ဘဝမှာ ဖြူစင်လတ်ဆတ်စွာ တွေးခေါ်ပြီး အပူအပင် အကြောင့်အကြ မဲ့စွာ ရှင်သန် နေထိုင်ခဲ့တဲ့ အချိန်တချိန် ကတော့ လူတိုင်းမှာ ရှိခဲ့ဖူးကြ မှာပါ။ ရိုးသားနုနယ်ခြင်းများနဲ့ ပျိုမျစ်တဲ့ ငယ်စဉ်ဘဝလေး တခုဟာ ကာလ အတိုင်းအတာ တခု အထိသာ ရှိမှာ ဖြစ်ပြီး တဖြည်းဖြည်း ပျောက်ဆုံးဝေးကွာ သွားရစမြဲပါ။ အဲဒီ အပိုင်းအခြားလေးကို ငယ်စဉ်က ဖမ်းယူ နားဆင်ခဲ့တဲ့ ရေဒီယိုလေးနဲ့ ရေဒီယိုသီချင်းလေးတွေ အဖြစ် တင်စားဖွဲ့ဆိုပြီး သီချင်းတပုဒ် ရေးခဲ့ပါတယ်။ ကျနော်နဲ့ မောင်မောင်ဇော်လတ် နှစ်ယောက်တွဲပြီး ဖန်တီးရေးသားခဲ့တဲ့ (အသည်းကွဲရေဒီယို) အမည်ရ ကိုယ်ပိုင်သံစဉ် သီချင်း လေးပါပဲ။
ကျနော် ငယ်စဉ် ကျောင်းသားဘဝ သီချင်းနားထောင် တတ်စ အရွယ်မှာ စတင်ရင်းနှီး ထိတွေ့ ခွင့်ရပြီး ကြိုက်နှစ်သက် ခဲ့ရတာကတော့ ရေဒီယိုက လာတဲ့ အင်္ဂလိပ် သီချင်းတွေပါပဲ။ ကက်ဆက်တွေ ခေတ်မစား သေးခင်မှာ ကျနော့်ရဲ့ ဂီတ တံခါးဟာ အိမ်က ရေဒီယိုပါပဲ။ Born to be wild, Yellow river, Seasons in the sun, Heart of gold အစရှိတဲ့ သီချင်းတွေအပြင် Deep Purple ရဲ့ Black magic woman, C.C.R ရဲ့ Who’ll stop the rain, Beetles ရဲ့ Hey Jude တို့လို သီချင်းတွေကို ရေဒီယိုလေးဖွင့်ပြီး အထပ်ထပ် အခါအခါ စောင့်မျှော် နားဆင်ခဲ့ပါတယ်။ B.B.S လို့ခေါ်တဲ့ မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ်က လွှင့်တဲ့ အဲဒီသီချင်း တွေဟာ ကျနော့်ရဲ့ ဂီတ နားမျက်စိကို စတင်ဖွင့်ပေးခဲ့ တယ်လို့ပဲ ပြောချင်ပါတယ်။
နံနက်ပိုင်း ကိုးနာရီ မထိုးခင်လာတဲ့ အစီအစဉ်၊ ညပိုင်း ကိုးနာရီခွဲကနေ ဆယ်နာရီ အထိ လာတဲ့ အစီအစဉ်တွေ၊ ဆယ်နာရီ နောက်ပိုင်းလာတဲ့ Easy Listening အဆုံး စနေနေ့ ညတွေမှာ လာတတ်တဲ့ Local talents အစီအစဉ်တွေ ပါမကျန် လက်မ လွတ်တမ်း နားထောင်တတ်ခဲ့ပါတယ်။
ကက်ဆက်တွေက တဆင့် ရုပ်မြင်သံကြားတွေ၊ ဗီဒီယိုတွေ အလွန်အမင်း ခေတ်စားလာတဲ့ အချိန်မှာတော့ ရေဒီယိုရဲ့ အခန်း ကဏ္ဍလေးဟာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ရပါတယ်။ ကျနော် ကိုယ်တိုင်လည်း ရေဒီယိုနဲ့ ဝေးကွာသွားခဲ့ရ သလို ရေဒီယို သီချင်းလေးတွေနဲ့လည်း အနေစိမ်းသွားခဲ့ရပါတယ်။ လောကထဲ ရုန်းကန် လှုပ်ရှားရတဲ့ အချိန် ရောက်လာတော့ ရိုးသားဖြူစင် လတ်ဆတ်လှတဲ့၊ ငယ်စဉ်က ဂီတ သင်ပုန်းကြီးဖတ်စာ ဖြစ်ခဲ့တဲ့ ခုနက ရေဒီယို သီချင်း လေးတွေနဲ့ ရေဒီယိုလေးကို ပြန်လည်တမ်းတ လွမ်းဆွတ် အမှတ်ရမိရင်း (အသည်းကွဲ ရေဒီယို) သီချင်းလေး ဖြစ်တည်ဖို့ အတွေးရခဲ့ပါတယ်။
သီချင်းရေး ဖြစ်တဲ့ အချိန်က ၁၉၉၂ ဝန်းကျင် ကာလပါပဲ။ တောင်ကြီးအိမ်က ကျနော့် အခန်းလေးက သီးသီးသန့်သန့် ရှိတာကြောင့် ဂီတ ဝါသနာပါတဲ့ မောင်မောင်ဇော်လတ်နဲ့ အယ်ဖြူ အမြဲလာလေ့ ရှိပါတယ်။ အခန်းထဲမှာ စာဖတ်ရင် ဖတ်၊ သီချင်း နားထောင်ရင် နားထောင်၊ ဂစ်တာတီးရင် တီးနဲ့ပေါ့၊ ဇော်လတ်က စာလည်း အတော် ဖတ်သူပါ။ ကျနော့်မှာ ရှိတဲ့ စာအုပ်တွေ သူငှားဖတ်သလို သူ့မှာရှိတဲ့ စာအုပ်ကောင်း တွေလည်း ကျနော့်ကို မျှတတ်ပါတယ်။ သူယူလာပေးတဲ့ ဂျာမန်စာစုတွေ ဘာသာပြန်ထားတဲ့ ရှားပါးစာအုပ်ကြီးကို ကျနော် အခုထိ သတိရ နေပါသေးတယ်။
ထူးဆန်းတာ တခုက ဇော်လတ်နဲ့ အယ်ဖြူတို့ နှစ်ယောက်က Music အမျိုးအစားစုံကို စိတ်ဝင်တစား ရှိတာ ပါပဲ။ ဇော်လတ်က PoP သီချင်း ချိုချို လေးတွေနဲ့ Rock ဂီတကို ပိုအားသန်သလို အယ်ဖြူက Blues နဲ့ Country နွှယ်တဲ့ သီချင်း ပုံစံကို ပိုကြိုက်တတ်ပါတယ် (အဲဒီတုန်းက Alternative ဂီတကို သူတို့မတွေ့ သေးပါ)။ ကျနော်နဲ့ ဇော်လတ်က “အသည်းကွဲရေဒီယို” မရေးခင် ရှေ့ပိုင်းမှာ POP သီချင်း ချိုချိုလေးတွေ နှစ်ပုဒ် သုံးပုဒ်လောက် အတူတွဲရေး ခဲ့ဖူးကြ ပါတယ်။
သူနဲ့ကျနော်က သီချင်းတွဲရေးရတာ တော်တော် အပေးအယူမျှတယ် လို့ပြောရမှာပါ။ ကျနော့် စကားလုံး အကြောင်း အရာတွေ သံစဉ်နဲ့ ထောင့်နေရင် သူကိုယ်တိုင် ကောင်းနိုးရာရာလေးတွေ ရွေးချယ်ပြီး ဝင်ဖြည့်တတ် သလို သူ့သံစဉ် ကို ကျနော့်စကားလုံး ထည့်လို့ရအောင် နည်းနည်းပြင်ချင်ရင်လည်း ချက်ချင်း ပြင်ပေးတတ်သူပါ။
သီချင်းတွဲရေးရင်း အရှိန်ကောင်းလာရင် အိမ်ကို ထမင်းပြန် မစားတော့လို့ သူ့မိခင်ကြီး ကျနော့်အိမ် အထိ တခါတလေ လိုက်ခေါ်ရပါတယ်။ ဂီတနဲ့ ပတ်သက်ရင် ထမင်းမေ့ ဟင်းမေ့ မောင်မောင်ဇော်လတ်ပါပဲ။
တနေ့ ကျနော့်ဆီ မောင်မောင်ဇော်လတ် တက်ကြွလန်းဆန်းစွာ ရောက်လာပါတယ်။ “ကိုညီနဲ့ ကျနော် POP သီချင်းတွေပဲ တွဲရေးလာတာ ဒီတခါ Rock သီချင်းတပုဒ်လောက် အမှတ်တရ ကိုင်ကြရအောင်၊ ကျနော် ညက Melody တခု ရှာထားတယ်” ဆိုပြီး ဂစ်တာနဲ့ တီးပြပါတယ်။
ကျနော်ကလည်း စောစောက တင်ပြခဲ့တဲ့ ရေဒီယိုနဲ့ ပတ်သက်တဲ့ အတွေးလေးကို သူ့ကို ပြောပြပြီး အဲဒီ အကြောင်း အရာလေး ရေးရင် ကောင်းမလားလို့ တိုင်ပင်တော့ သူက “ကိုညီ့ အိုင်ဒီယာမိုက်တယ်၊ ဆွဲမယ်” ဆိုပြီး စတင် ရေးဖွဲ့ခဲ့ ကြပါတယ်။
အသည်းကွဲရေဒီယို
V1 ဘဝနုပျိုစဉ် အချိန်ကာလများ ကွင်းပြင် ကျယ်တွေ ငါဟာ ဖြတ်သန်းရင်းကြားတယ်…ရေဒီယို သီချင်းလေးတပုဒ်ကို ။
V2 အလင်းရောင်တွေကို ချည်နှောင်တဲ့ကြိုး ကောင်းကင်ပြာဆီ တောင်ပံခတ်တုန်း ကြားတယ် ရေဒီယိုသီချင်းလေး တပုဒ်ကို ။
CHO: လမ်းတွေထက် ပူလောင်မြိုက်ရင်း “အားအင်အတွက် ဒီသီချင်းပဲ” ခုထိ အလွတ်ရနေတော့လည်း ရင်မှာ အသည်းကွဲ ရေဒီယိုသီချင်းလေး ရှိတယ်။
(ရေဒီယို … အသည်းကွဲ ရေဒီယို) ၃
V3 ကျောက်ဆောင်တွေလို ရင်ဆိုင်ကျင့်သုံး “ကမ်းခြေတွေမှာ ခြေရာကောက်တုန်း”ပျောက်ကွယ် ရေဒီယိုသီချင်းလေး တပုဒ်ရယ်။
V4 ပိုက်ကွန်တွေမှာ ဒဏ်ရာသင့်အမုန်း ရပ်တည်နေချိန် ယိုင်လာတဲ့အဆုံး … ပျောက်ကွယ် ရေဒီယိုသီချင်းလေး တပုဒ်ရယ်။
CHO: အဆိပ်တွေနဲ့ ကိုယ်မျိုသိပ်ရင်း … မွန်းကျပ်သော မျှော်လင့်ခြင်းများ … တပိုင်း တစတော့ သတိရချင်လည်း ပြန်လည်တူးဆွ ရေဒီယို သီချင်းလေး မရှိတော့ အသည်းကွဲ ရေဒီယို…တမ်းတမိ အသည်းကွဲရေဒီယို၊ ပြေးကြည့်လိုက် အသည်းကွဲရေဒီယိုလေး – မရှိ … မရှိတော့ဘူး။
သီချင်း Verse ပထမ အပိုဒ်နဲ့ ဒုတိယ အပိုဒ် တို့မှာ ရေဒီယိုလေးနဲ့ ရေဒီယို သီချင်းလေးတွေဟာ ဂီတနားမျက်စိ အလင်းရောင်ကို ဖွင့်လှစ်ပေးခဲ့လို့ “အလင်းရောင်တွေကို ချည်နှောင်တဲ့ကြိုး” အဖြစ် တင်စားဖွဲ့ဆိုခဲ့ပြီး လွတ်လပ် ပေါ့ပါးမှုတွေနဲ့ ဖြတ်သန်းခဲ့တဲ့ ငယ်ဘဝလေးကို ကွင်းပြင်ကျယ်တွေ၊ ကောင်းကင်ပြာတွေ၊ တောင်ပံတွေနဲ့ နိမိတ်ပုံဖွဲ့ တင်စားခဲ့ပါတယ်။
CHO:1 မှတော့ လောကလမ်းတွေပေါ် ဖြတ်သန်းချိန် ပူပင်သောကတွေနဲ့ စတင်ထိတွေ့ချိန်မှာ လည်း အလွတ်ရနေတဲ့ ရေဒီယို သီချင်းလေးကို ညည်းဆိုရင်း အားတင်း ဖြတ်သန်းခဲ့ရပုံကို ဖွဲ့ဆို ထားပါတယ်။ Verse တတိယအပိုဒ်နဲ့ စတုတ္ထ အပိုဒ်တို့မှာ လောကထဲ အမှန်နဲ့ အမှား၊ အကောင်းနဲ့ အဆိုး ရှာဖွေတဲ့အရွယ် ရောက်လာပုံကို “ကမ်းခြေတွေမှာ ခြေရာကောက်တုန်း” လို့ရေးဖွဲ့ပြီး စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံ ဖြေရှင်းပုံကို “ကျောက်ဆောင်တွေလို ရင်ဆိုင်ကျင့်သုံး” ဆိုပြီး ရေးဖွဲ့ထားပါတယ်။ မာယာများနဲ့ ဖမ်းစားလှည့်ဖြားတတ်တဲ့ လောကကြီးရဲ့ ခါးသီးလှတဲ့ အချိုးအကွေ့ အတွေ့အကြုံကို “ပိုက်ကွန်တွေမှာ ဒဏ်ရာသင့် အမုန်း” ဆိုပြီး ရေးဖွဲ့ခဲ့ပါတယ်။
နောက်ဆုံး CHO:2 မှာတော့ အဆိပ်တွေနဲ့ တူတဲ့ ပျက်စီးခြစား ခေတ်စနစ်ကြီး အောက်မှာ မွန်းကျပ်စွာ ရှင်သန် နေထိုင် ရတဲ့ ကျနော်တို့ ဘဝတွေဟာ အရောင်အမျိုးမျိုး စွန်းပေခဲ့ရပြီး ရေဒီယို သီချင်းတွေ နားထောင်ခဲ့တဲ့ ငယ်စဉ် ကာလလို ဖြူစင် လတ်ဆတ် မှုမျိုး မရှိတော့တဲ့ အကြောင်း၊ ပြန်လည် သတိရ တမ်းတ အောက်မေ့လို့ တူးဆွ ရှာကြည့် ပေမယ့်လည်း ငယ်စဉ်ဘဝလေးဟာ ရေဒီယို သီချင်းလေး တွေနဲ့ အတူ ပျောက်ကွယ်သွားပြီ ဖြစ်တဲ့ အကြောင်း၊ ဒါကြောင့်လည်း လက်ရှိမှာ ကြေကွဲဝမ်းနည်း အသည်းကွဲ နေရတာ ရိုးသား ဖြူစင်တဲ့ သီချင်းလေး တွေကို ထုတ်လွှင့် ခဲ့တဲ့ ရေဒီယိုလေးပဲ ဖြစ်တဲ့အကြောင်း ရေးဖွဲ့ထားပါတယ်။
Hark Rock ဂီတဆန်တဲ့ အသည်းကွဲရေဒီယို သီချင်းကို အဆိုတော်ကြီး ကိုညီထွဋ် (ဇော်ဝင်းထွဋ်) က သူ့ရဲ့ “နေရာသစ်” တေး Album ထဲမှာ ထည့်သွင်း သီဆိုခဲ့ပါတယ်။ သီချင်းခွေရဲ့ ပထမဆုံး အဖွင့်သီချင်းဖြစ်ခဲ့ပြီး အဆို သမ္ဘာရင့်တဲ့ ကိုညီထွဋ်ရဲ့ ပါးနပ်တဲ့ ဆိုဟန်ကိုလည်း တွေ့ရမှာပါ။ Emperor Band ရဲ့ Arrangement ကလည်း သီချင်းရဲ့ Composition ကို ပီပြင် ရုပ်လုံးကြွ စေခဲ့ပါတယ်။ သီချင်းအစမှာ ရေဒီယိုသံတွေ ထည့်ထား တာက အစ ရေဒီယို.. ရေဒီယို ဆိုပြီး အော်သံမျိုးတွေ သုံးထားတာ အဆုံး Band ရဲ့ Idea ကောင်းမွန်မှုကို တွေ့ရပါတယ်။ အထူးသဖြင့် Emperor ကိုဇော်မျိုးထွဋ်ရဲ့ ထူးခြားလှပ သေသပ်လှတဲ့ ဂစ်တာ Riff တွေနဲ့ Solo scale တွေကို “အသည်းကွဲ ရေဒီယို” သီချင်းမှာ တွေ့ရမှာပါ။
ဘာပဲဖြစ်ဖြစ် အနိုင်ကျင့် စိုးမိုးမှုတွေ အောက်မှာ မွန်းကျပ်ပင်ပန်းမှုတွေနဲ့ ကြုံလာတဲ့ အခါတိုင်း ငယ်စဉ်က နားထောင်ခဲ့တဲ့ ရေဒီယိုသီချင်းလေးတွေကို ရေဒီယိုလေးနဲ့ တခါလောက် ကျနော် ပြန်နားထောင်ခွင့် ရချင်ပါ သေးတယ်။ ။