လူသားနှင့် ပန်းပွင့်တို့ ဆက်စပ်မှုသည် လူ့သမိုင်းကြောင်း စတင်ကတည်းက ဖြစ်သည်။ လူသားဖြစ်တည်မှု၊ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုးကွယ်မှု၊ ယုံကြည်မှု ဆိုင်ရာများအထိ ပန်းများနှင့် ဆက်စပ်နေသည်ကို တွေ့နိုင်သည်။ ပန်းတို့သည် လူသားတို့အား အရောင်အဆင်းအားဖြင့် လည်းကောင်း၊ ရနံ့အားဖြင့် လည်းကောင်း ဆွဲဆောင်သကဲ့သို့၊ ထို့ထက်ပို၍ လေးနက်သော လောကသဘာဝ၊ အတွေး၊ စိတ်ကူး၊ အမြင်ကိုလည်း ရရှိစေပြီး ကိုးကွယ်ယုံကြည်မှုပိုင်း အထိ ဆက်စပ်နေသည်ကို တွေ့နိုင်သည်။
ပန်းတို့သည် သူတို့ အတွက် သက်သက် ပွင့်ဝေခြင်း မဟုတ်၊ လောက အတွက်၊ သိမြင်တန်ဖိုးထားသူများ အတွက်၊ ခံစားနိုင်သူများ အတွက်လည်း ပွင့်ဝေကြသည်ဟု ကဗျာ၊ အက်ဆေးဆရာတို့ ရေးသားကြသည်။ ထို့အတူ ပန်းချီ ဆရာ နေထွန်းကလည်း “မြင့်မြတ်မှုနဲ့ အနှိုင်းမဲ့ပုဂ္ဂိုလ်တို့အား ပူဇော်ရာ ကြာ၊ အောင်မြင်မှုတို့ရဲ့ အထွတ်အမြတ် ထားရာ ကြာ၊ အနိမ့်ဆုံးနေရာမှ အမြင့်ဆုံးနေရာသို့ တိုးဝင်ဖောက် ထွက်လာနိုင်သည်မှာ ကြာ၊ ထိုသို့သော အဓိပ္ပာယ် များကို ဖော်ဆောင်ရင်း “ကြာ” ပန်းချီကား ၁၃ ကား ကို ရေးဆွဲမိပါသည်” ဟု သူ၏ Artist’s Statement ၌ ဖော်ပြ ထားသည်။
ပန်းချီဆရာ နေထွန်း၏ တတိယအကြိမ်မြောက် 13 Lotuses တကိုယ်တော်ပန်းချီပြပွဲကို လောကနတ် အနုပညာ ပြခန်းတွင် ဇွန် ၃၀ က ဇူလိုင် ၅ ရက်နေ့ အထိ ပြုလုပ်ခဲ့သည်။ ယခင် ပြသခဲ့သည့် တကိုယ် တော် ပြပွဲများတွင် Portrait ပန်းချီကားများ၊ Abstract ရေဆေးပန်းချီကားများ ပြသခဲ့သည်ကို တွေ့ရသည်။ ရေးဆွဲတင်ပြထားသည့် ကြာပန်းပန်းချီကား တွေက သူ့ရဲ့ ယခင်လက်ရာတွေနဲ့ မတူဘဲ ကြာပန်းတွေကို ဒီဇိုင်းဆန်ဆန် ဖန်တီးထားသည်ကို တွေ့ရသည်။
သူ့ရဲ့ ရေးဆွဲဖန်တီးမှု အပြောင်းအလဲများနဲ့ ပတ်သက်ပြီး အရပ်မနိမ့်မမြင့် အသားမဖြူမညို ရှိပြီး စကားကို လေသံ အေးအေးဖြင့် ပြောတတ်သည့် ပန်းချီဆရာ နေထွန်းက “အရင် ကျနော်က ရုပ်ရှင် ပိုစတာတွေ ရေးခဲ့တာ၊ လူပုံကို အထူးပြု ရေးရတာ၊ ၁၀ ပေ ပတ်လည်လို ပုံအကြီးကြီးတွေ ရေးခဲ့ရတာပါ။ ပေါ့ထရိတ်ကို အားသန်တယ်ပေါ့ဗျာ။ ဒါနဲ့ ပေါ့ထရိတ် ပန်းချီကားတွေ ရေးဆွဲခဲ့တယ်၊ ပြပွဲတွေမှာလည်း ပြသနိုင်ခဲ့တယ်။ ပြီးတော့ Abstract ပန်းချီတွေ ရေးတယ်၊ ပြပွဲတွေမှာ ထည့်သွင်းပြသခဲ့တယ်။ အခုကျတော့ ကြာပန်းပုံ ပန်းချီကားပေါ့။ ကျနော့် စိတ်အပြောင်းအလဲ တွေ အတိုင်း ပုံဖော်ပြတာလို့ ဆိုနိုင်ပါတယ်” ဟု ပြောသည်။
Abstract ပန်းချီကားတွေ ရေးဆွဲခြင်းနှင့် ပတ်သက်ပြီး သူက “Abstract က ရေးရ ဆွဲရတာ မလွယ်ဘူးဗျ။ လေထဲမှာ တကယ် မရှိတဲ့ အရာကို လိုက်ဆွဲ ဖမ်းဆုပ်ရသလိုပဲ၊ တော်တော် မလွယ်တဲ့ အလုပ်ပါ။ ကိုယ့်စိတ် ကိုယ့်စံနှုန်းနဲ့ မကိုက်ညီဘူး၊ ကျေနပ်မှု မရဘူး ဆိုရင် အဲဒီကားကို ပယ်လိုက်ရတာ ပဲ။ အထူးသဖြင့် ရေဆေးနဲ့ ဆိုတော့ ပြန်ပြင်လို့ လည်း မရဘူး။ တခြား မီဒီယံဆိုရင်တော့ တမျိုးပေါ့။ ထပ်အုပ် ပြန်ပြင်လို့ ရကောင်းရနိုင် တယ်” ဟု ဆိုသည်။
Abstract ပန်းချီ ရေးဆွဲခြင်းနဲ့ တခြား ပေါ့ထရိတ် အပါအဝင် ပန်းချီကားတွေ ရေးဆွဲရတာ အပေါ် သူဘယ်လို မြင်ပါလိမ့်။ သူပြောပြတာက စိတ်ဝင်စားစရာပါ။ Abstract က ကိုယ်ပိုင်ဖန်တီးမှု၊ ကိုယ်ပိုင်ခံစားမှုနှင့် ကျွမ်းကျင်မှုနယ် ကုန်သလောက် ဖြစ်သွားပြီဟု ဆိုသည်။
“ပြီးတော့ တသီးပုဂ္ဂလလည်း ဆန်တယ်။ ကိုယ့်ကိုယ်ကိုယ် အရင်းအတိုင်း သိမြင်ရတဲ့သဘော ရှိတယ်။ အဲဒီသိမြင်မှု စိတ်အတိုင်း ရေးဆွဲရတာဖြစ်လို့ တခြားပန်းချီကားတွေထက် တာဝန်ပိုကြီး၊ တာဝန် ပိုယူရတယ်။ ဒါကြောင့် Abstract ပန်းချီဆရာ တဦး အနေနဲ့ ရိုးသားမှု အရေးအကြီးဆုံး ဖြစ်တယ်” ဟု ပန်းချီနေထွန်းက ပြောသည်။
“နောက်တချက်က အားပေးမှုအပိုင်း။ Abstract ပန်းချီကားကို ဝယ်ယူအားပေးဖို့ မပြောပါဘူး။ လာရောက် ကြည့်ရှု ခံစားဖို့ပါ။ ကျနော် သိသလောက် မြန်မာပြည်မှာက ဒီလို Abstract ပန်းချီကားတွေ ဖွံ့ဖြိုးလာဖို့၊ အားပေးလာဖို့က နောက် ကျန်နေသေးတယ် လို့ ထင်တယ်။ ရှေ့က ဖန်တီးခဲ့တဲ့ ပန်းချီဆရာကြီးတွေ ရှိတယ်။ ဒါပေမယ့် တခြား ပန်းချီ ရေးဆွဲဖန်တီးမှု တွေကိုသာ အများဆုံး အားပေးတာပါ။ ဒီလိုမျိုး ပန်းချီကားကိုတော့ နှစ်သက်အားပေးတာ အင်မတန် နည်းပါး ပါတယ်” ဟု ဆိုသည်။
သူဆက်လက်ပြောတာက ယဉ်ကျေးမှု နောက်ကျသည့် နိုင်ငံများတွင် အဘက်ဘက်က နောက်ကျသွား ကြောင်း၊ ယဉ်ကျေးမှု ထွန်းကားသည့် နိုင်ငံများတွင် အားလုံး ပြည့်စုံ ထွန်းကားကြောင်း၊ အနုပညာက စိတ်ပိုင်းရော ရုပ်ပိုင်းရော တိုးတက်စေကြောင်း သူ့ယုံကြည်ချက်ကို ပြောသည်။
သူ့ကို ၁၉၅၅ ခုနှစ်တွင် ရန်ကုန်၌ မွေးဖွား သည်။ ၁၉၇၃ – ၁၉၇၆ အထိ ရန်ကုန် ပန်းချီ ပန်းပု ကျောင်းတက် ရောက်ခဲ့ပြီး ကျောင်းဆင်း သည်မှ ယနေ့ အထိ အချိန်ပြည့် ပန်းချီဆရာ အဖြစ် လုပ်ကိုင်လျက် ရှိသည်။ အသက် ၅၉ နှစ် ရှိပြီဖြစ်သည့် ပန်းချီ နေထွန်းက သူတွေ့ခဲ့ ရသည့် ပန်းချီလောက အခြေ အနေ အပေါ် အခုလို သုံးသပ် သည်။
“၁၉၉၀ လောက်က ပန်းချီ အဆင်ပြေတဲ့ အချိန်လို့ ဆိုနိုင်တယ်။ အဲဒီတုန်းကတော့ ကျနော် ပန်းချီ ဆရာအဖြစ် မရောက်သေးဘူး။ ဒါပေမယ့် အခု နောက်ပိုင်းကျတော့ ပန်းချီကို အားပေးတာ အားမရဘူး။ ပန်းချီကို အားပေး တာထက် အချင်းချင်းဝယ်ယူ အားပေးတာမျိုးက များပြားနေပြီး အနုပညာကို အသိအမှတ်ပြု အားပေးတာမျိုး က နည်းပါးနေသေးတယ် လို့ ယူဆပါတယ်။ အနုပညာ တိုးတက်အောင် အုပ်ချုပ်သူတွေ ကလည်း ဦးဆောင် အားပေး ကြဖို့ လိုပါတယ်။ ဒါက ကျနော် သုံးသပ်မိတာပါ”
ငယ်ရွယ်စဉ် ကလေးဘဝကတည်းက ပန်းချီ ရေးဆွဲ အသက်မွေးမည် ဟူသည့် ရည်ရွယ်ချက်ဖြင့် ပန်းချီကို စွဲလမ်း နှစ်ခြိုက်စွာ ဖန်တီးရေးဆွဲဖို့ သန္နိဋ္ဌာန် ချထားသူ ပန်းချီဆရာ နေထွန်းက လူငယ်များနှင့် ပတ်သက်ပြီးလည်း အကြံပြု အားပေးသည်။
“လူငယ်တွေ တော်ပါတယ်။ လေ့လာနိုင်ဖို့ သင်ယူနိုင်ဖို့လည်း အခွင့်အလမ်း တွေလည်း အများကြီးပါ။ ဒါပေမယ့် လက်ချည်းပဲ တော်တာ မဖြစ်စေ ချင်ဘူး။ လက်က တော်သလို အတွေးစိတ်ကူးတွေလည်း များပြားပြည့်စုံစေချင် တယ်။ အတွေးစိတ်ကူးတွေ ပြည့်စုံဖို့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြရမှာ ဖြစ်သလို ကိုယ့်ရှေ့က ဖြတ်သန်း သွားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အတွေ့အကြုံကိုလည်း လေ့လာကြစေချင် ပါတယ်” ဟု သူက ဆိုသည်။
ပန်းတို့သည် သူတို့ အတွက်သက်သက် ပွင့်ဝေခြင်း မဟုတ်၊ လောကအတွက်၊ သိမြင်တန်ဖိုးထား သူများ အတွက်၊ ခံစားနိုင်သူများအတွက် ပွင့်ဝေကြသည်ဟု ကဗျာ၊ အက်ဆေးဆရာတို့ ရေးသားကြ သကဲ့သို့ပင်..။ ။