ပန်းချီကိုကိုနိုင်ရဲ့ ပန်းချီကားတွေက ကြည့်ရှုသူကို တိတ်ဆိတ် ငြိမ်သက်ခြင်း၊ ငြီးငွေ့ခြင်းများနှင့်အတူ ဆွတ်ပျံ့ဖွယ် ဇာတ်ကြောင်း တခုကိုလည်း ခံစားရစေပါတယ်။ ကိုကိုနိုင်ဟာ စိတ်ခံစားမှုကို ထင်ဟပ်ရေးဆွဲ တင်ပြသူ နည်းနည်းထဲက ထင်ရှားတဲ့ ပန်းချီဆရာ တဦးပါ။
ပန်းချီ ကိုကိုနိုင်ဟာ ပန်းချီကားအပြင် စာနယ်ဇင်း သရုပ်ဖော်ပန်းချီ ရေးဆွဲရာမှာလည်း ထင်ရှားသူ တဦး ဖြစ်ပါတယ်။ သူ့ဘဝ သူ့ အနုပညာနဲ့ သူ့ရဲ့ အနုပညာ ဖန်တီးမှု၊ အနုပညာအပေါ် ယုံကြည်မှု တွေ၊ အနုပညာနဲ့ ဆက်စပ်ဖြတ်သန်းလာခဲ့တဲ့ သူ့ ဘဝအကြောင်းတွေကို သူက ရိုးရှင်းစွာပဲ ပြောပါတယ်။
မော်လမြိုင်ဇာတိ ဖြစ်တဲ့ သူဟာ ၁၉၈၄ မှာ ပိုစတာသမား ဘဝကနေ စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပန်းချီသမားတဦး အဖြစ် ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။
“ကွယ်လွန်သူ ပန်းချီ မောင်မောင်သိုက်ရဲ့ စာတို လေးတစောင်ရဲ့ တွန်းအားကြောင့် Illustration နယ်ပယ်မှာ ယနေ့ အထိ ကျနော် ခရီးသွားနေဆဲ၊ လျှောက်လှမ်းနေဆဲပါ” လို့ ပန်းချီဆရာ ကိုကိုနိုင်က ပြောပါတယ်။
အစောပိုင်း သူ့ရဲ့ ပန်းချီ လက်ရာတွေ ထဲမှာ Portrait ပုံတွေတွေ့ရပြီး အဲဒီနောက်မှာ အမျိုးသမီး Figure တွေကို ပြောင်းလဲ ရေး ဆွဲ လာပါတယ်။ အခုနောက်ဆုံး သူဖန်တီးနေတာကတော့ တိတ်တိတ် ဆိတ်ဆိတ်နဲ့ အေးစက်စက် မြို့ပြခေါင်မိုးပုံ ပန်းချီကားတွေပါ။
သူ့ရဲ့ အပြောင်းအလဲတွေနဲ့ပတ်သက်လို့ သူက “ကျနော် ပန်းချီရေးဖြစ်သွားတာက ပန်းချီသားကြီးရဲ့ တွန်းအား ပေးမှုကြောင့်ပါ။ ၂၀ဝ၄၊ ၂၀ဝ၅ လောက် မှာပါ။ ဗိုလ်ချုပ်ဈေးမှာရှိတဲ့ သူ့ရဲ့ ပန်းချီခန်းမှာ ချိတ်ဆွဲ ရောင်းချဖို့ပါ။ အဲဒီကာလတုန်းက ပြခန်း တွေက အခုလောက်မဖွံ့ဖြိုးသေးဘူး။ ဆွဲတဲ့ပုံတွေက မိန်းကလေး Figure တွေ၊ ဖုန်းဆက်နေပုံ၊ ကြောင်ကလေးတွေကို စီပီအာ အရောင်မှိုင်းရင့်ရင့်နဲ့ Line work တွေနဲ့ တွဲစပ်ရေးဖြစ်ခဲ့တယ်၊ နောက်ကျတော့ မြို့ပြခေါင်မိုးတွေပေါ့” လို့ ပြောပါတယ်။
သူ့ရဲ့ ရေးဆွဲဖန်တီး တင်ပြပုံမှာ သီးခြားဟန် တခု ရှိနေတာ တွေ့ရပါတယ်။
“လိုင်းတလိုင်းဟန်တခု ဖြစ်နေတယ် ဆိုတာက အရင်က ရေးဆွဲခဲ့တဲ့ ပိုစတာအတွေ့အကြုံ၊ နောက် နှစ်ပေါင်း များစွာ စာနယ်ဇင်း ပန်းချီ အတွေ့အကြုံတွေကြောင့် ဖြစ်မယ် ထင်ပါတယ်။ သီးခြားဖြစ်ဖို့ ဇွတ်အတင်း ကြိုးစားတာမျိုးတော့ မရှိပါဘူး။ သိခဲ့ မြင်ခဲ့ ခံစား ခဲ့ရတာ တွေကို ပေါင်းစုပေါင်းစပ် ပြန်ရေးတာလည်း ပါနိုင်ပါတယ်” လို့ သူက ရှင်းပြပါတယ်။
ပန်းချီ ကိုကိုနိုင်ဟာ Line တွေကို အတော်နှစ်သက်သူပါ။ သူရဲ့ Line သရုပ်ဖော်ပုံတွေမှာ သီးခြားဟန် သီးခြားဖန်တီးမှုကို တွေ့ရပါတယ်။ Line တွေက ပန်းချီပုံရေးဖို့အတွက် ပထမဆုံး ကနဦး စတင်ရာ (The Very First) လို့ ယုံကြည်သူ ဖြစ်ပါ တယ်။
အနုပညာအလုပ်ဟာ စိတ်ရဲ့ အလုပ်၊ စေတနာ ရဲ့ အလုပ်လို့ သူက ဆိုပါတယ်။ အဲဒီလိုပဲ ဘာသာရေး ဆိုတာကလည်း စိတ်၊ နှလုံး နဲ့ ဆက်စပ်နေတဲ့ အလုပ် ဖြစ်တယ်လို့ ဆိုပေမယ့် အနိ္တမ ရည်ရွယ်ရာတော့ တူညီမှု မရှိနိုင်ပါ။ ဘာသာရေးက သူ့ဖန်တီး တင်ပြမှုအတွက် အားပေး အထောက်အပံ့ ဖြစ်စေ သလား၊ ဒါမှမဟုတ် အခုအခံ ဖြစ်စေသလားလို့ သူ့ကို မေးကြည့်ပါတယ်။
“ဘာသာတရားက ကျနော့်ကို ဆုံးမတယ်။ ဆိုပါတော့..၊ လူလူချင်း စာနာဖို့၊ လောဘ၊ ဒေါသ၊ မောဟ မများဖို့၊ လောကကြီးဟာ မမြဲ ဘူးဆိုတာ သတိချပ်ဖို့တွေပေါ့။ အဲဒီကနေ အနုပညာနဲ့ ပတ်သက်လို့…၊ အနုပညာ လက်ရာတခု ဖန်တီးတဲ့အခါ..၊ လိုသလောက်ပဲ ကောင်းတယ်၊ လောဘသိပ် မကြီးနဲ့ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိပါတယ်။ ငါဖြစ်ချင် လွန်းတဲ့အခါ ငါ မဖြစ် ဘူး ဆိုတာကိုလည်း သတိချပ် မိပါတယ်။ ဘာသာရေးက ကျနော့် အနုပညာကို တိုက်ရိုက်တော့ မဟုတ်ဘူး၊ သွယ်ဝိုက်သောအားဖြင့် ဆင့်ပွားနားလည်မိ စေတယ်လို့ ကျနော် မြင်ပါတယ်” လို့ သူက အဖြေပေးပါတယ်။
အနုပညာဖန်တီးမှုမှာ ကျွမ်းကျင်မှုက ဘယ်လောက် အရေးပါပါသလဲ။ ဒီအကြောင်းကိုလည်း သူက သူ့အယူအဆကို ရှင်းပြပါတယ်။
“ကျွမ်းကျင်မှုနဲ့ ပတ်သက်ပြီး ပြောချင်တာ ကတော့ဗျာ ကတတ်လို့ကတာ အနုပညာ မဟုတ်ဘူး။ ဒါဟာ ကျွမ်းကျင်မှုပဲ။ အနုပညာ မြောက် ဖန်တီးမှုမှာတော့ စိတ်ခံစားမှုက ဦးစီးပြီး ကျွမ်းကျင်မှုနဲ့ ပေါင်းဆင့်ဖို့ လိုပါတယ်”
အများအားဖြင့် အနုပညာအလုပ်ကို လုပ်နိုင်ဖို့ တခြားလုပ်သင့်တာတွေကို စိတ်မပါဘဲ လုပ်ခဲ့ကြရသူတွေ အများကြီးပါ။ ဒါပေမယ့် ကိုကိုနိုင်ကတော့ ငယ်ရွယ်စဉ်ကတည်းက ပန်းချီတခုကိုပဲ ရွေးချယ် လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။ အခု လက်ရှိ အနုပညာ ဖန် တီး မှုတွေနဲ့ ဖြတ်သန်းနေရတဲ့ သူ့ဘဝကို သူ ဘယ်လို သဘောထားပါလိမ့်။
“ကျနော်နဲ့ ပန်းချီအကြောင်း ပြောရရင် ငယ်ငယ်တုန်းက အိမ်က ကျွေးမွေးပြုစုမှု အောက်မှာ ပန်းချီ ဝါသနာ ပါခွင့်ရခဲ့တယ်၊ အရွယ် ရောက်တော့ အဲဒီ ဝါသနာနဲ့ ထမင်းစားခွင့်ရတယ်၊ အခုချိန်တိုင် ပါပဲ။ ကျနော် ရိုးရိုးပဲ တွေးပါတယ်။ တခြားလည်း ဘာမှ မလုပ်ဖူး ဘူး လေ။ ပန်းချီကို ရိုးမြေကျ ဆွဲနေဖို့ ပဲ စဉ်းစားတယ်။ ပန်းချီကို တင့်တောင့်တင့်တယ် ဖြစ်မှ ဆိုပြီး မစဉ်းစားဘူး၊ ငယ်သူငယ်ချင်း ငယ် ရည်းစားကို နည်းနည်းမှ မခွဲနိုင်လို့ ခိုးပြေးခဲ့ သလိုမျိုး ပန်းချီကို တခြား တခုနဲ့ ယှဉ်ပြီး ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ သူမှသူ ဆိုတဲ့ စွဲလမ်းစိတ်နဲ့ပါ။ ဘာပဲ ဖြစ်ဖြစ် သူနဲ့ ရိုးမြေကျပဲ၊ ဘဝ အဆစ်တွေလည်း တဖြောင်းဖြောင်း ကျိုးခဲ့ပြီပဲ”
ပန်းချီ ကိုကိုနိုင်ဟာ သူ့ရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲကို ၂၀၁၂ ခုနှစ်က Myanmar Ink ပြခန်းမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အသက် ၅၃ နှစ်ရှိပြီ ဖြစ်တဲ့ ပန်းချီကိုကိုနိုင်ဟာ လက်ရှိမှာတော့ အမှတ် ၃၈၊ ၃ လွှာ၊ ဓမ္မစိန္တာလမ်း၊ ကျောက်မြောင်းကြီးရပ်၊ တာမွေမြို့နယ်မှာ မိသားစုနဲ့ အတူ နေထိုင်ရင်း အနုပညာအလုပ်တွေ လုပ်ကိုင်နေပါတယ်။ ။