“အနုပညာ လက်ရာများသည် နိုင်ငံတနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ဖော်ပြနေကြ သည်”
ထိုစကားကို (သို့မဟုတ်) ထိုကဲ့သို့သော မှတ်ချက်မျိုးကို ကျမ ဖတ်ဖူးသော စာတွေထဲမှာ မကြာခဏ တွေ့ရဖူးသည်။ ၎င်းအဆိုကို စတင်သူ ဘယ်သူဘယ်ဝါ ဆိုသည်ကို မသိသော်လည်း ထိုအဆိုသည် တော်တော်မှန်ကန် ပါသည်။ ကျမတို့သည် အနုပညာ လက်ရာများမှ တဆင့် ခေတ်တခေတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာသိရှိနိုင်သည်။
ဒီနေ့ ခေတ်တွင်တော့ အနုပညာ လက်ရာတွေသည်လည်း နည်းပညာနှင့် တနည်းနည်းဖြင့် ပတ်သက် ယှက်နွှယ် လာကြသည်။ ဒီကနေ့ အဆိုတော်တွေသည် လေဘာတီမမြရင်တို့ ခေတ်တုန်းကလို မိမိပင်ကို အသံကို အားကိုးပြီး ပွဲခင်းတခုလုံး ကြားအောင် သီဆိုပြရန် မလိုတော့ပြီ။ ထိုမျှလောက် အပင်ပန်းခံ စရာ မလိုတော့ပြီ။
နည်းပညာကို အမှီသဟဲ ပြုပြီး ဖွံ့ဖြိုးလာသည့် အနုပညာများ ထဲတွင်တော့ ရုပ်ရှင်အနုပညာသည် တော်တော်လေး လွှမ်းမိုးမှု စွမ်းအားကြီးသည်။ ရုပ်ရှင်တွေထဲကနေ ကျမတို့ ကမ္ဘာအရပ်ရပ်မှ တောတောင် ရေမြေ သဘာဝတွေကို တွေ့နိုင်သည်။ လူတို့၏ စရိုက်သဘာဝတွေကို တွေ့နိုင်သည်။ ခေတ်ရေစီး၏ ရိုက်ခတ်မှုတွေကို မြင်တွေ့နိုင်သည်။ ဇာတ်ဆောင်တို့၏ အချစ်အမုန်း၊ အာဃာတ၊ မေတ္တာ၊ အာဏာ နှင့် တရားမျှတမှု တွေကို မြင်တွေ့နိုင်သည်။ ထိုအရာတွေကို ကြည့်ရှုကြရင်း ခံစားကြရင်းနှင့်ပင် ကျမတို့သည် ထိုရုပ်ရှင်ကားများ၏ လွှမ်းမိုးမှုကို (သတိမမူမိဘဲ) ခံလိုက်ကြရတော့သည်။
၁၉၅၀ ခုနှစ်များ ဒီဘက်ပိုင်းတွင် မြန်မာနိုင်ငံကို အနောက်တိုင်း ဟောလီးဝုဒ်မှ ရုပ်ရှင်ကားများ အင်အားကောင်းကောင်းနှင့် ထိုးဖောက်ဝင်ရောက်ခဲ့ကြသည်။ ၎င်း ရုပ်ရှင်ကားများမှ လူငယ်သရုပ်ဆောင်များ ၏ သရုပ်ဆောင်မှု အနုပညာသည် လူငယ်များ၏ ရင်ထဲထိုးဖောက် ဝင်ရောက်သွားသောအခါ လူငယ်အများစု သည် ၎င်းဇာတ်ဆောင်များ၏ ဝတ်စားဆင်ယင်မှုနှင့် အပြုအမူတွေ အတိုင်းတုပလာခဲ့ကြသည်။ James Dean လို ဂျင်းဂျက်ကက်ဝတ်ပြီး စီးကရက်ခဲကာ ခပ်မိုက်မိုက်ပြုံးတတ်လာသည်။ Rock Hudson လို ဆံပင်ကို အမောက်ထောင်ကာ ကော့စ်မက်တစ် ရွှဲရွှဲလိမ်းတတ်လာသည်။ Elvis Presley ကဲ့သို့ ဖလဲဘောင်းဘီ ခြေ အိုး ပွပွကို ဝတ်ပြီး ရော့ခ်အင်ရိုးကို ကခုန်တတ်လာ ကြသည်။
ဒီဘက် ခုနှစ်တွေမှာ ကျတော့ ဂျိုဒီဖော်စတာရဲ့ နှစ်လိုဖွယ်အပြုံး၊ ဘရက်ပစ်ရဲ့ ညှို့ငင်တဲ့ အကြည့်၊ အော်လန်ဒိုဘလွန်းရဲ့ ကြည်မွေ့ဖွယ် အပြုံးစသဖြင့် လူငယ်တွေ ရင်ထဲ ရောက်ကြပြန်သည်။ ဒါပေမယ့် အဲဒါတွေထက် ပိုပြီး လူငယ်တွေသာမက၊ အိမ်ပြင်ထွက် ခဲသည့် အိမ်ရှင်မတွေအပါအဝင် အရွယ်သုံးပါး စလုံးကို လုံးဝလွှမ်းမိုး ပစ်လိုက်နိုင်တာကတော့ ရုပ်သံကလာသည့် တီဗီဇာတ်လမ်းတွဲများပဲ ဖြစ်ပါသည်။
ရုပ်ရှင်ကား တကားကို ရုပ်ရှင်ရုံမှာ သွားကြည့် ရသလိုတကူးတက အချိန်ပေးစရာ မလို၊ ကားခနှင့် ရုံဝင်ကြေး မလို၊ ကရိကထမများ။ အိမ်မှာ မိသားစု စုံစုံညီညီ ထမင်းစားသောက်ပြီး အနားယူချိန်တွင် အိမ်ရှေ့ဧည့်ခန်းထဲမှ တီဗီခလုတ်ကို ဖွင့်ပြီး အေးအေးလူလူ ကြည့်လိုက်ကြရုံသာ။
မြဝတီ ရုပ်မြင်သံကြား ပေါ်ဦးစတွင် နိုင်ငံခြား ရုပ်သံ ဇာတ်လမ်းတွဲများကို စတင်ထုတ်လွှင့်ခဲ့သည်။ အဲဒါ မတိုင်ခင် ကတော့ ဟောလီးဝုဒ်မှ ရုပ်သံစီးရီးတချို့ကို မြန်မာ့ ရုပ်မြင်သံကြားမှ ပြသခဲ့ဖူးပါသည်။ ဝူခုန်းနှင့် ပါကျဲတို့ ပါဝင်သည့် အနောက်ဘက်သို့ ခရီးရှည် ဇာတ်လမ်းတွဲအပြီး သူရဲကောင်းတို့ ဒဏ္ဍာရီ နှင့် ပိုးမင်းသား၏ သိုင်းဝိညာဉ် ဇာတ်လမ်းတွဲများကို တီဗီကြည့်ပရိသတ်တို့ နှစ်ခြိုက်လာခဲ့ကြသည်။ အဲဒီနောက် တရုတ် ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ထုတ်လွှင့်ပြသခဲ့ပြီး မမေ့ရက်ဘူ းအချစ်ဦးရယ်၊ သစ်ခွလိပ်ပြာ စသည့် ဇာတ်လမ်းတွဲတွေ ခေတ်စားလာပြန်သည်။
လမ်းပေါ်မှာ ကောင်မလေးတွေကို ပိုင်ဟွေ့အကျႌလေးတွေနှင့် တွေ့တွေ့လာရသည်။ ချာတိတ်မလေးတွေရဲ့ စကတ်လေးတွေ တိုတို လာကြသည်။ ပေါင်ချိန်ဇာတ်လမ်းတွဲကတော့ လူငယ်များသာမက အဲဒီခေတ် အခါက မတရားမှု တွေကို ရင်စည်းခါးစည်း အံကြိတ်ခံနေကြရသော အရွယ်သုံးပါး လုံးသော ပရိသတ်တို့က တခဲနက် အားပေးခဲ့ကြသည်။
နောက်ပိုင်းတွင် မြန်မာ့ ရုပ်မြင်သံကြား ကလည်း ဂျပန်ရုပ်သံဇာတ်လမ်းတွဲ တခုဖြစ်သည့် “အိုရှင်း” ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြ သခဲ့ပြီး ဂျပန်ကားတွေကို ပရိသတ်အာရုံကျကြ ပြန်သည်။ အဲဒီနောက် အရင်က ကျမတို့ သတိမမူမိခဲ့ကြသည့် သူတို့ရိုးရာ ဓလေ့၊ အစားအသောက် အသုံးအဆောင်၊ ဝတ်စားဆင်ယင်ပုံတွေက ကျမတို့ရဲ့ နေ့စဉ်လူမှုဘဝတွေထဲ ကူးစက်ရိုက်ခတ် လာခဲ့ကြသည်။ ဆူရှီ၊ ဆူကီ၊ ဆာကေး ဆိုသော အစားအသောက်တွေက စလို့ ဂျပန်နည်းပညာဖြင့် ထုတ်လုပ်ထားသည် ဆိုသောလူ့ အသုံး အဆောင် တွေ၊ အလှကုန်တွေကို ကျမတို့တွေ နှစ်ခြိုက်စွာ ဝယ်ယူသုံးစွဲဖြစ် ကြတော့သည်။
“အချစ်ဆုံး အတွက် ဟင်းတမည်” ဇာတ်ကား မြဝတီရုပ်သံမှာ စပြသောအခါ ကျမတို့ မြန်မာပရိသတ်တွေ အတော်လေး ဇဝေဇဝါ ဖြစ်ခဲ့ကြရသည်။ တရုတ်ကားလည်း မဟုတ်၊ ဂျပန်ကားလည်းမဟုတ်၊ အဖွင့် စာတန်းထိုးတွေ ကြည့်ရတာတော့ ဂျပန်စာလုံးတွေနဲ့ ခပ်ဆင်ဆင်ပဲဟုယောင် ဝါးဝါးတွေးမိသူတွေ အများအပြား ရှိခဲ့လိမ့်မည်။ ဆိုလိုချင်တာကတော့ ကိုရီးယားဇာတ်လမ်းတွဲတွေ စတင် မပြသမီ၊ အဲဒီကိုရီးယား ဇာတ်လမ်းတွဲ တွေရဲ့ အကြီးအကျယ် လွှမ်းမိုးမှုကို မခံရမီ အချိန်မှာ ကိုရီးယားနိုင်ငံဆိုတာကို၊ ကိုရီးယား လူမျိုး ဆိုတာကို သတိမူမိသူ၊ ရင်းနှီးစွာ သိရှိသူ မြန်မာပရိသတ် အရေအတွက် အလွန်ပင် ရှားပါးခဲ့ ပါလိမ့်ဦးမည်။ အခုတော့ဖြင့် ကိုရီးယား လှိုင်းလုံးအောက်မှာ ကျမတို့ မြန်မာပရိသတ်တွေ ပျော်ရွှင်စွာ စီးမျောကူးခပ် နေခဲ့ကြပြီ။ သူတို့ရဲ့ လူနေမှု ဘဝပုံစံ အတော် များများကိုလည်း ကျမတို့ အတော်ရင်နှီးလေ့ကျက်မိကြပြီ။
ကိုရီးယားထမင်းလိပ်၊ ပဲခေါက်ဆွဲ၊ ကင်မ်ချီတို့ ကိုကိုရီးယားကားချစ်သူ ပရိသတ်အများစု မြည်းစမ်းပြီးခဲ့ကြပြီ။ လူငယ် ကောင် ကလေး တွေက ကိုရီးယားမင်းသားတွေလို ဆံပင်ကို Gel ထောင်လို့ တစောင်းဖြီးသင် တတ်လာကြပြီ။ မိန်းကလေးတွေရဲ့ ဦးခေါင်း က ဆံပင်တွေလည်း ကိုရီးယားမင်းသမီးတွေ လိုတချို့လည်းအဖြောင့်၊ တချို့လည်း ဒစ်ဂျစ်တယ် အကောက်။ မျက်ခွံပေါ် မှုန်လဲ့လဲ့ ဆိုးဆေးတွေ ရောက်လာပြီး အရင်က လိုင်းဖော်ကာ အရောင်ရင့်ရင့် ဆိုးတတ်သည့် နှုတ်ခမ်းလွှာတွေပေါ် အရည်ရွှမ်းပြီး အရောင် ဖျော့သည့် နှုတ်ခမ်းနီလေးတွေ ရောက်လာသည်။ ဆယ်ကျော်သက် ကျောင်းသား/သူတွေ သုံးသည့် ဗလာစာအုပ် မျက်နှာဖုံးတွေက စလို့ ကြွပ်ကြွပ်အိတ်တွေ အဆုံး ကိုရီးယားသရုပ်ဆောင်တွေက နေရာယူလာကြသည်။
အဲဒီ ကာလတွေမှာ ကိုရီးယားကားတွေကို ကြည့်ပြီး ပရိသတ်တွေ စွဲကြသည့် အစွဲတွေထဲ အနည်းငယ် စိတ်မသက်သာစွာ ရယ်မောခဲ့ရသော အဖြစ်တခုလည်း ရှိခဲ့သည်။ အဲဒါကတော့ ကိုရီးယား ဇာတ်ကား တော်တော်များများတွင် ပါလေ့ရှိသော သွေးကင်ဆာ ရောဂါပင်ဖြစ်သည်။ မင်းသမီးလေးတွေသည် ဇာတ်လမ်းထဲတွင် သွေးကင်ဆာ ဖြစ်တော့မည့် ရှေ့ပြေး နိမိတ်တခုအဖြစ် နှာခေါင်းသွေးမကြာခဏ လျှံပြလေ့ ရှိကြသည်။ ထိုကာလ အတောအတွင်း အဲဒီလို ဆင်တူဇာတ်လမ်းမျိုးတွေ တိုက်တိုက်ဆိုင်ဆိုင် ဆက်တိုက် လိုလို ပြသကြသော အခါ ကိုရီးယားကား ပရိသတ်လူနာတွေ ဆေးခန်းတွေထဲ အပြေးအလွှား အထိတ်တလန့် ရောက် ကုန်ကြတော့သည် ဆို၏။ ကျမ အသိဆရာဝန် စာရေးဆရာမတယောက်ကတော့ တော်ရုံတန်ရုံ အပူအအေး မမျှခြင်းကြောင့် ဖြစ် သော သာမန် အပရိက နှာခေါင်းသွေးလျှံခြင်းကို အထိတ်တလန့် ဖြစ်ပြီး သူ့ဆေးခန်းကို မျက်လုံးပြူးမျက်ဆန်ပြူး ရောက်လာကြ သည့် လူနာတွေကို မနည်းဖျောင်းဖျ နှစ်သိမ့်ခဲ့ရသည် တဲ့။
ကျမတို့ မြန်မာပရိသတ်တွေ ကိုရီးယားကားတွေကို ဘာကြောင့်များ အဲဒီလောက် စွဲလမ်းနေကြရတာလဲ။ အတော်များများ ကတော့ ဇာတ်ဆောင်တွေ သရုပ်ဆောင်တာ တော်လို့၊ မင်းသားမင်းသမီးတွေ ချောလို့၊ ကလေးသရုပ်ဆောင်တွေက အစ သဘာဝကျလို့၊ အဝတ်အစား ဖက်ရှင်တွေ ဆန်းသစ်လို့၊ မိဘနှင့် သားသမီးအကြား ဂါရဝတရားကို ခိုင်ခိုင်မာမာတွေ့မြင်နေရလို့ စသဖြင့် ပြန်ဖြေတတ်ကြသည်။
သူတို့အဖြေကလည်း တော်တော်လေး မှန်ပါသည်။ ဇာတ်ကားထဲက မင်းသားမင်းသမီးတွေ အလုပ်အပြန် ဆိုဂျူး သောက်ပြီး တနေ့တာ ပင်ပန်းမှုကို ဖြေဖျောက်တတ်ကြတာကို ဘေးဖယ်ထား၊ မိန်းကလေးက စပြီး ရင်ဖွင့် ချစ်ခွင့်ပန်ကြတာကို ဘေးဖယ်ထား၊ ယောက်ျားတယောက်ကို အမျိုးသမီးနှစ်ဦးက တွယ်ကပ် ပြီးလုကြ၊ အငြိုးအတေးကြီးစွာ အကောက်ကြံတတ်ကြတာတွေကို ဘေး ဖယ်ထား၊ အဲဒီ ကိုရီးယားကားတွေထဲကနေ ကျမတို့ မြင်တွေ့နေရသည်က တာဝန်ယူမှု ပြည့်ဝသော သူတို့၏ နေ့စဉ်ဘဝတွေပဲ ဖြစ် သည်။
ကိုရီးယား ဇာတ်လမ်းတွဲတိုင်းမှာ ဇာတ်အိမ်တည်ရာ ဇာတ်ကောင်တို့၏ လုပ်ငန်းခွင်သဘာဝကို (အပေါ် ယံကြောလေး မဟုတ်ဘဲ) ပရိသတ်တွေ ရေလည်သဘောပေါက်အောင် ဖော်ပြလေ့ ရှိကြသည်။ သူတို့ဇာတ်ကောင်တွေသည် အလုပ်ကို တန်ဖိုးထားသည့် လူငယ်တွေ ဖြစ်သည်။ ဇာတ်ကောင် အများစုသည် ဘဝရပ် တည်ရေး အတွက် လူသားဆန်ဆန် သဘာဝကျစွာ ကြိုးပမ်း အား ထုတ် လေ့ ရှိကြသည်။
အဲဒီလို အကြောင်းတရားတွေ ကနေ ဆက်စပ်စဉ်းစားကာ တွေးယူ ကြည့်လိုက်မည် ဆိုလျှင် ကျမတို့ မြန်မာ ရုပ်ရှင်တွေကရော ဆိုသည့် မေးခွန်းက ခေါင်းထဲရောက်လာ သည်။ လွန်ခဲ့သည့် ကာလတခု အထိတော့ ကျမတို့ဆီမှာ အောင်မြင်သော မြန်မာရုပ် သံဇာတ်လမ်းတွဲ တခုမှ မရှိခဲ့သေးပါ။ မြန်မာ့ရုပ်ရှင်သည် စိန်ရတုကာလ အလွန်မှာ သိသာစွာ ကျဆင်းလာခဲ့သည်။
ကမ္ဘာတွင် မရှိသော ဗီဒီယိုဈေးကွက်ကလည်း ငါးပွက်ရာ ငါးစာချ ဇာတ်လမ်းမျိုးတွေ၊ ဆူလွယ် နပ်လွယ် ဇာတ်ကားမျိုးများဖြင့်သာ သက်ဆိုး ရှည်နေရသည်။ လတ်တလော မြန်မာရုပ်ရှင် တွေသည် ရွှေရတုကာလ ဝန်းကျင်မှ အဖြူအမည်း ရုပ်ရှင်ကားတွေ ကိုပင် အနုပညာအရ ယှဉ်ပြိုင်နိုင်စွမ်း မရှိတာ ရုပ်ရှင် ဝါသနာအိုးတိုင်း အသိပင်။
ရုပ်ရှင်လောကသား အချို့က ကိုရီးယား ရုပ်သံဇာတ်လမ်းတွေ မြန်မာပရိသတ်တွေ အပေါ်ကို လွှမ်းမိုးမှု အားကြီးနေခြင်း ကိုလည်း မခံမရပ်နိုင်ဖြစ်ကြသည်။ သူတို့က လက်ရှိအခြေအနေကနေ ဖောက် ထွက်လိုကြ သည်။ အသစ် ထွက်ပေါ်လာသော ရုပ်သံလိုင်း တွေမှာ မြန်မာ ရုပ်သံစီးရီးတွေကို မြေစမ်းခရမ်းပျိုးရင်း ရိုက်ကူး ပြသလာကြသည်။ ချို့ယွင်း အားနည်းချက်တွေ အများအပြား ရှိသေးသော်လည်း ပရိသတ်၏ လက်ခံမှုကို (ကိုရီးယား ဇာတ်လမ်းတွဲတွေလောက် မဟုတ်သည့်တိုင်) ရရှိခဲ့သည်။
တကယ့် တကယ်တော့ လောလောဆယ် အနေအထားတွေ အရ မြန်မာ ဇာတ်လမ်းတွဲတွေ ကိုရီးယား ဇာတ်လမ်းတွဲတွေကို ယှဉ်ပြိုင် ထိုးဖောက်လိုခြင်းသည် ကမ္ဘာ့ဖလား ချန်ပီယံဘောလုံး အသင်းနှင့် မြန်မာ့လက်ရွေးစင် ဘောလုံး အသင်း ယှဉ်ပြိုင်ကြ သလိုသာ ရှိလိမ့်မည်။ မြန်မာအသင်းမှာက မျိုးချစ် စိတ်တခုသာ ခိုင်ခိုင်မာမာ ပိုင်ဆိုင်ထားပြီး လေ့ကျင့်မှု၊ နည်းပညာ၊ အထောက် အပံ့ ပိုင်းတွေမှာ အကွာကြီး ကွာခြားလှ သည်။ ဇာတ်လမ်းတွဲ အပါအဝင် မြန်မာ့ရုပ်ရှင် ဟာလည်း ဒီလိုပါပဲ။ ရုပ်ရှင် ကျောင်းဆင်း တွေ တဦးမှ မပါ၊ မုဆိုးစိုင်သင်ရင်း ရိုက်ကူးကြရသော၊ ကုန်ကျစရိတ် နည်းနည်းနှင့် ကျဲကျဲဝိုင်းရသော မြန်မာ့ ရုပ်ရှင်တွေရဲ့ အရည် အသွေးဟာ ဒီကနေ့ ပညာခေတ်ကြီးမှာ မတောက်ပနိုင်တာ မဆန်းပါ။ စီးပွားရေး၊ နိုင်ငံရေး မှစပြီး အဘက်ဘက်မှာ နိမ့်ကျနေသော နိုင်ငံတနိုင်ရဲ့ အနုပညာအရည် အသွေးတွေ ကျဆင်းကုန်ရတာ မဆန်းပါ။
သွားလေသူ သတင်းစာဆရာကြီး လူထုစိန်ဝင်းကတော့ စစ်အစိုးရ သက်တမ်းကာလအတွင်း အနုပညာလောကမှာ တာဝန်ကျေခဲ့သူတွေက ကာတွန်းဆရာတွေနှင့် ကဗျာဆရာတွေဟု ဆိုဖူးသည်။ သူတို့က ခေတ်ကို ထင်ဟပ်သော အနုပညာလက်ရာတွေ အခက်အခဲ အတားအဆီးများစွာ ကြားမှ ဖန်တီးနိုင်ခဲ့ကြသည်။ ကျန်သည့် ရုပ်ရှင်၊ စာပေနှင့် ဂီတလောကသားတွေ အပေါ်တော့ သူ အားမရ ဖြစ်ခဲ့ပုံ ရပါသည်။ သို့သော် ဒီအခြေအနေ ဒီဖြစ်ရပ်တို့သည် အဘယ်သော အကြောင်းတရားတို့၏ အကျိုးဆက် ဖြစ် သည်ကိုလည်း ဆရာကြီး ကောင်းကောင်း သဘောပေါက်ခဲ့မှာ သေချာပါသည်။
တလောတုန်း ကတော့ သရုပ်ဆောင်ပြေတီဦးရဲ့ ရင်ဖွင့်သံကို နံနက်ခင်းဂျာနယ်မှာ ဖတ်လိုက်ရသည်။ သူ ပြောတာက “ရုပ်ရှင်ဆို တာ အမျိုးသားရေးလည်း ပါပါတယ်။ ကိုရီးယားလွှမ်းမိုးမှုဟာ ကျနော်တို့ နယ်ချဲ့ ခံလိုက်ရတာပါ။ အစိုးရက အမျိုးသားရေးလို့ မြင်ပြီး ကူညီမှ ရလိမ့်မယ်” တဲ့။ တနိုင်ငံလုံးမှာရှိသည့် အစွမ်းအစ ရှိသော၊ ဉာဏ် ထက်မြက်သော၊ စိတ်အား ထက်သန်သော လူငယ် တွေကို ဒါရိုက်တာ၊ အယ်ဒီတာ၊ ဇာတ်ညွှန်း၊ နောက်ခံဂီတ၊ အထူးပြုလုပ်ချက် စသဖြင့် ရွေးချယ်ကာ ပညာတော်သင်တွေ စေလွှတ် ဖို့၊ အဲဒီ လူငယ်တွေ ပညာသင်ပြီး ပြန်လာကြတဲ့အခါ အစိုးရအနေနဲ့ ဘတ်ဂျက်တခု ထုတ်ပေးပြီး ရိုက်ကြကွာ ဆိုတာမျိုး မလုပ်ပေးနိုင်သရွေ့ မြန်မာ့ ရုပ်ရှင်လောက ပြောင်းလဲစရာ မမြင်ဘူးဟု သူက ဆိုသည်။ “လူမစွမ်းနတ်မ” ဆိုသည့် မြန်မာစကားပုံတော့ ရှိသည်။ လူတွေ မစွမ်းတော့သည့် အရာကိစ္စကို မ,စမည့် မည်သည့် မိုးနတ်မင်းကို မဆို ရုပ်ရှင်လောကသားတွေ တောင့်တနေကြပါ လိမ့်မည်။
ကျမတို့ ပရိသတ်တွေ အနေနှင့်လည်း အာရှက ကိုရီးယားလှိုင်း ကမ္ဘာတဝန်းလုံးကို ရိုက်ခတ်ဖုံးလွှမ်းထား နိုင်သည့် ပုံစံအတိုင်း မြန်မာ့ရုပ်ရှင်ကနေ တဆင့်၊ ထို့ထက်ပိုပြီး ထိုးဖောက်ပျံ့နှံ့ဖို့ လွယ်ကူသည့် မြန်မာ ရုပ်သံ ဇာတ်လမ်းတွဲတွေက တဆင့် ကိုယ့်မြန်မာ့ လူနေမှု၊ ယဉ်ကျေးမှု ဓလေ့စရိုက်တွေကို၊ မြန်မာ အစားအစာ၊ အသုံးအဆောင်တွေကို၊ မြန်မာ့သဘာဝ ရေမြေတောတောင်တွေကို၊ ပြီးတော့ မြန်မာ့ရုပ်ရှင် အနုပညာကို ကမ္ဘာက သိအောင် ဖော်ထုတ်ပြသနိုင်ကြမည့် တနေ့ကို မျှော်လင့်နေမိကြမှာ အမှန်ပင် ဖြစ်ပါသည်။ ။