ပန်းချီစိုးနိုင်ရဲ့ လက်ရာတွေကို လေ့လာကြည့်ရင် လူပုံသေးသေးလေးများနဲ့ တခြားသက်ရှိတွေရဲ့ ပုံတွေပါတဲ့ ပန်းချီကားတွေ၊ အရောင်ပြင်ရေးဆွဲတဲ့ ပန်းချီကားတွေနဲ့ အကပုံ ပန်းချီကားတွေဆိုပြီး တွေ့ရပါတယ်။ သူ့ရဲ့ ပန်းချီကားတွေ ထဲမှာ Brush Work နဲ့ Knife Work တွေသုံးပြီး သူ့ရဲ့ စိတ်ခံစားချက်ကို ဖွင့်ထုတ်တင်ပြမှုကို တွေ့ရပါတယ်။
အနုပညာနဲ့ စာပေ ဝေဖန်ရေးဆရာ ဇော်ဇော် အောင်က “စိုးနိုင်ရဲ့ ပန်းချီကားတွေမှာ Figure of Living Things တွေ ပါပါတယ်။ အဲဒီပုံတွေဟာ Human Figure တွေ မဟုတ်ဘဲ လူနဲ့တူတဲ့ပုံ၊ လူထက် တဆင့်နိမ့်ပုံရတဲ့ ပုံ၊ လူမဟုတ်တဲ့ လူတွေရဲ့ ပုံတွေ တနည်း အားဖြင့် Sub-human Figure တွေပါ” လို့ မှတ်ချက်ချဖူးပါတယ်။
အနေအထိုင် ရိုးရှင်းအေးဆေးပြီး စိတ်ကူး တည့်ရာအတိုင်း ဖန်တီးလုပ်ကိုင်တတ်သလို၊ ပြောဆိုဆက်ဆံတတ်တဲ့ ပန်းချီဆရာ စိုးနိုင် ရဲ့ အနုပညာ ခံစားချက်တချို့နဲ့ သူ့ရဲ့ ဖြတ်သန်းမှု ပုံရိပ်တချို့ကို သူနဲ့ စကားပြောရင်း သိခဲ့ရပါ တယ်။
ပန်းချီ စိုးနိုင်ဟာ အကောင် ဘလောင်ငယ်လေးတွေ ရေးဆွဲရာကနေ တခြားပုံသဏ္ဌာန် အရောင်ပြင်တွေ ပြောင်းလဲ ရေးဆွဲလာတာ တွေ့ရတယ်။ ဘာကြောင့်လဲ ဆိုတာကို သူက ရှင်းပြပါတယ်။
“ပန်းချီကား အရွယ်ကြီးကြီး၊ ကင်းဗတ် အကောင်းစား၊ ဆေး အကောင်းစားတွေနဲ့ ကျနော် အခု ရက်ပိုင်းတွေ အတွင်း အတော်များများ ရေးဖြစ်ခဲ့တယ် ဗျ။ အဲဒီမှာ ကျနော့် အပေါ် တစုံတရာ ဖိစီးမှုတွေ ရှိနေတယ်၊ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ် ဆိုတာ တွေ့ရတယ်။ ကားအကြီးဖြစ်တဲ့ အတွက် ပန်းချီကား မဖြစ်မှာကို စိုးရိမ်မိတာရယ်၊ ပန်းချီကား တခုကို ဖျက်လိုက်ရတာနဲ့ နောက်ပန်းချီကားလည်း ဖျက်ဖို့ ဖြစ်ဖြစ်သွားတတ်တဲ့ ကျနော့် စိတ်ရယ်၊ အဲဒါတွေကို တွေးပြီး ဖိစီးမှု တစုံတရာ ရှိနေတယ်။ ဒါက ကျနော့်ရဲ့ စိတ်အပြောင်း အလဲတွေထဲက တစိတ် တပိုင်းပါ” လို့ ပန်းချီစိုးနိုင်က ဆိုပါတယ်။
ပြီးတော့ သူက သူသုံးခဲ့တဲ့ ပန်းချီဆေးဘူး အဟောင်းတွေ၊ စုတ်တံ အဟောင်းတွေ၊ ဆေးစပ်ပြား အဟောင်းတွေကို Artwork ဖန်တီးဖို့လည်း စိတ်မှာ ဖြစ်နေတယ်လို့ သိရပါတယ်။
“ဆေးဘူးထဲက ဆေးတွေကို သုံးပြီး ပန်းချီကား ရေးဆွဲခဲ့တယ်၊ စုတ်တံလေး သုံးပြီး ပုံလေးတွေ ရေးခဲ့တယ်၊ အခုကျတော့ သူတို့ကို စွန့်ပစ်ရမယ့် အနေအထား ဖြစ်လာတယ်။ သူတို့နဲ့ အနုပညာက ဘာမှ ဆက်စပ်မှု မရှိသလို ဖြစ်နေတယ်။ ကျနော့် စိတ်ခံစားချက် မှာတော့ သူတို့လည်း အနုပညာနဲ့ ဆက်စပ်နေတယ်၊ သူတို့ကိုသုံးပြီး အနုပညာ လက်ရာ ဖန်တီးချင်တယ် ပေါ့။ အဲဒီလို စိတ်မှာ ဖြစ်နေတယ်။အပြောင်းအလဲလို့ ဆိုနိုင်မလား မသိဘူးဗျာ” လို့ သူက ဆက်ပြောပါတယ်။
ပန်းချီဆရာတဦး ပန်းချီရေးဆွဲဖြစ်ဖို့ စေ့ဆော် တွန်းပို့နေတာ ရှိပါတယ်။ သူ့ကိုရော ဘာကစေ့ဆော် ပေးနေပါလိမ့်။ ငယ်ငယ် ကတည်းက တွေ့ကရာပေါ်မှာ တခုခု ရေးတတ်၊ ကြောင်ခြစ် ခြစ်နေတတ်တဲ့ သူဟာ လက်ဖက်ရည်ဆိုင် ထိုင်ရင်တောင် စားပွဲပေါ်မှာ ရေနွေးကြမ်းကို သုံးပြီး ကြောင်ခြစ်ခြစ်နေတတ်သူ ဖြစ်ပါတယ်။ ပန်းချီရယ်လို့ မဟုတ်ပေမယ့် သူ့ရဲ့ စိတ်က စေ့ဆော်မှုတခု ရှိနေ တာကြောင့် ဒါမျိုး လုပ်ဖြစ်နေတာ လို့ ယူဆရတယ်။ နောက် ၁၉၈၅ ခုနှစ်မှာ သတ္တဗေဒ အထူးပြုနဲ့ ဘွဲ့ရတယ်။ တက္ကသိုလ်တက် ရင်း ပန်းချီပညာ သင်ယူခဲ့တယ် လို့ သိရပါတယ်။
“ဒါပေမယ့် ပန်းချီကို တက္ကသိုလ်မှာ ပြီးမြောက်အောင် မသင်ယူနိုင်ခဲ့ဘူး။ အဲဒီမှာ ဆရာ ဦးသိန်းဟန်နဲ့ တွေ့ဆုံခွင့် ရခဲ့တယ်။ သင်ယူခွင့် ရခဲ့တယ်။ ဒါပေမယ့် ဟုတ်ဟုတ်ညားညား တတ်မြောက်ခဲ့တယ်လို့ မဆိုနိုင်ဘူး။ စောစောက ပြောသလို တခုခု ရေးခြစ် ကြောင်ခြစ်နေတတ်တဲ့ ညာဉ်က မပျောက်ဘူး။ ခဲတံ ဖြစ်ဖြစ်၊ ဘောလ်ပင်ဖြစ်ဖြစ် တခုခုနဲ့ တခုခုအပေါ် ရေးနေမိတယ်။ ဘာက စေ့ဆော်တွန်းပို့သလဲ ဆိုတော့ ကျနော့်ရဲ့ မသိစိတ်ရဲ့ စွဲလမ်းမှုက စေ့ဆော် တွန်းပို့တာလို့ ပြောရင်ရမယ် ထင်တယ်” လို့ ပြောပြပါတယ်။
ပန်းချီစိုးနိုင်ဟာ ပန်းချီဆရာ ဖြစ်ဖို့ ရည်ရွယ် ကြိုးစားခဲ့တာ မဟုတ်ဘဲ၊ မတော်တဆ ဖြစ်လာတာ လို့ သူ့ပြောကြားချက် အရ သိရပါတယ်။ ဒါပေမယ့် သူဟာ ငယ်ငယ်ကတည်းက ပန်းချီရယ်လို့ မဟုတ်ဘဲ ရေးချင်ဆွဲချင်စိတ်တော့ ရှိခဲ့ပုံရ ပါတယ်။
“ကျနော်က ငယ်ငယ်ကတည်းက ကျန်းမာရေးက မကောင်း၊ လူစွမ်းလူစကလည်း မကောင်းဘူး လေ။ မဂ္ဂဇင်း တိုက်တွေသွားပြီး ကျနော်ရေးတဲ့ ပုံလေးတွေ သွားသွားပို့တယ်၊ အစောပိုင်းမှာ လက်မခံ ကြဘူး။ ကျနော် စိတ်ဓာတ် မကျဘူး ဆက်ပို့တယ်။ အဲဒီ ကျနော့်ပုံတွေ အတွက် ယုံကြည်မှုတော့ ရှိနေတယ်ဗျ။ အဲဒီကနေ တဖြည်းဖြည်း လက်ခံ လာတယ် ပြောရမှာပါ။ တဖက်ကလည်း စိတ်လွတ်ကိုယ်လွတ် ရေးဆွဲတဲ့ ပန်းချီကားတွေ ရှိနေပြီဗျ။ ဒါနဲ့ မြေချစ်သူ ရဲ့ မိတ်ဆက်ပေးမှုနဲ့ ဆရာ ဦးအောင်မြင့်နဲ့ တွေ့ဆုံ ခဲ့ရတယ်။ အဲဒီမှာ နိုင်ငံတကာပန်းချီတွေ အကြောင်း လေ့လာခွင့် လည်း ရခဲ့တယ်ပေါ့။ ဒါနဲ့ မမျှော်လင့်ဘဲ ပန်းချီဆရာ ဖြစ်လာတယ် ပေါ့ဗျာ” လို့ သူက ဆိုတယ်။
အသက် ၅၃ နှစ် ရှိပြီဖြစ်တဲ့ ပန်းချီစိုးနိုင်ဟာ ပန်းချီဆရာကြီးတွေ ဖြစ်တဲ့ ဦးလွန်းကြွယ်၊ ဦးသိန်းဟန် တို့ထံမှာ ပန်းချီပညာ သင်ယူခဲ့တာ ဖြစ်ပါတယ်။
၂၀ဝ၃ ခုနှစ်မှာတော့ NICA (Networking & Initiative for Culture & the Arts) က ပေးအပ်တဲ့ Artist in Residency ကို ရရှိခဲ့ပါ တယ်။ ပြည်တွင်း တကိုယ်တော် ပန်းချီပြပွဲပေါင်း ၂၀ ခန့်၊ ပြည်ပ ပန်းချီပြပွဲ ၆ ကြိမ် ပြသနိုင်ခဲ့ပြီး သူ့ ရဲ့ လက်ရာတချို့ကို ထင်ရှားတဲ့ ပြတိုက်နဲ့ ပြခန်းများက ဝယ်ယူစုဆောင်း ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သူဟာ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်ရင်း အနုပညာ အလုပ်တွေ ဖန်တီး လုပ်ဆောင်လျက် ရှိပါတယ်။ ။