Culture

နှစ် ၅၀ ပြည့် ပြည်သူချစ်သော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၁၉၆၄ ခုနှစ် မေလမှာ ထုတ်ဝေခဲ့တဲ့ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ဟာ ဒီနှစ် ၂၀၁၄ ခုနှစ် မေလမှာ နှစ် ၅၀ တင်း တင်းပြည့်ပါပြီ။ “ရွှေရတုနှစ်” လို့ ပြောရမှာပေါ့။ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ကို စာရေးဆရာ၊ သတင်းစာ ဆရာမ ကြီး လူထုဒေါ်အမာ ရေးသားပြုစုခဲ့တာပါ။ ကျနော်တို့ ကတော့ ဒေါ်ဒေါ်လို့ ခေါ်တာ ပေါ့။ ဒေါ်ဒေါ်ရဲ့ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်က ၁၉၆၄ ခုနှစ် မေလမှာ ပထမအကြိမ် ထုတ်ဝေပြီး အဲဒီနှစ် စက်တင်ဘာမှာ ဒုတိယအကြိမ်၊ ၁၉၆၇ ဇူလိုင်မှာ တတိယ အကြိမ်၊ ၁၉၇၄ မှာ စတုတ္ထ အကြိမ်နဲ့ နှစ်ပေါင်း ၂၀ ကျော်အကြာ ၁၉၉၇ ဒီဇင်ဘာ ရောက်မှ ပဉ္စမအကြိမ် အဖြစ် အကြိမ်ကြိမ် အုပ်ရေများစွာ ထုတ်ဝေခဲ့ရတဲ့ စာအုပ်ပါ။

ပထမအကြိမ် ထုတ်တဲ့ ၁၉၆၄ ခုနှစ် ဆိုတာ တော်လှန်ရေးကောင်စီ တက်ပြီး တနှစ်ကျော်ကြာ အချိန်ပါ။ အဲဒီ အချိန်မှာ သုံးစွဲနေတဲ့ ငွေစက္ကူတွေလည်း တရားမဝင် ကြေညာတယ်၊ တိုင်းပြည်မှာလည်း စီးပွားရေး လုပ်ငန်းကြီးတွေကို ပြည်သူပိုင် သိမ်းတယ် ဆိုတဲ့ ကမောက်ကမ အချိန်။ တတိုင်းတပြည်လုံး စီးပွားရေး ကျပ်တည်း နေချိန်၊ ဒါပေမယ့် ပထမအကြိမ် ရိုက်နှိပ်တဲ့ အုပ်ရေ ၃၅၀ဝ က ၁ လကျော်အတွင်း ကုန်သွားအောင် ရောင်းရသတဲ့။ ဒါကြောင့် အဲဒီနှစ် စက်တင်ဘာလမှာပဲ ဒုတိယအကြိမ် ရိုက်နှိပ်ရပါတယ်။ သုံးနှစ်ခြားပြီး ၁၉၆၇ မှာ တတိယအကြိမ်၊ နောက် ၇ နှစ် ခြားပြီး စတုတ္ထအကြိမ် ရိုက်နှိပ်အပြီး နှစ်ပေါင်း ၂၀ ကျော် (တိတိကျကျဆိုရင် ၂၃ နှစ် ခြားပြီး) မှ ပဉ္စမအကြိမ် ရိုက်နှိပ်ရတာပါ။

ဒေါ်ဒေါ်ရဲ့ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ဟာ ဈေးကွက်မှာလည်း ပရိသတ်ရဲ့ အားပေးမှု ခံရသလို (အဲဒီအချိန်က) စာပေဗိမာန် စာပေဆုလည်း ချီးမြှင့်ခံရလို့ ပရိသတ်အကြိုက်နဲ့ ထပ်တူမျှသော စာပေဆုလို့ ပြောလို့ ရပါတယ်။

ကျနော်ဟာ ပြည်သူချစ်သော အနုပညာသည်များနဲ့ ပတ်သက်ပြီး အလွန် မှတ်မှတ်ရရ ရှိခဲ့ပါတယ်။ ကျနော် မွေးဖွား ကြီးပြင်းရာ အရပ် ဟာ သဘင်သည်များ မဟုတ်သော်ငြား၊ “သုခုမ” ပညာကို အတော် စိတ်ဝင်စား ကြိုက်နှစ်သက်တဲ့ နေရာပါ။ ရပ်ရွာ ဘုရားပွဲမှာ အရပ်ဇာတ် က,ကြတယ်။ ရပ်ကွက်ထဲမှာ အပျော်တမ်း ခါးပြတ်တီးဝိုင်းလေး ထောင်ထားတယ်။ ညနေခင်း လက်ဖက်ရည်ကြမ်း ဝိုင်းမှာ  ဇာတ်အကြောင်း၊ ဆိုင်းအကြောင်း၊ အငြိမ့်အကြောင်း၊ သီချင်းအကြောင်း၊ ဇာတ်ထုပ် ဇာတ်လမ်းအကြောင်း၊ ဧယင်ကျူးပညာအကြောင်း၊ သုခုမဆိုင်ရာ အကြောင်းခြင်းရာ တွေကို ပြောကြဆိုကြတယ်။ ဒါပေမယ့် အရပ်စကားပေါ့။ ပါးစပ်ရာဇဝင်ပေါ့။ ကြားသိရတဲ့ သာမန် အချက်အလက်တွေ ပဲပေါ့။

ဝါသနာအရ ဇာတ်ဆို မလွတ်တမ်း၊ အငြိမ့်ဆို မလွတ်တမ်း၊ ဗလာဆိုင်းဆို မလွတ်တမ်း နားထောင် ကြည့်ရှုပြီး သူတို့ ခါးပြတ် တီးဝိုင်းလေးက လေဘာတီ မမြရင်ရဲ့ “အလှူ့ရှင်လည်း တီးနိုင်ရဲ့” ဗေဒါကြီးရဲ့ “ဗျောညွန့်လည်း ခေါက်နိုင်ရဲ့”၊ မြို့မက “ထပ်တရာလမ်း” လည်း စည်းကိုက်ဝါးကိုက် ဟစ်နိုင်ရဲ့၊ ဒီအကြောင်းအရာ အချက်အလက်တွေ၊ အတွေ့အကြုံတွေကို လက်ဖက် ရည်ကြမ်းဝိုင်းမှာ ပြောကြတော့၊ အိမ်ရှေ့က ဝိုင်းမို့ ကျနော်က မကြားချင်အဆုံး၊ ကိုယ်ကိုယ်နှိုက် ကလည်း ဝါသနာပါတော့ လူကြီး တွေကြား ဒူးကလေးတုပ်ပြီး နားထောင်တာပေါ့။

ဒီလိုနဲ့ “ထိလပ်ပိုးအူ” နားရည်ဝ၊ “ရှစ်ဌာန သာလာယံ” နားရည်ဝ၊ “ဗေဒါကြီး အငြိမ့်ညွန့်ပေါင်း” နားရည်ဝ၊ “လက်ရည်တပြင် တည်း” နားရည်ဝ၊ “ရွှေမောင်းတိုက်ရှေ့က ရေနွေးထည့် ပုလင်းခွံ၊ ရှမ်းပြည်ငှက်ဖျားနှင့် တုံးကျော်မ” နားရည်ဝ၊ “ည ချမ်း ချိန်ခါဝယ်” နှင့် ပတ္တာ သုသာန်အဝင်ဝက အုတ်ကား၊ တိမ်လွှာမို့မိုလွင် နားရည်ဝဆဲ၊ ဆယ်အိမ်ပေါင်းမှ ရေဒီယို တလုံးမျှပင် မရှိတဲ့ဘဝမို့၊ ဝမ်းကွဲအစ်ကို အပ်ချုပ်ဆရာရဲ့ အထည် ညှပ်ရင်း ချွဲချွဲနွဲ့နွဲ့ ပီပီပြင်ပြင် သီဆိုတဲ့ သီချင်းတွေကိုပဲ စက်ခုံဘေး အိပ်ရာပေါ်က မှေးကာ နားထောင် ခံစားနေရတာပေါ့။

အဲဒီအချိန် “ခုနစ်တန်း၊ ရှစ်တန်းသာသာ ကျောင်းစာအပြင် အနားမှာရှိတဲ့ စာအုပ်လေးတွေ ဆွဲငင်ကြည့်ရှုဖို့ ဝန်မလေးချိန်မို့ စက် ဆရာ အိပ်ရာဘေးက အဖုံးပြုတ်၊ အမှာစာပြုတ်၊ စာအုပ်ကျောဘက်မှာလည်း အဆုံးထိမပါ၊ ကျွတ်နေတဲ့ စာရွက် ဝါကြန့်ကြန့်တွေ အပ်ချည်တွေ တွဲသီချုပ်ထားတဲ့ စာအုပ်လေးတအုပ် ကောက်ယူအကြည့်။

ဟုတ်ကဲ့။ အဲဒီစာအုပ်လေးဟာ ဒီကနေ့အထိ အိပ်ရာ ခေါင်းရင်းမှာ အမြဲထားပြီး မကြာခဏဖတ်ရ၊ ကြည့်ရ၊ ခံစားမျက်ရည် ဝဲရဆဲဖြစ်တဲ့ လူထုဒေါ်အမာ ရဲ့ “ပြည်သူချစ်သော အနုပညာသည်များ” ပါပဲ။ ဒီစာအုပ်ဟာ “ဆူးငှက်” ဆိုတဲ့  ကလောင်တချောင်း အတွက် ပင်စည်ပင်မ သာမက၊ ရေသောက်မြစ် စာအုပ်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်က ဇာတ်သဘင် ချစ်စိတ်၊ အငြိမ့် ချစ်စိတ်၊ ဂီတချစ် စိတ်၊ အနုပညာ ချစ်စိတ်၊ မန္တလေး ချစ်စိတ်၊ လူမျိုးနဲ့ တိုင်းပြည် ချစ်စိတ်၊ အနုပညာရှင်ရဲ့ ဂုဏ်မာန၊ အတွေးအခေါ်၊ အယူအဆ၊ အကြံအစည်၊ အံ့မခန်း စိတ်ဓာတ်ကို သိရှိ ချစ်မြတ်နိုး စေတာပါပဲ။ ဒေါ်ဒေါ်ရဲ့ ခြေဖဝါးအောက်က မြေတမှုန်မျှ ပညာ၊ လုံ့လနဲ့ ထပ်မံ ကာ “အနုပညာ” အပေါ် ခံစားတူးဆွ၊ ပူဇော်သန ပြုမိတာကလည်း ဒီစာအုပ်ကြောင့်ပါ။

ဒီလိုနဲ့ ၁၉၈၈ အရေးတော်ပုံကြီး ပြီးသည့်နောက် ပြင်းထန်တဲ့ မုန်တိုင်းတွေ၊ လေနီကြမ်းတွေ အကြား ဒေါ်ဒေါ့်သား ဆရာ ညီပုလေး လည်း မတရား ဖမ်းဆီးခံရ၊ အားလုံးလိုလို ကစဉ့်ကလျား၊ ဆောက်တည်ရာမရ မတည်ငြိမ်ကြဆဲ၊ ၁၉၈၉ ခုနှစ် မေလမှာပဲ “ပြည်သူ ချစ်သော အနုပညာသည်များ” စာအုပ် ၂၅ နှစ်ပြည့်ပြီ ဆိုတဲ့ အသိကြောင့် ဒေါ်ဒေါ်ဦးဆောင်ပြီး အမရပူရ တောင်လေးလုံး ကျောင်း မှာပဲ အခမ်းအနားလေး ကျင်းပဖြစ်ခဲ့။

အခမ်းအနားလေး ဆိုငြား အမြူတေပမာ သိပ်သည်းလှတဲ့ အနှစ်ချည်းမို့ တန်ဖိုးရှိလှချည့်။ ဒေါ်ဒေါ်ရဲ့ တူရင်းချာကြီးများ ဖြစ်တဲ့ ဆရာကြည်အောင်၊ ဆရာကိုလေး (အင်းဝဂုဏ်ရည်) တို့ရဲ့ အမှတ်တရ စကားတွေ၊ အထူးသဖြင့် ဆရာကြည်အောင်ရဲ့ စောဒက တက်တဲ့ မေးခွန်းအပေါ် ဒေါ်ဒေါ်က “ငါတူတွေ ဒီလိုတော်တာ နော်” ဆိုတဲ့ ဂုဏ်ယူ အကြည့်နဲ့ ပြုံးကာဖြေလိုက်တဲ့ အဖိုးတန်စကား၊ ဒါကို ကျနော်က ဒီလို မှတ်သားထားလိုက်ဖူးရဲ့။

တကယ်တော့ “ပြည်သူချစ်သော အနုပညာသည်များ” ဟာ ရသဟန်ပါ အတ္ထုပ္ပတ္တိ စာပေပါ တဲ့။ ဒီလိုပဲ ကိသာဂေါတမီနဲ့ မုံညင်းစေ့၊ ထေရီထေရာနဲ့ ပြည့်တန်ဆာ၊ ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ၊ မှော်ဘီဆရာ သိန်းရဲ့ဟင်းလေးအိုး၊ စံထိုးလောက်တဲ့ အတ္ထုပ္ပတ္တိ စာပေတွေပဲ တဲ့။  ကမ္ဘာမှာလည်း  နှိုင်းယှဉ်ပြရင် အင်းဂရီ၊ မော်ရွိုင်းက ရှယ်လီ၊ ဂေါ်ကီက တော်လ်စတွိုင်း နဲ့ ချက်ကော့ဗ်၊ ဂျက်လန်ဒန် ကို တော့ အိုင်ဗင်စတုန်းကစ ရေးခဲ့ဖူးပေမယ့် ရူးဆိုးရဲ့ ဖြောင့်ချက်ကျမ်းထဲမှာ “အတ္ထုပ္ပတ္တိစာပေဟာ အမှန်မဟုတ်ဘူး” တဲ့။ ဒီတော့ ဦးဖေသိန်း ရဲ့ ရွှေဥဒေါင်း၊ ရွှေဥဒေါင်းရဲ့ “ဘဝတသက်တာ” ကွဲလွဲတာလေးတွေ ရှာကြည့်ပါ တဲ့။ ဆရာငြိမ်း၊ ဆရာတင်၊ မမြရင် အကြောင်း ဒေါ်ဒေါ် ကလည်း အကောင်းချည်း ရေးထားသတဲ့။

(ကဗျာဆရာ – ကြည်အောင်)  ရဲ့စကား မှတ်သားတုန်လှုပ်စရာ။

ဒီတော့ ဒေါ်ဒေါ်က ဂျပန်ခေတ်နဲ့စစ်ကြီးအတွင်း သေခြင်းမလှကြတဲ့ မြန်မာ့ အနုပညာသည်တွေကို လွမ်းလည်းလွမ်း၊ ချစ်လည်းချစ် မို့ (ဒေါ်ဒေါ် လွမ်းသလို၊ ဒေါ်ဒေါ် ချစ်သလို) အားလုံးလွမ်းစေ၊ ချစ်စေကြကြောင်းရယ်နဲ့ ကောင်းတာသာပြော၊ တော်တာသာ ရေးပါ သတဲ့။ ခေတ်၊ စနစ်နဲ့စစ်ကြောင့် နွံနစ်ခဲ့ရတဲ့ (တို့ရဲ့) အနုပညာ ပတ္တမြား (အဲဒီခေတ်က) လူငယ်တွေကြား ဒေါ်ဒေါ်က ထုတ်ကြွားပြ တာပါ တဲ့။

ဟုတ်ပါတယ်။ ဒေါ်ဒေါ်က ခေတ်ကာလ အပြောင်းမှာ လူငယ်တွေက အနောက်တိုင်းမှ အထင်ကြီး၊ အနောက်တိုင်းမှ အတုခိုး၊ အနောက်တိုင်းမှ ဂုဏ်ယူနေကြလို့ တို့မှာလည်း ဒီလို အနုပညာရှင်ကြီးတွေ ရှိသကွဲ့ ဆိုတာ လူငယ်တွေ နားဝင်အောင် ပြရတာမို့၊ သူတို့ ပုဂ္ဂိုလ်ရေး အားနည်းချက် အသေးအမွှားကို ရေးကြီးခွင်ကျယ် လုပ်ပြ မနေပါဘူး တဲ့။ ဒါတွေ ရေးလို့ကော စာဖတ်ပရိသတ် အတွက် အကျိုး ရှိပါ့မလား တဲ့။ အဲဒီလိုဖြေခဲ့တာ အမှတ်တရပါ။

၁၉၈၉ မေလက ကျင်းပတဲ့ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ထုတ်ဝေခြင်း ၂၅ နှစ် မြောက် ငွေရတုပွဲဟာ အလွန် အဖိုး တန်လှ ပါတယ်။

ဒီနောက် စိစစ်ရေးကျပ်တည်း၊ စာအုပ်ဈေးကွက် ပြိုပျက်၊ အထွေထွေ စရိတ်ကြီး မြင့်မားနေချိန်မှာ “ပြည်သူချစ်သော အနုပညာ သည် များ” စာအုပ်ကို ပဉ္စမအကြိမ် ရိုက်နှိပ်ထုတ်ဝေ ပါတယ်။ စွန့်စားမှုကြီး တခုပေါ့။ ဒီအချိန် လူထု ကြီးပွားရေး စာအုပ်တိုက်က စာတည်းအဖွဲ့ တဖွဲ့မှာ ကျနော်ရောက်ရှိ ပညာသင်ယူနေပါပြီ။ ဒီစာအုပ် ပြန်လည်ထုတ်ဝေတော့ ကျနော် အများဆုံး လုပ်ဆောင်ရပါတယ်။ ပရုဖတ်၊ စာမျက်နှာဖွဲ့၊ ဒီလိုနဲ့ စာအုပ်ပြီးလို့ ဒေါ်ဒေါ့်လက်ထဲ စာအုပ်လေး ထည့်ပေးလိုက်ရတော့ ပျော်လို့ ပေါ့။

နောက် ၂ ရက်၊ ၃ ရက် တညနေ ဒေါ်ဒေါ်က “ပြည်သူချစ်သော” စာအုပ်အသစ်ကို ကိုင်ပြီး အောက်ဆင်းလာတယ်။ စာအုပ်ကြားမှာ စက္ကူစ အလံလေးတွေ ထိုးထားတာပါလို့ (ဖြတ်စ အဝါရောင်လေးတွေကိုး)။ ပြီးတော့ ဒေါ်ဒေါ်က ကျနော့်ကို ပြောတယ်။

“အေး၊ စာအုပ်လေးက လှသကွယ့်၊ ဂရုတစိုက်လုပ်ပေးတဲ့ မတင်ဝင်းရော၊ ကျော်ဆန်းမြင့် (ဆရာ ကျော်ရင်မြင့်) ရော၊ မင်းကိုရော ကျေးဇူးတင်တယ်။ အခု တအုပ်လုံး ပြန်ဖတ်တော့မှ ဒါတွေ ငါရေးခဲ့ဖူးပါလား ဆိုပြီး ပြန်အမှတ်ရတာ။ ငယ်တုန်းကမို့ ဒီ စာအုပ်လေး ကို ရေးနိုင်တာပါကွယ်။ သတင်းစာကလည်း ရှိသေးတော့ အားလုံးက ဝိုင်းကူကြတာကိုး” တဲ့။ ပြီးတော့ ဒေါ်ဒေါ်က ဆက်ပြော တယ်။

“အေးကွယ်၊ ဒီစာအုပ်ကို မင်းတို့ နောက်တကြိမ်များ ပြန်ရိုက်ရင်၊ ဒီအမှားလေးတွေ ပြင်လိုက်ပါဦး” တဲ့။ ကျနော်ဖြင့် ရှက်လိုက် တာ။

ဒီစာအုပ်ကို အလုပ်သဘော ပရုဖတ်တာ၊ အကြောင်းအရာထဲ မျောမျောပါသွား လေတော့၊ ဘယ့်နှယ် ပရုစင်ပါ့မလဲ။ စာလုံး အမှားအယွင်း လေးတွေပါ များလေရဲ့။ ဒါအားလုံး ကျနော့် ချွတ်ယွင်း အားနည်းချက်တွေပါ။

ထပ်ပြီး မှတ်မှတ်ရရ ပြောချင်တာက ဒေါ်ဒေါ် (လူထုဒေါ်အမာ) လို ကမ္ဘာကျော် စာရေးဆရာ သတင်းစာ ဆရာမကြီးက သူ့လက်အောက် ငယ်သားအပေါ် ဘယ်တော့မှ ရင့်ရင့်သီးသီး၊ မာမာကျောကျော၊ ချိုးချိုးနှိမ်နှိမ် မပြောဘူး။ ချီးကျူးစရာရှိရင် ချီးကျူးတယ်။ ပြီးမှ အမှားကို ညင်ညင်သာသာ၊ သိမ်သိမ်မွေ့မွေ့ ထောက်ပြတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading