ပန်းချီဇော်မောင်နှင့် သူ၏ ပန်းချီကားများ
ဆိတ်ငြိမ်တဲ့ ပြည်သူ့ရင်ပြင် ဝင်းထဲက အုံ့အုံ့ဆိုင်းဆိုင်း သစ်ပင်စိမ်းတွေ ကြားမှာ ရန်ကုန်မြို့ပြရဲ့ လှုပ်ရှားသက်ဝင်မှု မြင်ကွင်း စကက်ချ် (Sketch) တွေကို တွေ့ရပါတယ်။
ပန်းချီဇော်မောင်ရဲ့ တကိုယ်တော် စကက်ချ်ပန်းချီပြပွဲကို ပြည်သူ့ရင်ပြင် ဝင်းထဲက ရန်ကုန်ဂယ်လာရီမှာ ဇူလိုင် ၂၇ ရက်ကနေ သြဂုတ် ၂ ရက်နေ့အထိ ခင်းကျင်းပြသ ခဲ့ပါတယ်။
သက်ဝင်လှုပ်ရှားနေတဲ့ စကက်ချ် ၁၀၆ ကားထဲမှာ ရန်ကုန်မြို့တွင်း မြင်ကွင်းတွေချည်း မဟုတ်ဘဲ နယ်ဘက်က Landscape တွေလည်း တွေ့ရပါတယ်။ ဒါပေမယ့် အများစုက ရန်ကုန်မြင်ကွင်းတွေ ဖြစ်ပြီး ကြည့်ရှုသူကို ပိုမို ဖမ်းစားနိုင်တာလည်း ရန်ကုန်မြို့တွင်း လှုပ်ရှားသက်ဝင်နေတဲ့ ကားတွေဖြစ်မယ်လို့ ယူဆရပါတယ်။
ထူးခြားမှုတခုကတော့ မင်ခြစ်စကက်ချ်တွေကို ရေဆေးနဲ့ မွှမ်းထားပေမယ့် ပန်းချီကားအများစုမှာ အဖြူရောင်အတိုင်း ချန်လှပ်ထားတာပါ။ တချို့ ပန်းချီကားတွေဆိုရင် လုံးဝ အရောင်မပါဘဲ စကက်ချ်သက်သက် …။ ကြည့်ရှု ခံစားသူ အနေနဲ့ မပြီးသေးတဲ့ ပန်းချီကားကို ကြည့်နေရသလိုလို … မချင့်မရဲ ဖြစ်စေပါတယ်။
ပန်းချီသဘောအရ အဖြူရောင်ချန်သင့်တဲ့ နေရာ ချန်ရတာ ဖြစ်ပေမယ့် သူ့ရဲ့ စကက်ချ်တွေကျတော့ အဲဒီလို အဖြူ ချန်သင့်လို့ ချန်ခဲ့သလို မထင်ရဘဲ၊ မပြီးသေးတဲ့ ပန်းချီကားပုံစံ ဖြစ်နေတာကတော့ တမျိုး ထူးခြားနေပါတယ်။ စကက်ချ် တခုမှာ ဆိုက်ကားတစင်းထဲ အဖြူရောင်ဖြစ်နေပြီး နောက်ခံရှုခင်းတွေကို အရောင်ဖြည့်ထားသလို၊ တခြား စကက်ချ်တခု မှာကျတော့ နောက်ခံက မင်နဲ့ပဲခြစ်ပြီး အရောင်မဖြည့်ထားပဲ ဆိုက်ကားတစင်းတည်း အရောင်နဲ့ ဖြစ်နေတာမျိုး တွေ့ရတာပါ။
“အပြည့်တွေချည်း ကြည့်ရတာ များလာလို့၊ အဲဒီနေရာလေးမှာ အဲဒီလိုလေး ချန်ခဲ့လိုက် ချင်တာနဲ့ ချန်လိုက်တာပဲ။ အဲဒီအချိန်မှာ ဖြစ်ခဲ့တဲ့ စိတ်ကူးပါ” လို့ ပန်းချီဇော်မောင်က ပြောပါတယ်။ သူ့အနေနဲ့ စကက်ချ်တကားကို တထိုင်တည်း အပြီး ရေးဆွဲတာလို့ သိရပါတယ်။
အဲဒီ စကက်ချ်တွေ အားလုံးကို တနှစ်တာ အချိန်ယူ ရေးဆွဲထားတာ ဖြစ်ပြီး အစပိုင်းမှာ ၈ လက်မ၊ ၅ လက်မ ကားသေး လေးတွေ ရေးရာကနေ ပြပွဲတင်ဖို့ စကက်ချ် ကားကြီးတွေ ရေးဖြစ်ခဲ့တာလို့ သူက ဆိုပါတယ်။ သူ့စကက်ချ်တွေဟာ မြင်ကွင်းမျိုးစုံဖြစ်ပြီး အရသာ အမျိုးမျိုး ပေးနေပေမယ့်၊ ၁၀၆ ကားစလုံးကို တထိုင်တည်း ကြည့်မယ်ဆိုရင်တော့ အချိန် အတော်ပေးရမှာ ဖြစ်ပါတယ်။
သူ့အနေနဲ့ စကက်ချ်တွေချည်းပဲ ပြသရခြင်း အကြောင်းရင်းကတော့ ပိုကြိုက်လို့ပါတဲ့။ ပန်းချီဇော်မောင်ဟာ ကာတွန်းဆရာ အဖြစ်လည်း နာမည်ကြီးခဲ့သူ ဖြစ်တာကြောင့် သူ့ဖြေရှင်းချက်က ဟာသ ဆန်နေပါတယ်။
“စကက်ချ်ကို ပိုကြိုက်တယ်၊ ပြီးတော့ရေဆေးမှာ ဘယ်လိုနည်းစနစ်နဲ့ ရေးရေး အကုန်တူတယ်၊ မကွဲဘူး၊ အရောင် လောက်ပဲ ကွဲချင်ကွဲမယ်၊ ရေးနည်းကတော့ မကွဲဘူး။ နောက်တခုက အဲဒီလို အပိတ်ဆွဲရမှာ ပျင်းတာကော၊ မဆွဲတတ်တာကော …။ တနေရာတည်းမှာ ၁ နာရီ၊ ၁ နာရီခွဲလောက် ထိုင်ရေးရတာ ဆိုတော့လေ …” လို့ ပန်းချီဇော်မောင်က ရှင်းပြပါတယ်။
သူက လှုပ်ရှားနေတဲ့ မြင်ကွင်းတွေကို ရေးရတာ ပိုနှစ်သက်သူ၊ နှစ်သက်ရာကိုပဲ ရေးဆွဲသူ ဖြစ်ပါတယ်။
“လှုပ်ရှားနေတဲ့ လူတွေကို ရေးရတာ ပိုကြိုက်တယ်။ ဒါကြောင့် ရန်ကုန်ကို ရေးရတာ ပိုကြိုက်တယ် …။ အလှုပ်က စကက်ချ်နဲ့ ပိုလိုက်တယ်။ စကက်ချ်မှာက လိုင်းနဲ့တင် ပြည့်စုံပြီးသား၊ အရောင်က အဖြည့် … Supporting ပဲ” လို့ သူက ဆက်ပြောပါတယ်။
အသက် ၅၄ နှစ်ရှိပြီ ဖြစ်တဲ့ ပန်းချီဇော်မောင်ဟာ ၁၉၇၉ ကနေ ၁၉၈၃ ခုနှစ်အထိ ရန်ကုန်စက်မှု တက္ကသိုလ်မှာ မြို့ပြဘာသာရပ်နဲ့ တက်ရောက် သင်ယူခဲ့စဉ် ကတည်းက ကာတွန်းတွေ ရေးဆွဲနေခဲ့ပြီ ဖြစ်ပါတယ်။ ကျောင်းပြီးတဲ့ နောက်ပိုင်း အလုပ်ခွင်ဝင်တော့လည်း မဂ္ဂဇင်းတိုက်တွေကို ကာတွန်းတွေ လှမ်းလှမ်းပို့ခဲ့ပြီး ကာတွန်းဇော်မောင် အဖြစ် လူသိများခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ အင်ဂျင်နီယာအလုပ် မလုပ်တော့ပဲ Today မီဒီယာမှာ Art Director ဝင်လုပ် ခဲ့ပါတယ်။ နောက်တော့ အဲဒီအလုပ်ကပါ ထွက်ပြီး ပန်းချီရေးတယ်၊ Freelance ဒီဇိုင်နာ အလုပ်လုပ်တယ်။ The Sketch Hunter အမည်ရှိတဲ့ နောက်ဆုံးပြပွဲ အပါအဝင် တကိုယ်တော် ပြပွဲ ၆ ကြိမ် ပြသခဲ့ပါတယ်။ ကာတွန်းဇော်မောင် အဖြစ်နဲ့ ရေးဆွဲခဲ့တဲ့ ကာတွန်းတွေကိုလည်း အမှားများ၊ ဒုတိယ အမှားများ၊ တတိယ အမှားများ ဆိုပြီး ပေါင်းချုပ် ၃ အုပ် ထွက်ရှိခဲ့ ဖူးပါတယ်။ ကာတွန်းအော်ပီကျယ်နဲ့ နှစ်ယောက်ပေါင်း သိုးနှစ်ကောင် ဆိုတဲ့ ကာတွန်းပေါင်းချုပ်လည်း ထုတ်ဝေခဲ့ပါတယ်။
ပန်းချီဇော်မောင် လေးစား အားကျခဲ့တဲ့ မြန်မာ့ပန်းချီဆရာကြီးတွေ၊ ကာတွန်းဆရာကြီးတွေ ကတော့ ပန်းချီ ပေါ်ဦးသက်၊ ပန်းချီဝင်းဖေ၊ ဗဂျီအောင်စိုး၊ ဦးဘဉာဏ်၊ ဦးစိန်၊ ဦးဘကြည် … စတဲ့သူတွေ ဖြစ်ပြီး … ငယ်ငယ်ကတည်းက ဒီဆရာကြီးတွေရဲ့ လက်ရာတွေကို ကူးဆွဲတယ်၊ ကြည့်ဆွဲတယ်လို့ ပန်းချီဇော်မောင်က ဆိုပါတယ်။
“ကူးဆွဲခြင်းသည် … သင်ယူခြင်းပဲ” လို့လည်း သူက ဆက်ပြောပါတယ်။ ပန်းချီဇော်မောင် အနေနဲ့ ပန်းချီလောက၊ ကာတွန်းလောကကို သုံးသပ်တာကတော့ တခြားသော ပန်းချီဆရာတချို့လိုပဲ အဘက်ဘက်က ပံ့ပိုးမှု အားနည်း သေးတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့တော့ ပန်းချီပဲဆွဲဆွဲ၊ ကာတွန်းပဲရေးရေး၊ ဘာအလုပ်ပဲ လုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်မှာ Professional ဖြစ်ရမယ်၊ ကိုယ်ရောက်နေတဲ့ နေရာကို ကျေနပ်ပြီ၊ ကြိုက်ပြီဆိုပြီး ရပ်နေလို့မရဘူးလို့ ခံယူကြောင်း ပြောပါတယ်။