လူငယ်ရုပ်ရှင်ပွဲတော်တွင် ဆုရ ဒါရိုက်တာများအား မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးဘက်က တပတ်အတွင်း ဆုကြေးငွေ ထုတ် ပေးနိုင်ခြင်း မရှိသည့် ပြဿနာများကို ညှိနှိုင်းခဲ့ပြီးနောက် ယမန်နေ့က Parami Energy Company က ထပ်မံ ဂုဏ်ပြု ဆုများ ချီးမြှင့်ခြင်း နှင့် သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်သည်။
ရန်ကုန်မြို့ Sule-ShangriLa ဟိုတယ်တွင် ကျင်းပသည့် အခမ်းအနား၌ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးမှ ဦးဆောင်ပြုလုပ်ခဲ့ သော လူငယ်ရုပ်ရှင်ပွဲတော်တွင် ဆုရရှိခဲ့သည့် လူငယ် ဒါရိုက်တာများကို ထပ်မံဂုဏ်ပြုဆု ချီးမြှင့်ခြင်း ဖြစ်ကြောင်း Parami Energy Company က ပြောသည်။
“နဂိုကတည်းက ပါရမီကနေပြီး ဒီလူငယ်တွေအတွက် ဆုကြေးငွေရော၊ တခြား ဒီပွဲအတွက် ကျင်းပစရိတ်ရော အကုန်လုံး ကျနော်တို့ ပံ့ပိုးပေးမယ်လို့ ကတိပြုထားတာနဲ့အညီ ကျနော်တို့ ပံ့ပိုးခဲ့ပါတယ်။ ဒါပေမယ့် ဆုပေးပွဲနေ့မှာတော့ အကြောင်း မညီညွှတ်ချက်လေး တွေကြောင့် တချို့ဆုရတဲ့ ကလေးတွေနဲ့ လူငယ်များ အစည်းအရုံး အကြားမှာ ပြောစရာလေးတွေ ဖြစ်သွားတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ကျနော်တို့ စိတ်မကောင်းဘူး။ ကျနော်တို့ တာဝန် မကင်းဘူး။ အဲ့ဒီအတွက်ကြောင့် ဒီနေ့မှာ မီဒီယာများရှေ့မှာ ဒီကလေးတွေ၊ ဒီလူငယ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့က သီးခြားထပ်မံ ဂုဏ်ပြုတာ ဖြစ်ပါတယ်”ဟု Parami Energy ကုမ္ပဏီ၏ Corporate Social Responsibility (CSR) Manager ဦးအောင်မျိုးရှိန်က မီဒီယာများအား ပြောဆိုသည်။
လူငယ်ရုပ်ရှင် ပွဲတော်တွင် ဆုကြေးငွေဆိုင်ရာ ငွေကြေးအရှုပ်အရှင်း ပြဿနာများ ဖြစ်ပွားခဲ့ပြီး လူငယ်ရုပ်ရှင် ပွဲတော်နှင့် ဆုရသူများကို အဓိက ကူညီပံ့ပို့သည့် Parami Energy ကုမ္ပဏီက သြဂုတ်လ ၂၂ ရက်တွင် ရန်ကုန်မြို့ Orchid ဟိုတယ်၌ ဆုရဒါရိုက်တာ များအား တိုက်ရိုက်ဆုကြေးငွေ ပေးအပ် ချီးမြှင့်ခဲ့သည်။
ဦးအောင်မျိုးရှိန်က“ပြီးခဲ့တဲ့ အခမ်းအနားမှာ လူငယ်အစည်းအရုံးက သတ်မှတ်ထားတဲ့ ဆုကြေးငွေတွေကို ဆုချီးမြှင့်ပြီး ဖြစ်ပါတယ်။ ဒီနေ့မှာ ဒီလူငယ်တွေအတွက် ပါရမီစွမ်းအင်က ဂုဏ်ပြုပါရစေ ဆိုပြီး ထပ်မံ ဂုဏ်ပြုတာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
လူငယ်ရုပ်ရှင် ပွဲတော်တွင် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို Vaiolenz Against Violence ဇာတ်ကားဖြင့် အမျိုးသမီး ဒါရိုက်တာ ခင်စုကြည်က လည်းကောင်း၊ အကောင်းဆုံး ဇာတ်လမ်းတို ရုပ်ရှင်ဆုကို Chicken Carry ဇာတ်ကားဖြင့် ဒါရိုက်တာ လွင်ကိုကိုဦး က လည်းကောင်း၊ အကောင်းဆုံး အထူးပြုလုပ်ချက် ရုပ်ရှင်ဆုကို Save The World ဇာတ်ကားဖြင့် ဒါရိုက်တာဘိုဘို(သစ်ဆန်း) က လည်းကောင်း၊ ပရိသတ်မဲပေးမှု အများဆုံးဆုကို ပန်းလှိုင် ရုပ်ရှင်ကားဖြင့် ဒါရိုက်တာ မျိုးမင်းထွေးတို့က ရရှိခဲ့သည်။
လူငယ်ရုပ်ရှင်ပွဲတော်အား ဦးဆောင် စီစဉ်ခဲ့သည့် မြန်မာနိုင်ငံ လူငယ်အစည်းအရုံး ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က“မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး အနေနဲ့ ဘယ်သူ့ကိုမှ အမြင်လွဲမှားမှု မရှိပါဘူး။ ကျနော်တို့ သတင်းတွေ ဘယ်လိုပဲ အားလုံးသိခဲ့သိခဲ့ ကျနော်တို့ အနေနဲ့ ဒါတွေကို သင်ခန်းစာနဲ့ အတွေ့အကြုံအဖြစ်ပဲ မှတ်ယူပါတယ်။ ကျနော်တို့ နောက်ထပ်၊ နောက်နှစ်တွေမှာလည်း ရုပ်ရှင်ပွဲတော်တွေ လုပ်ဦးမှာပါ။ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ အများကြီး ယူထားပါတယ်။ ပါရမီဘက်ကလည်း ကျနော်တို့ကို ဆက် လက်ပြီး ကူညီပြီးတော့ ကျနော်တို့နဲ့ အတူ တိတိကျကျလေး ဖြစ်အောင် လုပ်သွားဖို့ ဆိုတာလေးပဲ ပြောချင်ပါတယ်”ဟု ပြောဆို သည်။
အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ဆု၊ အကောင်းဆုံး ဇာတ်လမ်းတို ရုပ်ရှင်ဆု၊ အကောင်းဆုံး အထူးပြုလုပ်ချက် ရုပ်ရှင်ဆု ရသူများကို တဆုလျှင် ဆုကြေးငွေ ကျပ် သိန်း ၁၀ သိန်းစီကို Parami Energy Company က ပေးအပ်ချီးမြှင့်ခဲ့ပြီး ပရိသတ် မဲပေးမှု အများဆုံး ရုပ်ရှင်ဆု အတွက် ဆုကြေးငွေ ကျပ် ၁၀ သိန်းအား မြန်မာနိုင်ငံ လူငယ်အစည်းအရုံးက ချီးမြှင့်ပေးအပ်ခဲ့သည်။