Culture

ပန်းချီခင်မောင်ရင်၏ ဘဝနှင့်ဒဿန

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ မြို့တော်ဟောင်း၏ မြောက်ပိုင်းရှိ အခန်းတခန်းသာပါသည့် သစ်သားအိမ်ကလေးထဲတွင် ပျော်မွေ့နေသူက ပန်းချီ ဆွဲဖို့ တခုတည်းကိုသာ စိတ်ထဲမှာထားသည့် ဦးခင်မောင်ရင် ဖြစ်ပါသည်။

မြန်မာခေတ်သစ်  အနုပညာ လှုပ်ရှားမှု၏ ပထမဆုံးမျိုးဆက်ထဲမှ ခေါင်းဆောင်တဦးဟု အသိ အမှတ်ပြုခြင်းခံရသည့် ဦးခင်မောင်ရင်သည် ယနေ့ မြန်မာ့ခေတ်ပြိုင် အနုပညာလောက၏ သက်ရှိ ဒဏ္ဍာရီဟုလည်း ဆိုနိုင်သည်။ သို့သော်လည်း သူက ရိုးရှင်းသည့် ဘဝနေထိုင်မှုကို ရွေးချယ်ခဲ့သည်။ ရန်ကုန်မြို့က သူ၏နေအိမ်မှာ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်တွေ မရှိ၊ ကင်းဗတ်စ် အလွတ်တွေကို စီထပ် ထားတာက တခြားသူများ၏အိမ်တွင် စင်ပေါ်တီဗီ တင်ထားသလောက် မြင့်သည်။ ပန်းချီဆွဲသည့် နေရာနားက ကြမ်းပြင်မှာပဲ သူအိပ်သည်၊ သူ့မှာ မိသားစုလည်း မရှိ။

“နည်းနည်းရှိတာက များတောင်နေသေးတယ်၊ ဒီမှာ ကျနော့်အတွက် လိုအပ်တာ အားလုံးရှိတယ်” ဟု အသက် ၇၅ နှစ်ရှိပြီဖြစ်သော ဦးခင်မောင်ရင်က ပြောသည်။

ကြမ်းပြင်မှာ ထိုင်နေသော ပန်းချီဆရာအိုက Winsor & Newton တံဆိပ် အခရိုင်းလစ်ပန်းချီ ညှစ်ဆေးဘူးတွေထဲကနေ  စုတ်တံနှင့် တို့ယူပြီး သစ်သားစင်ကို မှီထောင်ထားသည့် ကင်းဗတ်စ်တစပေါ်မှာ ရင်ခုန်စရာ ဆေးရောင်စုံတွေ ရေးဆွဲနေသည်။ သူ့မှာ ပန်းချီကားတင်ဖို့ ဒေါက်လည်းမရှိ။ သူ အနှစ် သက်ဆုံးဖြစ်သည့် ဥရောပ ဂန္ထဝင်တေးသွားတွေကို နားထောင်ရင်း အချိန်ကုန်တတ်သည်။

အလုပ်လုပ်ရင်း အလွန်ပင်ပန်းသွားပြီ ဆိုလျှင် ကြမ်းပြင်မှာ လက်ထောက်ပြီး တံခါးနားက သူအနှစ်သက်ဆုံး ကုလားထိုင်ဆီသို့ တရွတ်ဆွဲသွားရသည်။ အကူအညီမပါဘဲ သူမတ်တတ်မရပ်နိုင်ပါ။ ဟောင်းနွမ်းနေသည့် ကုလားထိုင်အခင်းပေါ်မှာ ထိုင်မိပြီဆိုလျှင် ခဏတဖြုတ် စာဖတ်ချင်ဖတ်သည်၊ သို့မဟုတ် အပြင်ဘက်က သူ၏ဥယျာဉ်ကို ငေးစိုက်ကြည့်နေလေ့ရှိသည်။

“ဒီဒူးတွေက ကျနော့်ကို ဒုက္ခပေးတာ”ဟု သူက မကျေမနပ်နှင့် ဆိုသည်။

“အရင်တုန်းကလို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တော့ဘူး။ နောက်ပြီး ကျနော့်မှတ်ာဏ်လည်း နည်းနည်း ချို့ယွင်းနေပြီ။ ဆရာဝန်တွေကတော့ ၂၀ဝ၀ ပြည့်နှစ်တုန်းက လေဖြတ်ခဲ့တာကြောင့်လို့ ပြောတာပဲ။ နောက်ထပ် ၅ နှစ်လောက်ပဲ အသက် ရှင်ချင်ပါတော့တယ်။ ကျနော် နှစ်တွေအများကြီး နေခဲ့ပြီးပြီဆိုတော့ ဒီလောက်ဆိုရင် လုံလောက်ပါပြီ” ဟုလည်း ဦးခင်မောင်ရင်က ပြောသည်။

ပန်းချီဆရာ ငယ်ဘဝက သူ၏ ပန်းချီကားတွေ ကို မြန်မာနိုင်ငံတွင် လူကြိုက်များခြင်းမရှိခဲ့ဟု ဦးခင်မောင်ရင် ပြောတတ်သည်။ သို့သော်လည်း ယနေ့ အချိန်မှာတော့ သူရေးဆွဲသည့် ပန်းချီကားတွေကို ပန်းချီကား စုဆောင်းသူတွေက အငမ်းမရ လိုက်လံ ဝယ်ယူနေကြသည်။ နောက်ဆုံးပြုလုပ်ခဲ့သည့် ပန်းချီ ပြပွဲတွင် ပန်းချီကား ၅၀ ပြသခဲ့ရာ အားလုံးနီးပါး ရောင်းထွက်သွားသည်။

ပန်းချီခင်မောင်ရင်၏ ပန်းချီကားတချို့ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
ပန်းချီခင်မောင်ရင်၏ ပန်းချီကားတချို့ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

“သူတို့ ကြိုက်လို့နေမှာပေါ့၊ ကျနော် မပြော တတ်ဘူး” ဟု ဦးခင်မောင်ရင်က ပြောသည်။ သူက ဝင့်ဝါမော်ကြွားတတ်သူ မဟုတ်ပါ။

“သူက တကယ်ကို ရှားပါးတဲ့ အနုပညာရှင်ပါ။ သူ့ရဲ့ ပန်းချီရေးဟန် တခုတည်းကြောင့် ကျော်ကြား တာမဟုတ်ပါဘူး။ သူ့ရဲ့ရုပ်သွင်နဲ့ ဘဝနေထိုင်မှုကိုက အနုပညာ မြောက်နေပါတယ်။ မြန်မာခေတ်သစ် အနုပညာအကြောင်း ပြောမယ်ဆိုရင်သူ့ကို ချန်ထားလို့ မရပါဘူး” ဟု ပန်းချီကား စုဆောင်းသူတဦးဖြစ်ပြီး ရန်ကုန်မြို့ရှိ လောကနတ် ပန်းချီပြခန်းကို ပူးတွဲ တည်ထောင်သူလည်းဖြစ်သူ ဦးအောင်စိုးမင်းက ပြောသည်။

သူ၏ ပန်းချီကားများတွင် မမျှော်လင့်သည့် အရောင်များကို မြင်တွေ့ရကြောင်း ဦးအောင်စိုးမင်း က ဆက်ပြောသည်။

“သူ့ရဲ့ ထူးခြားတဲ့ဟန်နဲ့ ဘဝတလျှောက်လုံး ဖန်တီးခဲ့တာတွေက လူငယ် အနုပညာရှင်တွေရဲ့ စိတ်ကိုလှုပ်ရှားစေခဲ့တယ်။ တယောက်တည်းသမား အဖြစ်နဲ့ နေထိုင်ခဲ့တယ်။ ဘဝတခုလုံးကို အနုပညာ အတွက် မြှုပ်နှံထားပြီးတော့ ကျော်ကြားမှုနဲ့ငွေကြေး ကို လုံးဝအလေးအထားခဲ့ဘူး” ဟု ဦးအောင်စိုးမင်းက ဆိုသည်။

၁၉၆၀ ပြည့်နှစ်များအတွင်းတွင် ဦးခင်မောင် ရင် ပန်းချီစတင်ရေးဆွဲခဲ့သည်။ အစောပိုင်းတွင် ဗိသုကာပညာကို လေ့လာခဲ့သည့်အတွက် ပုံသဏ္ဌာန် နှင့် အရောင်ကို အလေးထားခြင်းက နောက်ပိုင်း သူ၏ လက်ရာများအပေါ် လွှမ်းမိုးခဲ့ခြင်းဖြစ်သည်ဟု သူ၏မိတ်ဆွေ ပန်းချီဆရာဦးဆန်းမြင့်က ပြောသည်။

ဗိသုကာတယောက် ဘဝဖြင့် ပန်းချီပညာနှင့် ပတ်သက်သော စာအုပ်များကို အငမ်းမရဖတ်ခဲ့ပြီး ပုံတူများ၊ စိတ္တဇပန်းချီများနှင့် ဖတ်ရှု လေ့လာခဲ့သော ပုံစံအမျိုးမျိုးကို ကြိုးစားရေးဆွဲကြည့်ခဲ့သည်။

“ကျနော်က ကိုယ့်ဘာသာ သင်ယူခဲ့တဲ့ ပန်းချီ ဆရာပါ။ အနုပညာနဲ့ပတ်သက်ပြီး ကျနော်သိသမျှက ရိုးရှင်းမှုဟာ ပြည့်စုံမှုဆိုတာပါပဲ” ဟု ဦးခင်မောင်ရင် က ပြောသည်။

ဦးခင်မောင်ရင်၏ ပန်းချီကား အများအပြား သည် ရိုးစင်းမှုကြောင့် ကလေးငယ်တယောက် ရေး ဆွဲထားသလိုပင်ရှိသည်ဟု သူ၏ မိတ်ဆွေအကြောင်း ကို အတ္ထုပ္ပတ္တိတခု၏ နိဒါန်းတွင် ဦးဆန်းမြင့်က ရေးသားခဲ့သည်။

သူ၏ စိတ္တဇပန်းချီလက်ရာများတွင် တောက်ပ ပြီး ကွဲပြားသည့် အရောင်များနှင့် စုတ်ချက်ထူထူတို့၏ အားပြိုင်မှုများ ပါဝင်သည်။ အီတလီ မော်ဒန်ပန်းချီဆရာ Amedeo Modigliani ကို သဘောကျသည့်အတွက် မျက်နှာဖုံးဆန်သည့် မျက်နှာနှင့် အချိုး အစားရှည်သည့် ပုံတူပန်းချီများ ရေးဆွဲဖြစ်ခဲ့သည်ဟု ဦးခင်မောင်ရင်က ပြောသည်။

“ကျနော်က သူ့ကို ပီကာဆိုထက်တောင်မှ ကြိုက်တယ်၊ ဒါကြောင့် သူ့ရဲ့ဟန်အတိုင်း ၁၀ နှစ် နီးပါး ဆွဲဖြစ်ခဲ့တယ်” ဟု Modigliani နှင့် သူ၏ ဆက်နွှယ်မှုကို ရှင်းပြသည်။

ထိုရေးဟန်ကို သူ၏ထင်ရှားသည့် ပုံတူပန်းချီ ကားတွဲများဖြစ်သော “ထိုင်နေသောကချေသည်များ” နှင့် လွန်ခဲ့သော ၆ နှစ်က ရေးဆွဲခဲ့သည့် မြန်မာ့ ဒီမိုကရေစီပုံရိပ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ကားတွဲများတွင် တွေ့နိုင်သည်။ ဒေါ်အောင်ဆန်း စုကြည်၏ ပုံတူပန်းချီများသည် ပန်းချီကားစုဆောင်း သူများအကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် စစ်အစိုးရ အာဏာရှိနေဆဲ အချိန်တွင် ဖန်တီးခဲ့သောကြောင့် ဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည်လည်း နေအိမ်တွင် အကျယ် ချုပ်နှင့်ရှိနေဆဲအချိန်ဖြစ်ပြီး သူ၏ဓာတ်ပုံ သို့မဟုတ် ပန်းချီကား ပိုင်ဆိုင်ထားသူက ဖမ်းဆီးထောင်ချခြင်း ခံရနိုင်သည့်အချိန် ဖြစ်သည်။

အစိုးရ အပြောင်းအလဲဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်လည်း လွှတ်တော်ထဲအထိ ရောက်ရှိနေပြီ ဖြစ်သော ယနေ့အချိန်တွင်တော့ မြန်မာပန်းချီဆရာ အိုကြီးက သူ၏အချိန်များကို ရိုးစင်းစွာဖြတ်သန်းရင်း ပန်းချီကား ဆက်လက်ရေးဆွဲခြင်းဖြင့် ကုန်ဆုံးနေစေသည်။

နံနက်တိုင်း ၆ နာရီဆိုလျှင် အိပ်ရာကနိုးပြီး သူ၏ မိဘများအကြောင်းနှင့် အတိတ်က ပျော်စရာ နေ့ရက်များအကြောင်းကို နာရီဝက်ခန့် တွေးနေ တတ်သည်။ တခါတရံ ထိုနေ့တွင် ဖန်တီးမည့် ပန်းချီ ကားအတွက် စိတ်ကူးနှင့် ပုံဖော်ကြည့်ဖို့ ကြိုးစား ကြည့်သည်။

“ဆွဲဖြစ်တဲ့ အခါကျတော့ အမြဲတမ်း ဆန့်ကျင် ဘက်ပဲ” ဟု ဦး ခင်မောင်ရင်က ပြောသည်။

သူ့အိမ်တံခါးကို လူတိုင်း လာလည်နိုင်ဖို့ အတွက် ဦးခင်မောင်ရင်က ဖွင့်ပေးထားသည်။ သူစိမ်းများ၊ မိတ်ဆွေများ မည်သူ့ကိုမဆို လှိုက်လှဲစွာ ကြိုဆိုပြီး ကြမ်းပြင်ပေါ်မှာ အတူတူထိုင်ကြကာ လက်ဖက်ရည် သို့မဟုတ် ကော်ဖီဖြင့် ဧည့်ခံသည်။

အနုပညာသမားတယောက်၏ဘဝတွင် အရေး အပါဆုံးအရာတခု၏အမည်ကိုပြောပြဖို့ တောင်းဆို သည့်အခါ သူက အစားအစာဟု ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေသည်။

“ကြီးကျယ်တယ်ဆိုတဲ့ ဘယ်အရာမဆို ကျနော့် အတွက်  အဓိပ္ပာယ်မရှိပါဘူး။  အနုပညာသမား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အသက်ရှင် သန်ရပ်တည်နိုင်ဖို့ ကျနော်တို့ အားလုံးအတွက် အစားအစာလိုအပ်ပါတယ်။ ဒါပါပဲ” ဟု ဦးခင်မောင် ရင်က ပြောသည်။

ပန်းချီခင်မောင်ရင်၏ ပန်းချီကားတချို့ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
ပန်းချီခင်မောင်ရင်၏ ပန်းချီကားတချို့ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကျော်ဖြိုးသာ ရေးသည့် A Legendary Artist, ‘Less is More’ ကို နိုင်မင်းသွင် ဆီလျော်အောင် ပြန်ဆိုသည်။

မှတ်ချက်။     ။ ဤဆောင်းပါးကို The Irrawaddy အပတ်စဉ် ဂျာနယ် အတွဲ ၁၊ အမှတ် ၃ တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဇွန် ၁၀ နေ့နေ့လယ်တွင် ပန်းချီခင်မောင်ရင် (၇၇ နှစ်) ကွယ်လွန်သွားသည်ဟု ကြားသိရသည့်အတွက် ဧရာဝတီ ဝက်ဘ်ဆိုက်တွင် ပြန်လည် ဂုဏ်ပြု ဖော်ပြခြင်း ဖြစ်ပါသည်။

ဆက်စပ်သတင်း
ဗိသုကာ ပညာရှင်၊ ပန်းချီ ခင်မောင်ရင် (၇၇ နှစ်) ကွယ်လွန်

Did you find apk for android? You can find new Free Android Games and apps.
Loading