Culture

ဂီတဒဏ္ဍာရီနှင့် ဝလုံး၏ ပန်းချီ

This article has been converted from Zawgyi One to Unicode

လူ့ယဉ်ကျေးမှု စတင်လာခြင်းနှင့်အတူ ဂီတသည်လည်း လိုက်ပါလာခဲ့သည်။ လူသားနှင့် ဂီတသည် ခွဲခြားမရ။ ဂီတကို နှစ်သက် ခံစားသူများ ရှိသလို၊ မနှစ်သက်သူများလည်း ရှိနိုင်သည်။ ဂီတသည် လူသားသမိုင်းကြောင်း စတင်လာခြင်း နှင့် အတူ ဖြစ်တည်လာခဲ့သည်မှာ အထင်အရှား ဖြစ်သည်။ ဂီတဆိုသည်မှာ အသံကို အခြေခံ၍ ပေါင်းဆင့်ဖန်တီးခြင်း ဖြစ်သည်။ သို့သော် သဘာဝအသံများသည်ပင် စည်းချက်ညီ သာယာသည့်ဂီတ ဖြစ်နေတတ်ပါသည်။

အခုတော့ ပန်းချီဝလုံးက သူ၏ ဒုတိယအကြိမ် တကိုယ်တော် ပန်းချီပြပွဲအဖြစ် ဇူလိုင် ၇ မှ ၁၂ ရက်နေ့အထိ “I am Musical Legend”အမည်ဖြင့် ရန်ကုန်ပန်းဆိုးတန်း လောကနတ် ပန်းချီခန်းမမှာ ပြသထားခဲ့ပြီ။

ပန်းချီဆရာ ဝလုံး (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)
ပန်းချီဆရာ ဝလုံး (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ပန်းချီဆရာ ဝလုံး (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

ပန်းချီ ဝလုံးက “ကျနော် ငယ်ငယ်ကတည်းက ဂီတကို ကြိုက်နှစ်သက်သူပါ။ ဂီတနဲ့ ပတ်သက်ပြီး ကျနော် နားလည် ထားတာ တခုရှိတယ်။ အဲဒါကတော့ အကောင်းဆုံး ဂီတဟာ နှလုံးသားထဲမှာပဲ ရှိတယ်။ ကိုယ်တယောက်တည်းပဲ ကြားနိုင်တဲ့ ဂီတပေါ့။ အခု ကျနော်ရဲ့ I am Musical Legend ပန်းချီပြပွဲမှာဆိုရင် ကျနော် ငယ်စဉ်ကတည်းက နှစ်သက်စွဲလမ်း ခဲ့တဲ့ ဂီတကို ပန်းချီနဲ့ ထင်ဟပ်တင်ပြတဲ့ ကားတွေပါ။ သို့ပေမယ့် ကျနော်နားလည်ခံစား မိတဲ့အတိုင်း ပုံဖော်ရေးဆွဲတာပါ” ဟု ပြောပြသည်။

I am Musical Legend  တွင် ရေဆေး ၅၁ ကား၊ အခရိုင်းလစ် ၁ ကား ပြသထားသည်။ ဂီတလောတွင် ထင်ရှားသည့် ထူးအိမ်သင်၊ စိုင်းခမ်းလိတ်၊ ကိုနေဝင်း၊ ကိုရဲလွင်၊ ဟယ်ရီလင်း စသည့်ပုဂ္ဂိုလ်များ၏ ပုံတူများကို ရေးဆွဲထားသည်။ ထူးခြားသည်မှာ ကာတွန်းလည်း  မဟုတ်၊  ကယ်ရီကေးချားလည်း မဟုတ်ဘဲ ဂီတလှိုင်းများဖြင့် ပုံဖော်ရေးဆွဲထားခြင်း ဖြစ်သည်။

တဖန် မြန်မာအငွေ့အသက် ထုံမွှမ်းနေသည့် ရိုးရာဟန် ပန်းချီကားများကလည်း ချစ်စရာကောင်းနေပြီး ဂီတသံစဉ် လှိုင်းများ၊ သဘာဝ ဂီတသံများဖြင့် ဖွဲ့စည်း ရေးဆွဲထားသည်ကို တွေ့ရသည်။

“ကျနော် ငယ်စဉ်က ဂီတကို နားထောင်ရင်း ဘဝအမောတွေ ပြေပျောက်ခဲ့တယ်။ စိတ်ကူးတွေ စိမ်းလန်းခဲ့တယ်။ မျှော်လင့်ချက်တွေ ဖူးဝေခဲ့တယ်ပေါ့။ ဒါပေမယ့် အဲဒါတွေ အခုအချိန်မှာ ပြန်မရတော့ဘူး။ ဘဝမှာ ဒဏ္ဍာရီသဖွယ် ကျန်ရစ်ခဲ့ပြီ။ ဒါနဲ့ ကျနော့် ငယ်ဘဝဖြတ်သန်းမှုရယ်၊ ဂီတရယ်၊ ပြီးတော့ သဘာဝ ဂီတသံတွေရယ် ပေါင်းပြီး ပန်းချီပြပွဲ လေးတခု လုပ်မယ်လို့ လွန်ခဲ့တဲ့ ၇ လလောက်က ရည်ရွယ်ထားခဲ့တာပါ။ ပြပွဲအမည်ကို I am Musical Legend  (ဂီတဒဏ္ဍာရီ) လို့ ပေးလိုက်တယ်” ဟု ထပ်ဆင့်ရှင်းပြသည်။

သူ၏ ပထမအကြိမ် တကိုယ်တော် ပြပွဲကို ၂၀၁၃ ခုနှစ်က လောကနတ်မှာပဲ ပြသခဲ့ပြီး ယင်းအချိန်က ညွှတ်ကြည်ဖွယ် (Fantasy) ဖြစ်သည့် ပန်းချီကားများ ပြသခဲ့ကြောင်း သူက ပြောပြသည်။

အသက် ၃၉ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ပန်းချီ ဝလုံးသည် ၁၉၉၄ – ၁၉၉၆ ခုနှစ်များတွင် မြန်မာမှု ဦးအေးမြင့်ထံတွင်  အလုပ်သင်အဖြစ်  လေ့လာသင်ယူခဲ့သည်။ ယင်းနောက် ၂၀ဝ၀ ပြည့်နှစ်တွင် ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ်မှ ပန်းချီ အထူးပြုဖြင့် ဘွဲ့ရရှိခဲ့သည်။ လက်ရှိတွင် သူသည် 7 Day Daily သတင်းစာတွင် သရုပ်ဖော် ပန်းချီဆရာ အဖြစ် လုပ်ကိုင် နေပြီး တခြား မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ စာစောင်များတွင်လည်း ကာတွန်း၊ သရုပ်ဖော်ပန်းချီများ ရေးဆွဲလျက် ရှိသည်။

“ကျနော့် အတွက် ကာတွန်းဆရာ၊ သရုပ်ဖော် ပန်းချီဆရာ၊ ပန်းချီဆရာ စသည်ဖြင့် သတ်မှတ်တာထက် ကျနော်က ဝါသနာပါရာ၊ စိတ်ဝင်စားရာကို ဖန်တီးတဲ့သူလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပါတယ်။ အနုပညာဆိုတာ ဖန်တီးတင်ပြပုံ မတူညီကြ ပေမယ့် အနုပညာရဲ့ အနှစ်သာရက ကြီးမားကျယ်ပြန့်ပါတယ်။ ဥပမာ Rocker တွေက ကဗျာကို ကြိုက်ကြ တယ်။ Hip Hop သမားတွေက ကာတွန်းကို ကြိုက်ကြတယ်ဗျ။ အဲဒီလိုပဲ တခုနဲ့တခု မတူပေမယ့် ဆန့်ကျင် နေတာမျိုး ကျနော့် အတွက်မရှိဘူး” ဟု ဝလုံးက ဆိုသည်။

ဆက်လက်ပြီး သူက “ဒီဘက်ခေတ်မှာ လူတွေ အားလုံး နိုင်ငံရေးအရ၊ စီးပွားရေးအရ မွန်းကျပ်မှုတွေ ခံစားနေရတာ အားလုံး အမြင်ပါပဲ။ လောဘ၊ ဒေါသ၊ မောဟ စိတ်မျိုးစုံ၊ ခံစားမှုမျိုးစုံရဲ့ ဖိအားတွေက အရမ်းများတာလည်း ဖြတ်သန်း နေရတာပါပဲ။ အဲဒီမှာ ကျနော်က ကျနော့် ပန်းချီကားလေးတွေကို ကြည့်ပြီး ခဏပဲဖြစ်ဖြစ် အေးချမ်း သွားစေချင်တယ်” ဟု သူ့ပန်းချီကားများမှ ကြည့်ရှုသူကို ပေးချင်သည့် သတင်းစကားနှင့် သူ့စေတနာကို ပြောပြသည်။

သူဖြတ်သန်းခဲ့ရာ ခေတ်ကာလက သူ့အနုပညာ ဖန်တီးမှုကို စေ့ဆော် အားပေးတာမျိုး ရှိသလား ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းသည်။

“လူတိုင်းဟာ ခေတ်ကိုကျော်လို့မှ မရတာ၊ ခေတ်ရဲ့အောက်မှာပဲ ရှိတယ်။ ဒါပေမယ့် ခေတ်ရဲ့စေ့ဆော်ရာကို ထင်ဟပ်ပြဖို့ ဆိုပြီး လေးလေးပင်ပင်ကြီး မလုပ်ဘူးဗျ။ ပေါ့ပေါ့ပါးပါးပဲ ကြိုက်ပါတယ်” ဟု သူက ဆိုသည်။

အနုပညာနှင့် ပတ်သက်၍ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ဆိုသည်မှာကော သူ့အတွက် အရေးပါပါသလား။

“အနုပညာမှာ အောင်မြင်ခြင်း၊ ကျရှုံးခြင်းဆိုတာ ကျနော်တို့ ကိစ္စ မဟုတ်ဘူး။ ကျနော်တို့ မွေးဖွားလာမယ်၊ ရှင်သန်မယ်၊ သေဆုံးသွားမယ်။ အဲဒီကာလ အတောအတွင်းမှာ ရိုးရိုးသားသား ဖန်တီးတင်ပြသွားဖို့ပဲ။ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာမှာ ပတ်ဝန်းကျင်က သတ်မှတ်သွားလိမ့်မယ်။ အောင်မြင်မှု ဆိုရာမှာလည်း ကိုယ့်အယူအဆနဲ့ကိုယ် အမျိုးမျိုးဖြစ်နိုင်တယ် မဟုတ်လား။ ကျနော်ကတော့ အဲဒီလိုပဲ ခံယူပါတယ်” ဟု သူ့အယူအဆ ကို ပြောပြ သည်။

လူ့ယဉ်ကျေးမှု စတင်လာခြင်းနှင့်အတူ အနုပညာသည်လည်း စတင်ခဲ့သည်။ လူသားနှင့် အနုပညာသည် ခွဲခြားမရ။ အနုပညာသည် စိတ်ခံစားမှုကို ပုံဖော်တင်ပြခြင်းပင် ဖြစ်၏။ သို့ဖြစ်ရာ စိတ်ခံစားမှုများ ပြောင်းလဲမှုနှင့်အတူ အနုပညာ ဖန်တီးတင်ပြမှုသည်လည်း လိုက်ပါ ပြောင်းလဲနေဦးမည်သာ။     ။

Loading