ရသစာတမ်းခေါ်ခေါ်၊ ရသအက်ဆေးပဲ ခေါ်ခေါ် အက်ဆေးတွေ ဖတ်ရတာဟာ ကျမအတွက်တော့ စိတ်အဆာကို ပြေစေပါတယ်။ အတွေးအမြင် အသိ တစုံတရာ ရတယ် မရဘူး ဆိုတာထက် နှလုံးသားမှာ နူးညံ့မှု တခု ထိခတ် ခံစားရ တတ်ပါတယ်။
တချိန်က စာရေးဆရာ အောင်ပြည့် တာဝန်ယူခဲ့တဲ့ ချယ်ရီမဂ္ဂဇင်းမှာ ပါတဲ့ ချယ်ရီရောင် အတွေးသစ် စာတမ်း တွေကို လစဉ်စောင့် ဖတ်ရင်း စိတ်အဆာပြေခဲ့ရတာ မှတ်မိနေပါသေးတယ်။ အဲဒီနောက်ပိုင်း ရသအက်ဆေး ပေါင်းချုပ်တွေကို ရှာဖွေဖတ်ရှုဖြစ်ခဲ့ပါတယ်။ မှတ်မိနေတဲ့၊ စိတ်ထဲမှာ ထင်ဟပ်နေတဲ့ အက်ဆေး လေးတွေလည်း ရှိခဲ့ပါတယ်။ အခုလည်း စာရေးဆရာ နောင်ကျော်ရဲ့ “နှလုံးသားမှာ နှင်းများလာရိုက်ခတ်” ဆိုတဲ့ ရသစာတမ်း စာတမ်းပေါင်းချုပ် စာအုပ်ကလေးက ကျမကို ဖမ်းစားနေပြန်ပါပြီ။
စာအုပ်ခေါင်းစည်းရယ်၊ မျက်နှာဖုံး သရုပ်ဖော်ပုံရယ်က ဒီစာအုပ်ကလေး ဖတ်ဖြစ်အောင် ပထမဆုံး ကျမကို ဆွဲဆောင်တယ် ဆိုရင် မမှားပါဘူး။ ပထမဆုံး မျက်နှာဖုံးပုံကလေး အကြောင်း ပြောချင်ပါတယ်။ ပန်းချီ မုတ်သုန်ရဲ့ လက်ရာပါ။ ကျမ ပန်းချီအကြောင်း နားမလည်လှပေမယ့် ရေးဆွဲထားတဲ့ နှင်းလူရုပ်ကလေးရယ်၊ သံလွင်ခက် ချီထားတဲ့ ချိုးငှက်ကလေးတွေရယ်၊ မီးခိုးခေါင်းတိုင်ပါတဲ့ အုတ်တိုက် နီနီကလေးရယ်၊ ဝက်ဝံရုပ်ကလေးနဲ့ တိရစ္ဆာန် ပုံကလေးတွေရယ် … အဲဒါတွေကို မြင်ရတာ ကျမ ကလေးဘဝကို ပြန်ရောက်သွား သလိုပါပဲ။ ကလေးတုန်းကဆို ကာတွန်းစာအုပ်က လွဲရင် မျက်နှာဖုံးကို စိတ်ဝင်စားမှ အထဲက စာအများကြီးကို ဖတ်ကြည့်ချင်တာ ကျမ အကျင့်ပါ။ အခုစာအုပ် ကလေးကို ကျမ ကလေးဘဝ အရွယ်မှာ တွေ့မိရင်လည်း ဖတ်ဖြစ်မှာပဲလို့ ထင်မိပါတယ်။
နောက်တခုကတော့ ခေါင်းစည်း ဖြစ်ပါတယ်။ ကိုငှက်လို့ အများသိကြတဲ့ တေးရေးတေးဆို ထူးအိမ်သင်ရဲ့ တဆောင်းသစ်ပြန်ပြီ သီချင်းထဲက စာသား တပိုင်းတစ … နှလုံးသားမှာ နှင်းများလာ ရိုက်ခတ် … တဲ့။ ထူးအိမ်သင်ရဲ့ သီချင်းမှန်သမျှကို လူငယ်ဘဝ ကတည်းက အရူးအမူး နှစ်ခြိုက်ခဲ့တဲ့ ကျမအတွက်တော့ ဒီခေါင်းစဉ်လေးနဲ့တင် ဒီရသစာတမ်းကို ဖတ်ဖြစ်ဖို့ အကြောင်းပြချက် လုံလောက် သွားပါပြီ။
ဒါပေမယ့် စာတမ်းတွေကို တပုဒ်ချင်း ဖတ်ရင်းက စိတ်ဝင်စားမှု မရှိတော့ရင်တော့ ကျမ ဆက်ဖတ်မှာ မဟုတ်ပါဘူး။ အခု ကျမ စာအုပ်အညွှန်းရေးနေပြီ ဆိုကတည်းက ဒီစာအုပ်ကို အဆုံးထိအောင် ဆက်ဖတ် ဖြစ်တယ်ဆိုတာ အထူးပြောနေစရာ လိုမယ် မထင်ပါဘူး။
စာအုပ်တအုပ်မှာ အမှာစာဆိုတာ လိုအပ်တယ်၊ မလိုအပ်ဘူး အငြင်းပွားသူတွေ ရှိပါတယ်။ ဒါပေမယ့် ကျမကတော့ စာအုပ်မှာ အမှာစာ ပါတာကို ကြိုက်တယ်၊ ဘာကြောင့်လဲ ဆိုတော့ အမှာစာကနေ စာရေးသူ အကြောင်း တစေ့တစောင်း အကဲဖမ်းနိုင်သလို၊ စာအုပ် အကြောင်းကို မဖတ်ခင်မှာ ကြိုတွေးထားနိုင်လို့ ပါပဲ။ ဒီစာအုပ်မှာတော့ စာရေးသူက အမှာစာ ပါးပါး ဆိုပြီး စကားဦး သမ်း ထား လေရဲ့။
ဆရာနောင်ကျော်ဟာ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တယ်၊ ရသစာပေနဲ့ ပတ်သက်လို့ ခံစားမှုအားကောင်းတယ်၊ ကဗျာတွေ ရေးတယ်၊ သီချင်းကောင်းတွေကို နှစ်သက်ခံစားတတ်တယ် … စသည်ဖြင့် သူ့အမှာစာကတဆင့် ကျမ ကောက်ချက် ဆွဲမိပါတယ်။ ပြီးတော့ စာရေးသူက ဆောင်းပါးရယ်၊ ဝတ္ထုတိုရယ်၊ အက်ဆေးရယ်ဟာ တင်ပြပုံ တခုနဲ့ တခု စည်းပါးပါးသာ ခြားထားတယ်လို့ ဆိုပါသေးတယ်။ စာရေးသူဟာ အက်ဆေးဆိုတာကို အဓိပ္ပာယ် ဖွင့်ဆိုပြရင်း အက်ဆေး ဖြစ်ခြင်း မဖြစ်ခြင်း ဆိုတာထက် စာဖတ်သူ အနေနဲ့ နှလုံးသားနဲ့ ခံစားနားလည် လိုက်ဖို့သာ တိုက်တွန်းတယ်လို့ ကျမ ယူဆမိပါတယ်။ နောက်တချက် စာရေးသူကို ကျေးဇူးတင်မိ တာကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စာပေစိစစ်ရေး ခေတ်မှာ ရေးခဲ့တဲ့ စာတမ်းတွေ အနေနဲ့ စာပေစိစစ်ရေးရဲ့ ဓားချက်တွေကို ရှောင်လွှဲရင်း၊ ကွေ့ဝိုက်ရေးသားရင်း ရတနာသိုက် ရှာသလို အဓိပ္ပာယ် ဖော်ရခက်တဲ့ စာပိုဒ် တချို့ကို အခုစာအုပ် ထုတ်ရာမှာ ရှင်းလင်းအောင် ပြန်လည် ရေးသား ဖော်ပြပေးခဲ့တဲ့ အတွက်ပါပဲ။
ဆရာနောင်ကျော်ရဲ့ ရသစာတမ်း တပုဒ်ချင်းစီရဲ့ အကြောင်းအရာပိုင်းနဲ့ တင်ပြပုံတွေကိုတော့ သီးခြား ရေးမပြလိုတော့ပါဘူး။
ပထမဆုံး အက်ဆေး ဖြစ်တဲ့ ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ ဆိုတဲ့ အက်ဆေးကို ဖတ်မိတော့ အက်ဆေး ဆိုတာထက် သီချင်းရီဗျူး တပုဒ်ကို ဖတ်နေရသလို ခံစားမိပါတယ်။ အမေ မေတ္တာတော်ဖွဲ့ ဒီအက်ဆေးလေးမှာ နိုင်ငံရေး အကျဉ်းသားတဦးရဲ့ အိမ်လွမ်းသံ၊ အမေလွမ်းသံ၊ ဇာတိကို လွမ်းသံ တွေနဲ့အတူ ပြန်လာချိန်မှာ ချွတ်ခြုံကျနေတဲ့ မိသားစုဘဝကို မြင်ရတော့ သူဟာ အမေ့ရဲ့ ဒုက္ခအိုးလေး ဖြစ်သွားပါတော့တယ်။ သား အတော်များများဟာ အသက်ကြီးလာချိန်မှာမှ၊ သို့မဟုတ် အမေ လောကက ထွက်ခွာသွားချိန်မှာမှ အမေကို ချစ်ရကောင်းမှန်း သိလာပေမယ့် လူငယ်အရွယ်မှာ အမေ့ရဲ့ဒုက္ခအိုးကလေးတွေ တနည်းမဟုတ် တနည်း ဖြစ်တတ်သလားလို့ ဒီအက်ဆေးလေးဖတ်ပြီးချိန်မှာ သားနှစ်ယောက် အမေဖြစ်တဲ့ ကျမ ထိရှခံစား မိတယ်ဆိုတာ ဝန်ခံပါတယ်။
ကျမ သဘောကျမိတဲ့ စာတမ်း တပုဒ်ကတော့ “ပြန်ရှာ၍ မတွေ့နိုင်သော ကလေးဘဝ ခြေရာများ” ဆိုတဲ့ စာတမ်းလေးပဲ ဖြစ်ပါတယ်။ ဖတ်စကတော့ တေးရေးဆရာ စိုင်းခမ်းလိတ်ရဲ့ ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံလို နောက်တပုဒ်လားလို့ တွေးမိပါသေး တယ်။ ဒါပေမယ့် ဆရာနောင်ကျော်က ကလေးဘဝတင် ပျောက်သွားတာ မဟုတ်ဘဲ၊ ကလေးဘဝက ခြေရာတွေပါ ပျောက်သွားတဲ့ အကြောင်း ဖွဲ့ထားတာပါ။
ပုစွန်တောင် ချောင်းလက်တက်လေး နံဘေးက ဒီရေတောတွေ အကြားမှာ မြူးတူး ပျော်ပါးခွင့် ရခဲ့တဲ့ စာရေးသူရဲ့ ကလေးဘဝက အခုအချိန်မှာ သက်လတ်ပိုင်းအရွယ် ရောက်နေပြီဖြစ်တဲ့ ကျမရဲ့ ကလေးဘဝကို ပြန်ပြောင်း ပြောပြနေသလိုပါပဲ။ ကျမတို့ ကလေး ဘဝရဲ့ လွတ်လပ်ပေါ့ပါးမှုတွေ၊ ပျော်ရွှင်မှုတွေကို တဖြည်းဖြည်း ကြီးရင့်လာမှုက ဝါးမြိုလိုက်သလို ကျတို့ ကလေးတုန်းက ရခဲ့တဲ့ သဘာဝ စစ်စစ်ရသတွေကို မြို့ပြဆိုတာကြီး၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာကြီးက ဝါးမြိုလိုက်တဲ့အတွက် အခုခေတ် ကလေးတွေမှာ ဒါတွေ မရနိုင်တော့ဘူး ဆိုတာကို စာရေးသူက ဖွဲ့နွဲ့တင်ပြထားတာပါ။ ခေတ်မီတိုးတက်မှု ဆိုပေမယ့် တကယ်ကော ဖွံ့ဖြိုးတိုးတက်ရဲ့လား ဆိုတဲ့ မေးခွန်းကို စာရေးသူနဲ့ အတူ ကျမလည်း မေးခွန်းထုတ်မိပါတယ်။
ဆရာနောင်ကျော်ရဲ့ စာတမ်း အဆုံးသတ်မှာ “အဲဒါကို ဖွံ့ဖြိုးတိုးတက်မှုဟု သတ်မှတ် လက်ခံသည် ဆိုလျှင်လည်း ကျနော့်အနေဖြင့် ငြင်းဆန်ခြင်း မပြုပါ။ သို့သော် မြို့ပြဆန်သော ဖွံ့ဖြိုးတိုးတက်မှုကို ရလိုက်တိုင်း သဘာဝဆန်သော အရာ အတော်များများ ဆုံးရှုံးသွားလေ့ရှိသည်ကို သတိပြုမိကြ ပါရဲ့လား။ သဘာဝ တရား၏ ဖွားဖက်တော်တွေ ပျက်စီးပျောက်ကွယ် သွားခဲ့ရတာကိုကော ဆင်ခြင်မိကြပါရဲ့လား။ ပြီးတော့ အေးချမ်းမှု …” လို့ ဖော်ပြထားပါတယ် …။
ဆရာနောင်ကျော်ဟာ ၈၈ အရေးတော်ပုံကြီးအပြီး နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းထောင်ထဲမှာ ၁၄ နှစ်ကြာ နေခဲ့ရသူ ဖြစ်ပါတယ်။ သူ့ရဲ့ ဖြတ်သန်းမှု ပုံရိပ်တွေကိုလည်း သူ့စာတမ်းတွေမှာ တွေ့ရမှာပါ။ ဒါပေမယ့် ဆရာနိုင်ကျော်ကို လူချင်းမသိဘဲ သူ့စာတမ်းတွေအရ ကျမ မြင်မိတာတော့ သူဟာ ကလေးတွေကို ချစ်တယ်၊ သဘာဝကိုချစ်တယ်၊ မတရားမှုကို မုန်းတီးတယ်၊ တရား မျှတမှုကို မြတ်နိုးတယ်၊ အနုပညာကို ချစ်တယ် …။ ဒါတွေနဲ့တင် သူ့ရသ စာတမ်းတွေဟာ ကျမရဲ့ စိတ်အဆာကို ပြေစေခဲ့ပါတယ်။ နိုင်ငံရေးရေစီးထဲ မျောပါခဲ့သူ၊ မကြိုက် မနှစ်သက်တဲ့ စနစ်နဲ့ အာဏာရှင်ကို ရိုးသားစွာ တော်လှန်ခဲ့သူ၊ နိုင်ငံရေးရဲ့ သားကောင် တဦး ဖြစ်ခဲ့တဲ့အတွက် နိုင်ငံရေးဆန်တဲ့ အဓိပ္ပာယ်၊ ဖော်ကျူးချက် တွေကို သူ့စာတမ်း တွေထဲမှာ မြင်တွေ့ရပေမယ့် အတုံးလိုက် အတစ်လိုက် ဖော်ပြထားခြင်း၊ မုန်းတီးမှုနဲ့ ဖော်ပြထားခြင်း မဟုတ်ဘဲ၊ စာဖတ်သူရဲ့ နှလုံးသားကို ထိတွေ့စေတဲ့ ရသ တစုံတရာနဲ့ ဖွဲ့နွဲ့ တင်ပြ ထားတာက ကျေနပ်စရာ ကောင်းပါတယ်။
စာတမ်း ၂၉ ပုဒ်ကို စုစည်းဖော်ပြထားတဲ့ ဒီစာအုပ်ကလေးဟာ လက်ရှိ လစ်ဟာနေတဲ့ ရသစာပေ ကွက်လပ်ကို တစုံတရာ ဖြည့် ဆည်းပေးလိုက်တာ ဖြစ်တဲ့အတွက် ဆရာနောင်ကျော်ကို ကျေးဇူးတင်ကြောင်း ဖော်ပြလိုက် ရပါတယ်။ ။