အနုပညာရှင် ထိန်လင်းရဲ့ လက်ရာတွေဟာ Narrative ဆန်တယ်၊ ပြီးတော့ စိတ်ခံစားမှုကို ဖွင့်ထုတ် တင်ပြတဲ့ပုံစံ ဖြစ်တယ်၊ ပြီး တော့ ပုဂ္ဂလဆန်ဆန် တင်ပြမှုတွေလို့ သုံးသပ်နိုင်ပါတယ်။ သူ့ရဲ့ လူပုံစံကတော့ အသား မဖြူမညို အရပ် မနိမ့်မမြင့်၊ စကားပြောရင် အေးအေးနဲ့ တိတိကျကျ ပြောတတ်သူ ဖြစ်ပါတယ်။
ကိုထိန်လင်းဟာ Beyound the Itch (တရွရွ ထိုးဆွမှုရဲ့ အလွန်) ဆိုတဲ့ ပထမဆုံး တကိုယ်တော် အနုပညာ ပြပွဲကို ၂၀ဝ၆ တုန်း က River Gallery မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ လန်ဒန်ကို ၇ နှစ်ကြာ သွားရောက် နေထိုင်ခဲ့ပါတယ်။
ဒီနှစ် မတ်လ ၂၆ ရက်နေ့ကနေ ဧပြီ ၆ ရက် နေ့အထိ ရန်ကုန်မြို့မှာရှိတဲ့ Rver Galler II မှာ တကိုယ်တော် ပြပွဲတခု ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံခြား ကနေ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင် သွားမှာ ဖြစ်ကြောင်း၊ အနုပညာကို အားပေး အထောက်အပံ့ ဖြစ်စေတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရည်ရွယ် ထားကြောင်း သူက ပြောဆိုပါတယ်။
သူ့ရဲ့ အနုပညာ သူ့ရဲ့ဖန်တီးမှုတွေနဲ့ ပတ်သက်လို့တော့ ကိုထိန်လင်းက “ဟုတ်တယ်။ Narrative ဆန်တယ်၊ ကျနော် စိတ်ဝင်စား တာ ၂ ခုရှိတယ်၊ တခုက Community Engagement ကို စိတ်ဝင်စားတယ်၊ လူထုနဲ့ ပရိသတ်နဲ့ ဆက်စပ်ပြီးလုပ်ရတဲ့ Project တွေကို စိတ်ဝင်စားတယ်၊ နောက်တခုက Story Telling ကို စိတ်ဝင်စားတယ်၊ ပုံပြင် ဇာတ်လမ်း ပြောပြတာပေါ့၊ အထူးသဖြင့် ကျနော့် လက်ရာ တွေမှာ တွေ့ရတာက ကျနော့်ဘဝကို အနုပညာနဲ့ ပြန်ပြောတာပါ၊ ကွဲပြားနေတာက ပုံမှန် ဘဝမျိုး မဟုတ်ဘဲနဲ့ နိုင်ငံရေးနဲ့ တော်လှန်ရေးဖြစ်စဉ်တွေ ကြားမှာ ရောက်နေခဲ့တဲ့ အနေအထားပေါ့၊ အထူးသဖြင့် မြောက်ပိုင်း ကိစ္စ (ABSDF) တို့၊ ထောင်တွင်း ထဲမှာ ကြုံခဲ့ရတဲ့ အနေအထားတွေပါ၊ ဒါပေမယ့် အဲဒါတွေချည်းလည်း မဟုတ်ပါဘူး၊ ကျနော့် လက်ရာတွေမှာ အိမ်ထောင်ရေး ဘဝ အကြောင်း၊ ကျနော့်ရဲ့ ပုဂ္ဂလအတွေ့အကြုံနဲ့ အဲဒီအပေါ် ခံစားချက်တွေကို ပုံပြန်ပြောသလို ပြောတာပါ၊ ကျနော် ရောက်ခဲ့တဲ့ နေရာ တွေ၊ တွေ့ကြုံရတာတွေက တခြား ပုံမှန်လူတွေ အများစု မတွေ့ကြုံ မဖြတ်သန်းရတဲ့ နေရာတွေ ဖြစ်နေတယ်၊ အဲဒီမှာ တယောက်နဲ့ တယောက် သတ်ဖြတ်ဖို့ ချောင်းမြောင်းနေတာတွေ၊ သတ်နေကြတဲ့ နေရာတွေ ပေါ့၊ အဲဒါတွေ တွေ့ကြုံရပြီးတဲ့နောက်မှာ ပန်းချီအနုပညာ နယ်ပယ်ထဲကို ခြေစုံပစ်ဝင်ပြီး ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တယ်၊ အဲဒီ အခါမှာ ဒီ အတွေ့ အကြုံတွေကို ပြန်တင်ပြဖို့ ဖြစ်လာ တယ်”လို့ ရှင်းပြပါတယ်။
“ဒီလိုတင်ပြတာကို တချို့ အနုပညာအကဲခတ် တွေက အရမ်းကို ပုဂ္ဂလဆန်တယ်ဆိုပြီး ပြောတာတွေ ရှိတယ်၊ အဲဒီမှာ ဖန်တီးမှု မရှိတော့ဘူးလိုလို ပြောတာတွေ ရှိတယ်၊ Concept ဆိုတာလည်း ပျောက်သွား သလိုလို ပြောတယ်၊ ဒါပေမယ့် ကျနော် တွေ့ရှိသွားတဲ့ အချက်ရှိတယ်၊ ၁၉၉၄ ကနေ တွက်မယ်၊ ဒီနေ့ဆို နှစ် ၂၀ ကျော် ရှိပြီပေါ့၊ ကျနော့် ဘဝ တွေ့ကြုံမှုက ကျနော့် အနုပညာ တခုလို့ မြင်တယ်၊ တောထဲရောက် သွားတာ၊ ထောင်တွင်းရောက်တာ၊ နိုင်ငံခြား ရောက်သွားတာ၊ ကိုယ် မကျွမ်းကျင်တဲ့ ဒီပလိုမက် နယ် ပယ်ထဲ ကို ရုတ်ခနဲ ရောက်သွားပြီး ရှင်သန်ရတာတွေဟာ လောကဓံတွေပဲ၊ တောထဲမှာ ရှင်သန်ဖို့ မလုပ်နိုင်ရင် အသက် ဆုံးရှုံးရသလိုပဲ၊ ဒီပလိုမက် မိသားစုလောကထဲ ရောက်သွားပြီး အဲဒါ တွေကို မသိရင်လည်း အသက်ဆုံး သွားတာမျိုး လိုပါပဲ၊ နေရာ တိုင်းဟာ တကယ်တော့ တောအုပ်ကြီးပဲဗျ၊ ကျနော် အင်္ဂလန်ကို ရောက်သွားတယ်၊ အင်္ဂလန်ကလည်း ကျနော့်အတွက် တောအုပ်ကြီးတခုပါပဲ၊ အဲဒီ တောအုပ်ထဲမှာ ကိုယ် Survive ဖြစ်အောင် အသည်းအသန် လုပ်ရတာပါပဲ၊ ထောင်ထဲမှာ ပန်းချီ ရေးခွင့်ရဖို့ ကြိုးစားရတာနဲ့ အတူတူပါပဲ”
“တကိုယ်ရည် ဖြတ်သန်းမှု ဆိုပေမယ့် လူသားတယောက်ရဲ့ ဖြတ်သန်းမှုပါ၊ တနည်း ကျနော်တို့ မြန်မာ လူ့အဖွဲ့အစည်းနဲ့ ခေတ် ကာလ ဖြတ်သန်းမှုကို ဖော်ပြတာလို့ ပိုင်ပိုင်နိုင် ပြောချင်ပါတယ်၊ ကျနော်တို့ အရွယ် မျိုးဆက်တခုမှာ တကယ့်ကို တွေ့ခဲ့ကြုံခဲ့ တာ ကို ပြန်ပြောချင်တာပဲ၊ ပန်းချီဆရာမ Tracy Emin ဆိုရင် သူ့ရဲ့ Sexual desire တွေကို ရေးဆွဲ ပြတယ်၊ မိန်းမသားတဦး ဖြစ်ပြီး တော့ သူနဲ့ သူ့ရည်းစားတွေနဲ့ အတူ အိပ်ခဲ့တာတွေကို ရေးဆွဲပြတယ်၊ လူအများအမြင်မှာ မတင့်တယ်ဘူးလို့ ယူဆထားတဲ့ အဖြစ် အပျက်နဲ့ ပစ္စည်းတွေကို ရေးဆွဲပြတယ်၊ ဒါဟာ သူ့ရဲ့ ပုဂ္ဂလခံစားချက်ပဲလို့ ဆိုနိုင်တယ်၊ ဒါပေမယ့် သူ့ရဲ့ဘဝကို လေ့လာကြည့် တော့ သူဟာ ငယ်စဉ် ၁၃ နှစ်လောက်မှာ Rape လုပ်တာ ခံခဲ့ရတယ်၊ အဲဒီ လူ့အဖွဲ့အစည်း က လျစ်လျူရှုခဲ့တယ်၊ စုံစမ်းတာတို့ စစ်ဆေးတာတို့ မရှိခဲ့ဘူး၊ အဲဒီ ကြမ်းတမ်းမှုကို ခံစားခဲ့ရတယ်၊ ဒါနဲ့ သူ့ရဲ့ အနုပညာ လက်ရာတွေမှာ သူ့ရဲ့ ပုဂ္ဂလ တွေ့ကြုံ ခံစားရမှုတွေ ထည့်သွင်း ချပြခြင်းသည်ပင်လျှင် လူ့အဖွဲ့အစည်း တရပ်မှာ ပြုပြင်ပြောင်းလဲသင့်တဲ့ အခြေအနေ အချက်အလက် အကြောင်း အရာကို ထင်ဟပ်ပြတဲ့ သဘော ဖြစ်နေတယ်”
ကိုထိန်လင်းဟာ သူ့ရဲ့ ပြပွဲဖွင့်ပွဲနေ့မှာ တက်ရောက်လာတဲ့ ပရိသတ်နဲ့အတူ ပန်းချီကားတခု ပေါင်းစပ်ဖန်တီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ကိုထိန်လင်းဟာ ပန်းချီဆရာ၊ ပါဖောမန့် အနုပညာရှင်၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စသဖြင့် ထင်ရှား ပါတယ်။
၁၉၈၅ ခုနှစ်မှာ ဥပဒေအထူးပြု ဘာသာရပ်နဲ့ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ် အရေးအခင်း ကာလ နောက် ပိုင်းမှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်တဦး ဖြစ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ၂၀ဝ၄ ခုနှစ်မှာ ထောင်ကလွတ်လာပြီး အနုပညာလုပ်ငန်း တွေကို အဆက်မပြတ် လုပ်ဆောင်လျက် ရှိပါတယ်။ ။