ပန်းချီရှိန်ရဲ့ ပန်းချီကားတွေကို အစ်ဇင် တရပ်ရပ်နဲ့ ကိုက်ညှိယူရရင်တော့ Abstract Expression ပန်းချီကား တွေလို့ ဆိုနိုင်ပါတယ်။ စိတ်ခံစားမှုကို မြန်မြန်ဆန်ဆန် ထင်ဟပ်တင်ပြနိုင်အောင် ရေးဆွဲတဲ့ စီးရီးလိုက် ပန်းချီ ကားတွေပါပဲ။ ပန်းချီဆရာ တဦး အတွက် Subject သို့မဟုတ် Theme စီးရီးလိုက် ရေးဆွဲ တင်ပြခြင်းဟာ အနုပညာ ဖန်တီးမှု အတွက် စိန်ခေါ်မှု တရပ်ဖြစ်သလို မှတ်ကျောက် တင်ခံခြင်း လို့လည်း ဆိုနိုင်ပါတယ်။
ဇွန် ၁၀ ကနေ ၁၄ ရက်နေ့ အထိ Pansodan Scene မှာ ပန်းချီ ရှိန်ရဲ့ တကိုယ်တော်ပြပွဲကို ခင်းကျင်း ပြသခဲ့ပါတယ်။ ရေးဆွဲတင်ပြ ပုံ အပြောင်းအလဲ၊ အချိုးအကွေ့ အများအပြား ဖြတ်သန်းခဲ့တာ တွေ့ရပေမယ့် စိတ်ခံစားမှုကို အခြေပြု ဖန်တီးမှုကတော့ အတူတူ ဆိုတာ တွေ့ရတယ်။
“ကျနော့် တကိုယ်တော် ပန်းချီပြပွဲတွေက အခု တကြိမ်နဲ့ပါဆိုရင် ၁၂ ကြိမ်ပေါ့ဗျာ၊ တကိုယ်တော် ပြပွဲ တခုနဲ့ တခု ကလည်း မတူကြ ဘူး၊ အစောပိုင်း လက်ရာတွေကတော့ Realism ကို အခြေပြု ရေးဆွဲတာပေါ့၊ ကျောင်း က သင်ပေးလိုက်တဲ့ နည်းစနစ် အတိုင်း ပါ၊ နောက်ကျတော့့ Impression ကို စိတ်ဝင်စားလာတယ်၊ ပြည် ထောင်စုနေ့ ပြပွဲတွေမှာ ပိုစတာတွေလည်း ရေးခဲ့တယ်၊ အခု နောက်ပိုင်း ကျတော့ စိတ်ခံစားမှုအလိုက် ပုံဖော်ရတာကို ပိုပြီး အားသန်လာတယ်ပေါ့၊ အခုပြပွဲမှာ ပြသထားတဲ့ ပန်းချီကားတွေဟာ လည်း စီးရီးလိုက်တွေ ဆိုပေမယ့် ဖြစ်တည်လာတဲ့ ပုံစံက မတူဘူးဗျ”လို့ သူက ရှင်းပြပါတယ်။
သူဟာ ၁၉၈၆ ခုနှစ်ကတည်းက ယနေ့အထိ ပြည်တွင်းပြည်ပ အုပ်စုပန်းချီ ပြပွဲပေါင်းများစွာမှာ ပါဝင် ပြသနိုင်ခဲ့သလို ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ တွေမှာလည်း တကိုယ်တော် ပန်းချီပြပွဲတွေ သွားရောက် ပြသနိုင်ခဲ့ပါတယ်။
ပန်းချီဆရာတိုင်း လိုလို အောက်ဒိုး (Outdoor) ထွက်ပြီး ရေးဆွဲတတ်ကြပါတယ်။ သူတို့ ပြောတာကတော့ သဘာဝ တရားကို လေ့လာရေးဆွဲတာလို့ ဆိုပါတယ်။
အောက်ဒိုးထွက်ရေးတာနဲ့ပတ်သက်ပြီး ပန်းချီရှိန် ပြောတာကတော့ “ကျနော့် သူငယ်ချင်းတွေနဲ့ အောက်ဒိုးထွက် ရေးခဲ့တယ်၊ သဘာဝ တရားရဲ့ အပြောင်းအလဲ၊ လူရဲ့ စိတ်အခံ၊ ပြီးတော့ ပြန်လည်ထင်ဟပ် တင်ပြဖို့ ကျွမ်းကျင်မှု၊ ဆုံးဖြတ်ချက် မှန်ကန်မှုတွေနဲ့ ရေးရတာကိုး၊ ပထမ စရေးတုန်းက ကိုယ်ဆွဲမယ့် အနေအထားကို ကြည့်ပြီး ပုံကြမ်းကောက်နေရင်း မြင်ကွင်းက ပြောင်းပြောင်း သွားတာ၊ လိုက်လို့ကို မမီဘူး၊ ဒုက္ခ ရောက်တာပေါ့ဗျာ၊ နောက်ကျတော့ တဖြည်းဖြည်း ဘယ်အချိန်၊ ဘယ်ဝန်းကျင်၊ ဘယ်မြင်ကွင်း ဆိုရင် ဘယ်လို ပုံဖော်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်လာတယ်” လို့ ပြောပါတယ်။
ပန်းချီရေးဆွဲရာမှာ Knife-Work ရေးချက် တွေနဲ့ ဖန်တီးကြတာ ရှိပါတယ်။ စုတ်တံ မသုံးဘဲ Knife သုံးပြီး ရေးဆွဲတာပါ။ ဓားချက်လို့လည်း မြန်မာမှုပြု ပြောတာတွေလည်း ရှိပါတယ်။ ဓားချက်တွေနဲ့ ပန်းချီကား ရေးဆွဲဖို့ ပန်းချီဆရာကြီး (ဦး) ကိုရွှေအောင် သိမ်းထံမှ သင်ယူခဲ့ရတဲ့ အကြောင်းသိရပါတယ်။
“အဲဒီတုန်းက ကျနော်တို့ အလုံသစ်တောဝင်းမှာ နေထိုင်စဉ်ကပါ၊ ပန်းချီ မျိုးသန့်အောင်ရေးတဲ့ ဓားချက်ကား တွေကို ကြည့်ပြီး ငါလည်း ရေးတတ် ချင်တယ်၊ ငါ့ကို သင်ပေးပါလို့ ပြောတော့ စုတ်တံနဲ့ မရေးဘဲ ဓားနဲ့ရေး တာပဲ ကွာတာ၊ ပန်းချီ ရေးတတ်ရင် ဓားနဲ့လည်းရေးလို့ရတယ်လို့ ပြောပြတယ်၊ အဲဒီနောက် ဆရာကိုရွှေ အောင်သိမ်းဆီ ကျနော့်ကို ခေါ်သွားပေးတယ်၊ ဆရာ့ဆီက ဓားရေး ချက် နည်းစနစ်ကို သင်ယူခဲ့ပါတယ်၊ ဓားရေးချက်က စိတ်မရှည် ဖြစ်တတ်တဲ့ ကျနော့်အတွက် အားရကျေနပ်စရာပါပဲ” တဲ့။
သူဟာ တဖက်က ပန်းချီကို စူးစိုက် ရေးဆွဲသလို တဖက်က လူငယ်တွေကိုလည်း ပန်းချီသင် ကြားပေးလျက် ရှိပါတယ်။ သူဟာ New Zero Art Space က ဖွင့်တဲ့ အခမဲ့ ပန်းချီသင်တန်းတွေမှာ ပန်းချီနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀ဝ၈ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်တွေမှာတော့ ပန်းချီအပြင် ပါဖောမင့်အတ် Event တွေလည်း တင်ဆက်ခဲ့ပါ သေးတယ်။
ပန်းချီရှိန်ရဲ့ အမည်ရင်းက ရှိန်မြင့်ဖြစ်ပြီး နောက်ပိုင်း ရှိန်ဆိုတဲ့ အမည် တလုံးတည်းကိုပဲ သုံးစွဲလာခဲ့ပါတယ်။ အသက် ၅၃ နှစ် ရှိပြီဖြစ်တဲ့ သူ့ကို သရက်မြို့မှာ မွေးဖွားပါတယ်။ ကလေးဘဝ ကတည်းက ပန်းချီရေးဆွဲခြင်းကို ဝါသနာ ထုံခဲ့တယ် လို့ သိရပြီး ရန်ကုန် ပန်းချီပန်းပုကျောင်းက ၁၉၈၅ မှာ ကျောင်းပြီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကာတွန်းမောင်ဝဏ္ဏ၊ ဆရာ ဦးသိန်းညွန့်၊ ဆရာ ဦးသုခ၊ ဦးမြသောင်းနဲ့ WPM ခေါ် ဆရာဝင်းဖေမြင့် တို့ထံမှာ ပန်းချီပညာ ဆက်လက်သင်ယူခဲ့ပါတယ်။
အခုခေတ် အခါဟာ ပန်းချီသင်ကြားရေး၊ ပန်းချီလေ့လာရေးအတွက် ပွင့်လင်းသွားပြီ၊ လွယ်ကူသွားပြီ ဆိုပေမယ့်လည်း တိုးတက်မှုနည်းပါးနေသေးတယ် လို့ သူက သုံးသပ်ပါတယ်။
“ပန်းချီအနုပညာ အကြောင်း၊ ပန်းချီဖန်တီးမှုတွေ အကြောင်း၊ ပန်းချီနည်းစနစ်တွေ အကြောင်း အင်တာနက် အပါအဝင် စာအုပ် စာတမ်းတွေ အလွယ်တကူ ရရှိနိုင်ပါပြီ၊ ကျနော်တို့ ပန်းချီကျောင်း တက်တုန်းက လေ့လာဖို့ မလွယ်ဘူး၊ အားပေးမှုလည်းနည်း တယ်၊ အခုတော့ အခွင့်အလမ်းတွေ ရှိနေပြီ၊ ဒါပေမယ့် ကျနော်တို့ ပန်းချီ ဆရာတွေ ကျယ်ကျယ် ပြန့်ပြန့် အသုံးချနိုင်မှု မရှိသေးဘဲ အားနည်းနေဆဲပဲ”လို့ သူက ပြောပါတယ်။
ပန်းချီကားတွေ ဝယ်ယူအားပေးမှု အခြေအနေ နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲလို့ မေးတော့ အရပ်မြင့်မြင့်် အသား မဖြူမညိုနဲ့ ခပ်ရှင်းရှင်း ပြောတတ်သူ ပန်းချီဆရာ ရှိန်က“အရင်ကထက်တော့ ဝယ်ယူအားပေးလာကြတာ တွေ့ရပါ တယ်၊ ဒါပေမယ့် အနုပညာ ကို အားပေးဝယ်ယူ တာတော့ နည်းနေပါသေးတယ်၊ ကျနော့် အနေနဲ့ ပြောရရင် ကျနော်က ကိုယ့်ဖန်တီးမှုနဲ့ကိုယ် ပန်းချီဆွဲနေရ တာ ပျော်ရွှင်နေပေမယ့် အဲဒီနောက်က လိုက်လာတဲ့ ဈေးကွက်ဆိုတဲ့ ဂဏန်းတွေ လိုက်လာတဲ့အခါ စိတ်ရှုပ်ရတယ်ဗျာ”လို့ ပြော ပါတယ်။ ။