အနုပညာ ဖန်တီးတဲ့ သူတွေဟာ သာမန်လူတွေနဲ့ မတူဘဲ ထူးခြားစူးရှတဲ့ အမြင်တရပ် ရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ဖန်တီးတဲ့ အနုပညာလက်ရာဟာ အများလက်ခံပြီး မပျောက်မပျက် ထာဝရ တည်တံ့နေမယ့် အားလုံးလက်ခံတဲ့ အနုပညာ တရပ်အဖြစ် ရှင် သန်နေပါလိမ့်မယ်။ လူတွေ မြင်နေကျ၊ တွေ့နေကျ အပ်ကြောင်းထပ် ရိုးအီနေတဲ့ တင်ပြပုံမျိုးထက် လူတွေ ထင်မှတ်မထားတဲ့ ထောင့်တနေရာ၊ အကွေ့တခုကနေ တွေးခေါ်စဉ်းစားပြီး တင်ပြမှသာ ဆန်းသစ်ပြီး လှပတဲ့ အနုပညာ အရသာကို ရရှိမှာ ဖြစ်ပါတယ်။
သမားရိုးကျ ခေါက်ရိုးကျိုး ဆွေးမြည့်နေတဲ့ တင်ပြပုံမျိုးထဲက ဖောက်ထွက်ပြီး အမှန်တရားကို ရဲရဲရင်ဆိုင် တင်ပြနိုင်ဖို့ ရေးသားလှုံ့ဆော် ခဲ့တဲ့ သီချင်းလေးတပုဒ်ကို ကျနော်အမှတ်တရ လွမ်းဆွတ်မိနေတုန်းပါ။ အဲဒီ သီချင်းလေးကတော့ ချစ်ခင်လေးစားခဲ့ရတဲ့ တေးရေးဆရာကြီး စိုင်းခမ်းလိတ်ရဲ့ “တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ” ဆိုတဲ့ သီချင်းလေး ပါ။ ဆရာ စိုင်းခမ်းလိတ်မှာ ထင်ရှား ကျော်ကြား အောင်မြင်လှတဲ့ သီချင်းကောင်းများစွာ ရှိပေမယ့် ဒီသီချင်းလေးကတော့ လူသိနည်းပြီး ပြန်လည်ဖော်ထုတ်ခြင်းလည်း မရှိတဲ့ အတွက် တိမ်မြုပ်နေတဲ့ လက်ရာကောင်းလေး တခုလည်း ဖြစ်ပါတယ်။ အဲဒီလို တိမ်မြုပ်နေခဲ့ရတာကလည်း ကျင့်သုံးခဲ့တဲ့ ခေတ်တွေ စနစ်တွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
ကျနော်တို့ ဂစ်တာ စတီးတတ်စ အရွယ်ကတည်းက ဆရာလိတ်ရဲ့ စိုင်းထီးဆိုင် သီချင်းတွေနဲ့ ကြီးပြင်းလာခဲ့ရလို့ သူတို့ သီချင်း တွေ တော်တော်များများကို ရင်းနှီးကျွမ်းဝင်ခဲ့ပေမယ့် ဒီသီချင်းကို ကျနော် စတင် ကြားသိရတဲ့အချိန်က သီချင်းထွက်ပြီး အတော်ကြာမှ ဖြစ်ပါတယ်။ ၁၉၈၃-၈၄ ပတ်ဝန်းကျင် တောင်ကြီးကနေ ရန်ကုန်တက္ကသိုလ် လာတက်တော့မှ ဒီသီချင်းကို သိခဲ့ရပါတယ်။
အဆိုတော်ကြီး စိုင်းထီးဆိုင်ကို ကျနော် ငယ်ငယ်ကတည်းက နှစ်သက်စွဲလမ်းခဲ့ရပေမယ့် ပုဂ္ဂိုလ်ချင်း ရင်းနှီးကျွမ်းဝင်မှုတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျနော့် အစ်ကိုတွေလို၊ ဆရာတွေလို ရင်းနှီးချစ်ခင်ခဲ့ရတဲ့ The Wild Ones ဂစ်တာသမားတွေ လည်းဖြစ်၊ တောင်ကြီးသားတွေလည်း ဖြစ်တဲ့ ကိုနေထွန်း၊ ကိုမျိုးထွန်းတို့နဲ့ ပတ်သက်ပြီး ကိုထီးနဲ့ပါ ရင်းနှီးခဲ့ရ ပါတယ်။ ကျနော်က အဲဒီတုန်းက ဂီတ ကို အရမ်း ဝါသနာပါပြီး သီချင်းလေးတွေ စတင်ရေးသားဖို့ အားထုတ်နေတဲ့ အချိန်ဆိုတော့ ကိုထီးတို့ ရှိရာ ရန်ကုန်တက္ကသိုလ် တံတားဖြူနားက ခရမ်းပြာ အဆောင်ကို မကြာခဏ သွားလေ့ ရှိပါတယ်။
အဲဒီကာလတုန်းက တံတားဖြူ၊ ခရမ်းပြာဆောင်ဟာ အနုပညာသမားတွေ စုဝေးနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုထီးတို့ The Wild Ones အဖွဲ့သားတွေက ခရမ်းပြာဆောင် အပေါ်ထပ်မှာ ငှားနေကြသလို အောက်ထပ်မှာ ကိုနေဝင်း၊ ကိုမောင်မောင်၊ ကိုရဲလွင်၊ ကိုရာပြည့် အစရှိတဲ့ မဇ္ဈိမလှိုင်း အဖွဲ့သားတွေ ငှားနေကြပါတယ်။ ကိုထီးတို့ အဖွဲ့က “ပလက်ဖောင်း မင်းသား” စီးရီးသွင်းဖို့ လုပ်နေတဲ့ အချိန်ဖြစ်ပြီး မဇ္ဈိမလှိုင်း အဖွဲ့သားတွေ ကတော့ ကိုရာပြည့်ရဲ့ “နဒီမင်္ဂလာ” စီးရီးသွင်းဖို့ စီစဉ်နေ ချိန်ပါ။
The Wild Ones တဖွဲ့လုံးနဲ့ ရင်းနှီးနေပြီ ဖြစ်လို့ ဝါသနာပါတဲ့ ကျနော့်ကို သူတို့ သီချင်းသွင်းတဲ့ “မေ” စတူဒီယို ကိုလည်း ခေါ်သွားလေ့ ရှိပါတယ်။ သူတို့ ရေးတာ၊ တီးတာ၊ ဆိုတာတွေ ကြည့်ပြီး ကျနော် သီချင်းရေးဖို့ အားအင်တွေ ရခဲ့တာဆိုရင် မမှားပါဘူး။ တခါတလေ ကျနော့် အဆောင်တောင် ပြန်မအိပ်တော့ဘဲ သူတို့နဲ့အတူ ခရမ်းပြာမှာပဲ အတူအိပ်၊ အတူစား နေခဲ့ကြပါတယ်။
တနေ့ နေ့လယ်ခင်း သူတို့နဲ့ အတူရှိနေချိန် ရန်ကုန်တက္ကသိုလ် ရှမ်းကျောင်းသားများက ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပမှာမို့ ကိုထီးနဲ့ The Wild Ones အဖွဲ့သားတွေ ဖျော်ဖြေပေးဖို့ မေတ္တာရပ်ခံ လာရောက်ဖိတ်ကြားပါတယ်။ ကိုထီးက ရှောရှောရှူရှူပဲ လက်ခံလိုက်ပါတယ်။ ရန်ကုန် တက္ကသိုလ် ဝင်းထဲက ဝိဇ္ဇာခန်းမရှေ့ မြက်ခင်းပြင်မှာ ရှမ်းပြည်နယ်နေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ညမှာ ဖျော်ဖြေရမှာ ဖြစ်ပါတယ်။
ကျောင်းသားတွေ လာပြောတဲ့အချိန်က တပတ်ကျော်ကျော် လိုသေးတာမို့ သီချင်းတိုက်ဖို့ အချိန်လည်း ကိုထီးတို့ လုံလုံလောက် လောက် ရပါတယ်။ နောက်တနေ့ အဲဒီပွဲအတွက် သီချင်းတိုက်ဖို့ စီစဉ်တော့ ကိုထီးက ရှမ်းပြည်နယ်နေ့ ဆိုတော့ ရှမ်းပြည်နဲ့ ပတ် သက် တာလေးတွေ တီးခတ်သီဆိုကြဖို့ သီချင်း ရွေးချယ်ပါတယ်။
ဟော်လို ဂစ်တာလေးတွေနဲ့ ကိုနေထွန်း၊ ကိုခြူး (စောဂျက်ဆင်)၊ ကိုမျိုးထွန်းတို့နဲ့ အတူ ကိုထီးက သီဆိုမယ့် သီချင်းလေးတွေ ရွေးပြီး သီချင်း အကြမ်း တိုက်ကြတာပါ။ ချစ်တဲ့ ရှမ်းရိုးမတို့၊ စိုင်း ပြန်ရဦးမယ်တို့ စတဲ့ သီချင်းတွေ တိုက်နေချိန်မှာ ကျနော် ကြားဖူးပြီး သား သီချင်းတွေမို့ မဆန်းလှပေမယ့် သီချင်းတိုက်နေရင်း ခဏနားနေချိန် ကိုထီးက တခုခု စဉ်းစားမိသလိုနဲ့ “ဒီသီချင်းလေးလည်း ထည့်ဆိုရင် ကောင်းမလားမသိဘူး” ဆိုပြီး သူ့ ဟော်လို ဂစ်တာလေးကို ကောက်ကိုင်ပြီး တယောက်တည်း စတင်သီဆို တီးခတ် လိုက်ပါတယ်။
V1 ချယ်ရီတွေ သာယာတဲ့ ထင်ရှူးတောတွေ တကယ်ပေါရာမြေ ပျော်စရာပေ ခင်တွယ်တဲ့ ရှမ်းမလေးတွေ နေတဲ့ ရှမ်းမြေ
V2 ကဗျာဆရာတွေ ဒါရိုက်တာတွေနဲ့သီချင်း စပ်ဆရာတွေ စာရေးဆရာတွေ မြင်တာတွေပြန်ပြန် ပြီး ပြောပြတာတွေ တကယ်ထပ်လို့နေ
CHO:1 တောင်ပေါ်မြေရဲ့ လှပမှုကို မြင်ကာ နေတဲ့ ပရိသတ်များမလေ တောင်ပေါ်မြေရဲ့ တခြား တဖက် တမျက်နှာမှာ ဘာတွေရှိမှန်းမသိကြပေ
V3 မြင်စရာတွေ တကယ်တမ်း ပြောပြစရာတွေ ပုံလို့သာနေ အစ်ကိုတို့ရေ ပျော်နေတဲ့ အိပ်မက် ကနေ အပြင်ထွက်ခဲ့လေ
CHO:2 တောင်ပေါ်မြေရဲ့ တခြားတဖက် မျက်နှာမှာ ချယ်ရီတွေလည်း ယမ်းနံ့စွဲနေ သာယာတယ်ဆိုတဲ့ ထင်းရှူးတောတွေဟာ လောင်ရာတွေနဲ့ ရုပ်ပျက်နေ
“တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ” ဆိုတဲ့ သီချင်းလေးကို ကျနော် အဲဒီမှာ ပထမဆုံး ကြားဖူးပြီး အရမ်းလည်း ကြိုက်သွားခဲ့ပါတယ်။ Country Slow ဆန်တဲ့ သီချင်းလေးကို ကိုထီး ဆိုပြီးသွားချိန်မှာတော့ ကျနော်အပါအဝင် အဖွဲ့သားတွေကလည်း “ကိုထီး အဲဒီသီချင်းလေး ဆိုပါ၊ ကောင်းတယ်” လို့ ဝိုင်းထောက်ခံ ခဲ့ကြပါတယ်။
သီချင်းတွေ ရွေးပြီး အကြမ်းတိုက်ပြီးချိန် ကျနော့် ဆရာ ကိုနေထွန်းကို တောင်ပေါ်မြေရဲ့ တခြား တမျက်နှာ စာသားနဲ့ ဂစ်တာ ကော့ဒ် တွေ အတင်း ပူဆာ ရေးခိုင်းပြီး ကျနော့် အဆောင်အခန်း ရောက်တာနဲ့ တချိန်လုံး ဆိုတီးနေတော့တာ ပါပဲ။ လေးနက်ပြီး အတွေးအခေါ် ပါတဲ့ အဲဒီသီချင်းလေးကို ဆရာလိတ် ဘယ်အချိန် ဘယ်ကာလက ရေးဖွဲ့ခဲ့မှန်း ကျနော် မသိခဲ့ပေမယ့် ရှမ်းပြည်ဟာ ကျနော်တို့ ဟိုး ငယ်ငယ်လေးကတည်းက စစ်ပွဲတွေနဲ့ အသားကျနေခဲ့တာ ကြာလှပါပြီ။ ပြည်တွင်း စစ်ဒဏ်ကို တော်တော်စောစော ကာလကတည်းက ကျနော်တို့ ရှမ်းပြည်မှာ ခံစားခဲ့ရပါတယ်။ ဒါတွေကို သိမြင်နားလည် ခံစားနိုင်ဖို့ ဆရာလိတ်က ဒီသီချင်းလေးကို ဖွဲ့ဆိုခဲ့ဟန် တူပါတယ်။
ရှမ်းပြည်ရဲ့ လှပတဲ့ ချယ်ရီတွေ၊ ထင်းရှူးတော တွေ၊ တောတောင် ရှုခင်းတွေနဲ့ သာယာ ကြည်နူးဖွယ် မြင်ကွင်းတွေ အကြောင်း ကို သာ အနုပညာသမားတွေ ဖြစ်တဲ့ ကဗျာဆရာတွေ၊ ဒါရိုက်တာတွေ၊ သီချင်းရေးတဲ့သူတွေ ဖွဲ့ဆိုတင်ပြ နေတာတွေဟာ အပ်ကြောင်း ထပ်နေပြီ ဖြစ်တဲ့ အကြောင်း၊ အဲဒါတွေကြောင့် အများကလည်း ရှမ်းပြည်ဟာ လှပမှု သာယာမှုတွေနဲ့ ပြည့်နေတဲ့ တောင်ပေါ်မြေ လို့ ထင်နေကြကြောင်း၊ တကယ်တော့ တောင်ပေါ်မြေရဲ့ တခြား တမျက်နှာ မှာတော့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကြောက်မက်ဖွယ် ကောင်းလှတဲ့ စစ်ပွဲတွေ၊ သေနတ်သံတွေ၊ ဗုံးသံတွေ၊ ယမ်းနံ့တွေနဲ့ အကျည်းတန် ရုပ်ဆိုးလှတဲ့ စစ်ဘေး ဒုက္ခတွေ ခံစားနေရကြောင်း၊ ဒါတွေကို မြင်နိုင်အောင် ကြည့်ပြီး ခံစားနားလည် ပေးနိုင်ဖို့ ဆရာလိတ်က အသိပေး ရေးဖွဲ့ထားပါတယ်။
ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးနဲ့ ငြိမ်းချမ်းရေးကို တောင့်တ အာသီသရှိလှတဲ့ ဆရာလိတ်ရဲ့ ချင်ခြင်းစေတနာကို ဒီသီချင်းမှာ အတိုင်း သား တွေ့ရမှာပါ။
ဒီသီချင်းနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေ ကတော့ အများကြီးပါပဲ။ စောစောက ကျနော်ပြောခဲ့ သလိုပါပဲ။ ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ မြက်ခင်းပြင်မှာ ညဘက်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပါတယ်။
ကိုထီးနဲ့အတူ Lead ကိုမျိုးထွန်း၊ Bass စောဂျက်ဆင်၊ Drum ဂေါ်ဒင်ပေါလ်၊ Acoustic ကိုနေထွန်း အစရှိတဲ့ The Wild Ones အဖွဲ့သားတွေ ပါဝင်ခဲ့ကြပေမယ့် Keyboard တီးတဲ့ ပီတာပေါလ် ကတော့ ကျန်းမာရေးကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ သူ့နေရာကို ဧည့်သည် Player အဖြစ် ဒီနေ့ သီချင်းရေးဆရာကြီး စောခူဆဲက ပါဝင်ကူညီ တီးခတ်ခဲ့တာကို ကျနော် မှတ်မိသတိရနေ ပါသေး တယ်။
ကိုထီးက အဲဒီပွဲမှာ သူ့ရဲ့ အသစ်ထွက်ရှိမယ့် “ပလက်ဖောင်း မင်းသား” Album ထဲက သီချင်းတချို့ကိုလည်း မိတ်ဆက် ဖျော်ဖြေ ပေးခဲ့ပါတယ်။ နေ့သစ်၊ အချစ် အတွက် တဖန်မွေးဖွားခြင်း၊ မင်းခယောက်ျား အစရှိတဲ့သီချင်း တွေကို ဖျော်ဖြေခဲ့သလို အဲဒီသီချင်း စာသားလေး တွေပါတဲ့ လက်ကမ်းစာရွက်လေးတွေကို ပရိသတ်ကို ဝေငှပေးခဲ့တာကလည်း အမှတ်တရပါ။
အဲဒီထက် ကောင်းတဲ့ အမှတ်တရကတော့ အဲဒီပွဲမှာ ကြိုတင် အကြမ်းတိုက်ထားတဲ့ “တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ” ဆိုတဲ့ သီချင်းလေးဟာ ပွဲသာပြီးသွားတယ် ကိုထီး ဆိုသွားတာ မတွေ့ရပါဘူး။ ကျနော်အရမ်းကြိုက်တဲ့ သီချင်းလေးကို စင်ပေါ်မှာ ဆိုသွားတာ မတွေ့ရလို့ ပွဲပြီးချိန် စင်နောက်သွားပြီး ကိုထီးနား ကပ်လို့ “ကိုထီး တောင်ပေါ်မြေသီချင်း ဘာလို့ မဆိုတာလဲ” လို့ မေးမိပါတယ်။
ကိုထီးက လေသံတိုးတိုးနဲ့ “ညီစံ အဲဒီသီချင်း ခွင့်ပြုမိန့်မကျလို့ ဆိုလို့မရဘူး”လို့ ဖြေရှာပါတယ်။ ကျနော် အံ့အားသင့် တုန်လှုပ်သွားခဲ့ရပါတယ်။
အနုပညာသမားတယောက် သူဆိုချင်တဲ့ သီချင်းတပုဒ်ကို စင်ပေါ်မှာ ဆိုခွင့်မပြုဘူးဆိုတာ ဘယ်လိုမှလက်မခံနိုင်တဲ့ အောက်တန်း ကျတဲ့ လုပ်ရပ်တခုပါ။ ဘာဖြစ်လို့ အဲဒီသီချင်းကို သီဆိုခွင့် ပိတ်ပင်ခဲ့ရတာလဲ ဆိုတာကို ဆက်တွေးမိရင်း အဲဒီတုန်းက ကျင့်သုံးခဲ့တဲ့ ခေတ်စနစ်ကိုလည်း အော်ဂလီဆန် မုန်းတီးခဲ့ရပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီနေ့အထိလည်း စစ်ပွဲတွေနဲ့ မအေးချမ်းသေးတဲ့ ကျနော်တို့ရဲ့ တောင်ပေါ်မြေတွေမှာ ငြိမ်းချမ်းမှု တောင့်တနေတဲ့ စစ်ဆန့်ကျင်ရေး “တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ” သီချင်းလေးကို ကျနော် သီဆို တီးခတ်နေဦးမှာကတော့ အမှန်ပါပဲ။ ။
(ချစ်ခင်လေးစားခဲ့ရတဲ့ ဆရာ စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်နဲ့ The World Ones အဖွဲ့သားတွေ အတွက် အမှတ်တရ)