ပန်းချီဆရာမ နုနုနှင့် သူ၏ ပန်းချီကား (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
နုနု၏ ပန်းချီကားများတွင် Pattern ရေးဆွဲနည်းကို စနစ်တကျ သုံးစွဲထားပြီး Color Perspective ကို စိတ်ကြည်နူးဖွယ် ဖြစ်အောင် လှလှပပ ပုံဖော်တင်ပြထားသည်ကို တွေ့ရသည်။ ချစ်စရာ အရောင်နှင့် ချစ်စရာ Figure များကို ကြည့်ရှုသူ တိုင်း သတိပြုမိစေပြီး နှစ်သက်မိစေသည်။ ယင်းသည် သူ၏ ရိုးရှင်းသောစိတ်ကို ထင်ဟပ်ပြခြင်းဖြစ်သည်ဟု သုံးသပ် နိုင်သည်။
အနေအထိုင် ရိုးရှင်းပြီး စကားပြောလျှင် ပြုံးပြုံးရွှင်ရွှင် ပွင့်ပွင့်လင်းလင်း ပြောတတ်သည့် နုနုက ငယ်စဉ် ကတည်းက ပန်းချီနှင့် ရင်းနှီးကျွမ်းဝင် ဆက်စပ်လာခဲ့သည်မှာ ဖခင်ကြောင့် ဖြစ်ကြောင်း ပြောပြသည်။
“ကျမက ငယ်ငယ် ကလေးကတည်းက ပန်းချီ နဲ့ရော၊ ပန်းချီ ရေးဆွဲမှုနဲ့ရော နီးစပ်ခဲ့ပါတယ်။ အဖေ့ကြောင့် နီးစပ်ခဲ့ရ တာပါ။ အဖေ အောက်ဒိုး ထွက်ရာမှာပဲ ဖြစ်ဖြစ်၊ ပန်းချီပြပွဲတွေ သွားရာမှာပဲ ဖြစ်ဖြစ် ကျမက အတူလိုက်ပါလေ့ရှိတယ်။ အခု အထိလည်း လိုက်ပါနေဆဲပါ။ အဲဒီမှာ ကျမအတွက် ရေးဆွဲပုံ နည်းစနစ် တခုခု၊ ဖန်တီးတင်ပြပုံ တခုခုတော့ တွေ့မြင်သိရှိလာ ပါတယ်။ အဖေ့ကို စောင့်ရှောက် ကူညီမှုက ကျမ အနုပညာ ဖန်တီးမှုအပေါ် ပြန်လည် သက်ရောက် အားပေးတာ ပါပဲ။ အခုလို ပန်းချီဆရာမ ဖြစ်လာဖို့ အထိကတော့ အဖေ့ရဲ့ အားပေးမှုနဲ့ သွန်သင်မှုတွေ ရခဲ့လို့ပါ” ဟု ဂုဏ်ယူ ပြောဆိုသည်။
သူ၏ ဖခင်မှာ ရေဆေးပန်းချီ လောကတွင် ထင်ရှားသည့် ပန်းချီဆရာကြီး ဦးမြသောင်း ဖြစ်သည်။ ပန်းချီ နုနုသည် ယခင်က သမီးမြသောင်း ဟု အမည်ခံယူခဲ့သူ ဖြစ်သည်။
“၂၀ဝ၉ ခုနှစ်၊ New Treasure မှာ တကိုယ်တော် ပြပွဲ မလုပ်ခဲ့ခင် အထိ သမီးမြသောင်း ဆိုတဲ့ နာမည်နဲ့ ပန်းချီကား တွေ ဖန်တီးခဲ့ပါတယ်။ အုပ်စု ပန်းချီပြပွဲ တော်တော်များများမှာ ပါဝင် ပြသခဲ့ပါတယ်။ ဗေဒင်တွေဘာတွေ မေးပြီး အမည်ယူခဲ့တာ မဟုတ်ဘူး။ ဦးမြသောင်း သမီးမို့ ဂုဏ်ယူပြီး သမီးမြသောင်းလို့ ယူတာပါ။ အဲဒီမှာ ရင်းနှီးခင်မင်တဲ့ ပန်းချီ မိတ်ဆွေတွေက ပြောတယ်၊ ဖန်တီးမှု လက်ရာ ကွဲထွက်၊ ခွဲထွက်ပေမယ့် သမီးမြသောင်း ဆိုတဲ့ အမည်က အဖေ့ရဲ့ အရိပ်အငွေ့က မလွတ်မြောက် သလို ဖြစ်နေတယ်။ ဖခင်ကို မှီခိုနေသလိုမျိုး ဖြစ်နေတယ်။ ဒါကြောင့် တခြားအမည် ပြောင်းရင် ပို ကောင်းမယ် တဲ့။ ဒါနဲ့ နုနု ဆိုပြီး ပြောင်းလိုက်တယ်။ အမည်ရင်းက နုနုလွင်ပါ” ဟု သူက ဆိုသည်။
သူ၏ အစောပိုင်း လက်ရာများသည် Realism အခြေပြု ရေးဆွဲသည့် ပန်းချီကားများ ဖြစ်ပြီး၊ ဖခင် ဖြစ်သူ ပန်းချီ ဆရာကြီး ဦးမြသောင်းက အချိုးဖျက် ရေးဆွဲခြင်း၊ မူရင်း အတိုင်းမဟုတ်ဘဲ ယိုင်ရွဲ့ကာ Distortion လုပ်၍ စမ်းသပ် ရေးဆွဲစေခြင်း တို့ဖြင့် သင်ကြား ပြသပေးခဲ့ကြောင်း ပန်းချီနုနုက ပြောပြ သည်။ ထိုသို့ စမ်းသပ် ရေးဆွဲလာခြင်းကြောင့် နုနု၏ သီးခြား ရေးဆွဲဟန်နှင့် အရောင် သုံးစွဲမှုများ ရရှိပြည့်စုံလာစေခြင်း ဖြစ်သည်။
အသက် ၃၈ နှစ်ရှိပြီ ဖြစ်သည့် နုနုတွင် မွေးချင်း မောင်နှမ ၄ ဦးရှိရာ သူတဦးသာ ပန်းချီကို စိတ်ပါဝင်စားသည် ဟု ဆိုသည်။ သူသည် ၁၉၉၉ တွင် ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်မှ ပန်းချီအဓိက ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး ပန်းချီကို ဆက်တိုက်ရေးဆွဲ ခဲ့သည်။
“ပန်းချီကား ရေးဖို့ ပထမ စကက်ချ်ထုတ်တယ်၊ ပုံကြမ်းလေးတွေ ရေးတယ်၊ ဒါက ပိုမိုစနစ်ကျပြီး တကယ်တမ်း ကားကြီး ပြောင်းရေးတဲ့အခါ အခက် အခဲတွေ ရှိနေနိုင်တယ် ဆိုပြီး အဖေက ပြောတယ်။ တချို့ကျတော့ မူရင်းကို ကိုးကားတယ်။ ဒါပေမယ့် အတိအကျကြီး ကူးယူပုံဖော်တာ မဟုတ်ဘူး။ ကိုယ် မြင်သလို တွေ့သလို ခံစားမိသလို ပြန်လည် တင်ပြ ရေးဆွဲတာပါ” ဟု ပန်းချီနုနုက ပြောသည်။
သူ့၏ ခင်ပွန်းဖြစ်သူ ရဲအောင်မြတ်သည်လည်း ပန်းချီဆရာ တဦးပင် ဖြစ်သည်။ ထို့ကြောင့် ဇနီး၊ ခင်ပွန်း အပြန်အလှန် ဝေဖန်ထောက်ပြမှု၊ အကြံပေး မှုများ ရှိသည်ဟု သူက ဆိုသည်။
“ကျမ သေသည်အထိ ပန်းချီ ရေးဆွဲသွားမှာပါ။ ပြီးတော့ တတ်စွမ်းသရွေ့ မိဘကို အလုပ်အကျွေး ပြုသွားမယ် လို့လည်း ဆုံးဖြတ်ထားပါတယ်။ ဒါက ကျမရဲ့ ယုံကြည်ချက်ပါပဲ” ဟု နုနုက ပြောသည်။ ။