အိမ်အေးကျော်ရဲ့ ပန်းချီကားတွေဟာ Realism ကို အခြေပြုပြီး အရောင်ဦးစားပေး ဖွဲ့စည်းဖန်တီးထားတယ် လို့ ဆိုနိုင်ပါတယ်။ Subject Matter ဘယ်လို ပြောင်းလဲ ရေးဆွဲပေမယ့် မပြောင်းမလဲ တွေ့ရတာက သူ့ရဲ့ အရောင်သုံးစွဲမှု၊ အရောင်တွဲစပ် ဖန်တီးမှုပါ။ Color Perspective ကို နိုင်နင်းပြီး သူ့ရဲ့ စိတ်ကြည်လင်မှုကို ဖော်ထုတ် ရေးဆွဲနိုင်သူ ဖြစ်ပါတယ်။ အဲဒီလို ဖန်တီးနိုင်မှုဟာ သူ့ရဲ့ သီးခြားဟန်အဖြစ် ရပ်တည်နေတာပါပဲ။ အနေအထိုင် ရိုးရှင်းပြီး စိတ်အေးနားအေး နေတတ်တဲ့ အိမ်အေးကျော်ကို ပန်းချီအသိုင်း အဝိုင်းက ချစ်ခင်ကြတာဟာ ဟန်ဆောင်မှုကင်းတဲ့ သူ့ရဲ့ ရိုးသားမှုကြောင့်ပါ။
“ကျနော်က ပါရမီ မရှိပါဘူး၊ တော်တော့်ကို ကြိုးစားခဲ့လို့ နည်းနည်း လက်ခံလာတဲ့ အဆင့် ဖြစ်လာတာပါ၊ ဝယ်ယူသူ ရှိနေလို့သာ ကျနော် ပန်းချီကို ပိုပြီး ရေးဆွဲဖြစ်တာပါ” လို့ သူက ဝန်ခံပြောဆို ပါတယ်။
“ကျနော် အရောင်ခြယ်ရတာ သဘောကျတယ်။ တခါတလေ အရောင်ကို အနုအရင့်ခွဲပြီး ဆေးဖြည့် ရေးဆွဲပြီး တဲ့ အခါ ပန်းချီကားနဲ့ ကျနော် ဘာမှမဆိုင်တော့သလို ခံစားရတယ်။ ကိုယ့်စိတ်ကူးနဲ့ ကိုယ် လုပ်ချင်ရာ လုပ်ပြီး သွားတဲ့ အခါမျိုးမှာ အဲဒီလို ခံစားရတယ်။ ပန်းချီကားအပေါ်မှာလည်း ဘာခံစား ချက်မှလည်း မရှိတော့ပါဘူး” လို့ သူ့ရဲ့ ခံစားချက်ကို ပြောပါတယ်။
အနုပညာမြောက်တယ် မမြောက်ဘူးဆိုတာလည်း ထည့်သွင်းစဉ်းစားမိတာ မရှိသလို၊ စိတ်ထဲရှိတဲ့ အတိုင်း လွတ်လွတ်လပ်လပ် ရေးဆွဲတင်ပြတာက သူ့ ဖန်တီးမှုရဲ့ အားသာချက်လို့ ဆိုရမှာပါ။ သူ ကျောင်းတက်စဉ် ကတည်းက Pattern ရေးဆွဲရတာကို ကြိုက်နှစ်သက်တယ် လို့လည်း သိရပါတယ်။
“ကျောင်းတုန်းက ထူးထူးခြားခြား ဖြစ်ခဲ့တာ တခုရှိတယ်၊ ကျနော် ရေးတဲ့ပုံတွေကို ဆရာတွေက မကြိုက် ကြဘူး၊ သင်လို့ ရပါ့မလား လို့တောင် ပြောတာတွေ ရှိခဲ့တယ်။ အဲဒီအချိန်က ကျနော် စိတ်အပျက်ဆုံးနဲ့ အားအငယ်ဆုံး အချိန်ပါပဲ။ အဲဒီမှာ ဆရာ ဦးဝင်းတင့်က မင်းမှာ ကိုယ်ပိုင်ဟန် တခု ရနေပြီပဲ၊ မင်းယုံကြည်တဲ့ အတိုင်း ဆက်ရေး၊ အားမလျှော့နဲ့လို့ အားပေးတယ်။ ဆရာ့အားပေးမှုနဲ့ ကျနော် ပန်းချီကားတွေ ရဲရဲရင့်ရင့် ရေးဆွဲရဲ လာတယ်” လို့ ပန်းချီ အိမ်အေးကျော်က သူ့ဖြတ်သန်းမှုမှာ အားဖြစ် စေတဲ့ ဆရာရဲ့ အားပေးမှုကို ပြောပြပါတယ်။
“ကျနော် ကြိုက်တဲ့ ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကို တဝကြီး ကြည့်တယ်၊ ဓာတ်ပုံတွေကို ကြည့်တယ်၊ တခါတလေ ကြိုက်လွန်းလို့ မှတ်မိသလို ပြန်ပြီး ရေးတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျနော် အတိအကျ ကူးဆွဲတာမျိုး မရှိဘူး၊ ကျနော့် စိတ်ထဲရှိသလို ပြန်ရေးတာပဲ” လို့ သူက ဆိုပါတယ်။
ပန်းချီ အိမ်အေးကျော်ဟာ ၂၀ဝ၅ ခုနှစ်က လောကနတ် အနုပညာပြခန်းမှာ ပထမအကြိမ် တကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်က ပန်းဆိုးတန်း ပန်းချီပြခန်းမှာ ဒုတိယအကြိမ် တကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ ပန်းချီကားတွေကို ကြည့်ရင် Subject စီးရီး၊ Theme စီးရီးရယ်လို့ မတွေ့ရပါဘူး။
“ကျနော်က ပြောင်းနေတာကို စိတ်ဝင်စားတယ်။ ကျနော့်စိတ်ကလည်း ပြောင်းနေတတ်တဲ့သဘော ရှိပါတယ်။ တခုခုကို အားရပါးရ ရေးဆွဲ ဖန်တီးပြီးတာနဲ့ ကျေနပ်အားရသွားတယ်။ ပြီးတော့ ငြီးငွေ့ သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါနဲ့ စီးရီးလိုက် ရေးတဲ့ ပန်းချီကား တွေရယ်လို့ မရှိသေးဘူး။ နောင်တော့ ဖြစ်လာကောင်း ဖြစ်လာနိုင်ပါတယ်” လို့ စီးရီးလိုက် မရေးဆွဲဖြစ်သေးတဲ့ အကြောင်း သူက ရှင်းပြပါတယ်။
သူရေးဆွဲတဲ့ Landscape ပန်းချီကား၊ Subject တခုခု စသည်ဖြင့် ကွဲပြားနေပေမယ့် အရောင်သုံးစွဲမှုကိုကြည့် ပြီး သူ့လက်ရာပဲ လို့ အသိအမှတ်ပြုနေတာတွေ၊ မှတ်မိနေတာတွေ၊ ဝယ်ယူအားပေးတာတွေ တွေ့ရပါတယ်။
“ကျနော်က စိတ်မပျော်ရင် ပန်းချီရေးလို့ မရဘူး၊ ကျနော် စိတ်ပျော်လို့ ရေးဆွဲတဲ့ ပန်းချီဆရာဘဝကို ကျေနပ်ပါ တယ်” လို့ အိမ်အေးကျော်က ပြောပါတယ်။
ဘဝတလျှောက် လက်ခံကျင့်သုံးတဲ့ ဆောင်ပုဒ်ဆိုရိုးနဲ့ ပတ်သက်ပြီးလည်း သူ့ကို မေးကြည့်ဖြစ်ခဲ့ ပါတယ်။
“ဘဝမှာ မိတ်ကောင်း ဆွေကောင်း တထောင် တသောင်း ရှိနေရင်တောင် မလုံလောက်သေးပါဘူး၊ ဒါပေမယ့် ရန်သူအနေနဲ့ တယောက် ရှိနေတယ် ဆိုရင်ပဲ လုံလောက်ပါတယ်ဆိုတဲ့ စကားကို လက်ခံထားပါတယ်” လို့ သူလက်ကိုင်ထားတဲ့ ဆောင်ပုဒ်နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ပန်းချီ အိမ်အေးကျော်ဟာ ရန်ကုန် အင်းစိန်မြို့နယ်မှာ ကြီးပြင်းခဲ့ပြီး အဝေးသင် တက္ကသိုလ်ကို သတ္တဗေဒအထူးပြုဘာသာ တွဲနဲ့ တက်ရောက်နေစဉ် တတိယနှစ် အရောက်မှာ ပန်းချီပန်းပု ကျောင်းကို ဆက်တက်ပြီး ပန်းချီလောက ထဲကိုရောက်ရှိလာသူပါ။ ရန်ကုန် ပန်းချီပန်းပုကျောင်း တက်ခဲ့တာက ၂၀ဝ၁ ကနေ ၂၀ဝ၄ ခုနှစ်လို့ သိရပါတယ်။ လက်ရှိ ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်ပြီး အနုပညာအလုပ်တွေ လုပ်ကိုင်နေပါတယ်။ ။