးကို ကျတော့ ပြန်လည်း မရိုက်သေးဘူး၊ ရိုက်ဖို့ အနေအထားလည်း မရှိဘူး။ ဒီရှိနေဆဲ ဇာတ်ကားကြီးကိုပဲ တမ်းတမ်းတတ မက်မက်မောမော ကြည့်နေကြရ သေးတာ ဆိုတော့ ဒီလိုဇာတ်ကားမျိုး နောက်ထပ် မထွက်ပေါ်လာရခြင်းအပေါ် ဒီဇာတ်ကားကြီးမှာ ပါဝင်ခဲ့ရတဲ့ အနုပညာရှင် တယောက်အနေနဲ့ ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ သင်္ကြန်မိုးက သူ့လိုကားမျိုးပြန်ပြီးတော့ ရိုက်လို့မရတာက ခုနလို သင်္ကြန်ဆိုတဲ့ ယဉ်ကျေးမှုလည်း ပါတာပေါ့။ ပါတဲ့အခါကျတော့ ဒီဟာကို ပြန်ရိုက်ရင် တော်တော်လေးကို အကုန်အကျများတာပေါ့။ ပြီးတော့ ဒီခေတ်ဒီအခါမှာလည်း အဲဒါမျိုးတွေက မရှိဘူးလေ။ ဒါမျိုးပြန်ရိုက်မယ် ဆိုရင်တော့ Setting အနေအထားရယ်၊ ငွေကုန်ကြေးကျရယ် အရမ်းများမှာ။ ဒီကားမှာက ဂီတပါအောင်မြင်တာ။ သီချင်း ပါအောင်မြင်တာပေါ့။ သူ့ကျော်သွားတဲ့ သီချင်း မရှိဘူးလေ။ သင်္ကြန်တိုင်း သင်္ကြန်သီချင်း အသစ်တွေ ထွက်တယ်လေ။ သင်္ကြန်မိုးကားထဲက သီချင်းတွေကိုတော့ ဘယ်သူမှ မကျော်နိုင်ဘူး။ နှစ်ရှည်လများပေါ့။ အနုပညာက တော်တော်လေးကို လုပ်ယူရမှာပေါ့။ အခန်းအနား တင်ဆက်ပုံက ပုံတူ ကူးချလို့ရချင်ရမယ်၊ အနုပညာ တင်ဆက်ပုံကတော့ ပုံတူကူးချဖို့ သိပ်မလွယ်ဘူး။ ထပ်ပြီးတော့ ပွားပြီးရိုက်ဖို့ အဆင်မပြေ ဘူးပေါ့။ ။