ပန်းချီဆရာ ပေါ်သိမ်း၏ ပန်းချီကားများ (ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ)
သြဂုတ်လမှာ သူနှင့် ပတ်သက်ပြီး အလွန် တိုက်ဆိုင်တဲ့ ဝမ်းသာနဲ့ ဝမ်းနည်း အမှတ်တရ နှစ်ခု ရှိပါတယ်။ သူမြတ်နိုးစွာ ဖန်တီး ရေးဆွဲထားတဲ့ ပန်းချီကားတွေကို သူ့ဇာတိ မွေးရပ်မြေနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံမှာ တကိုယ်တော်ပြပွဲ အောင်မြင်စွာ တင်ဆက်နိုင်ခဲ့သလို သူ့ကို ထာဝရ ဆုံးရှုံးရပြီလို့ သိလိုက်ရတာကလည်း ဒီ သြဂုတ်လ မှာပါ။ သြဂုတ် ဟာ သူနဲ့ ပတ်သက်ပြီး ဝမ်းသာ၊ ဝမ်းနည်း နှစ်ခုစလုံး ယူဆောင်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
သူ ဆိုတာက မြန်မာ့ခေတ်ပေါ် ပန်းချီသမိုင်းစဉ်ထဲက တတိယ မျိုးဆက် ပန်းချီဆရာ ပေါ်သိမ်းပါ။ ခေတ်ပေါ် ပန်းချီ ပထမ မျိုးဆက်တွေထဲမှာ ဦးခင်မောင် (ဘဏ်)၊ ဦးအောင်စိုးတို့ ပါဝင်ပြီး ဒုတိယ မျိုးဆက်က ခင်မောင်ရင်၊ ဝင်းဖေ စသူတို့ ပါဝင်ပါတယ်။ တတိယ မျိုးဆက်မှာတော့ မောင်ဒီ၊ ခင်ဝမ်း၊ ပေါ်သိမ်း စသည့် ပန်းချီဆရာများ ပါဝင်ပါတယ်။ အဲဒီ အပြင် ပန်းချီဆရာ ပေါ်သိမ်းဟာ လောကနတ် ပန်းချီပြခန်း ထူထောင်ရာမှာလည်း ဦးဆောင်ပုဂ္ဂိုလ်များထဲမှာ လည်း ပါဝင်ခဲ့ပါတယ်။
ပန်းချီဆရာ ပေါ်သိမ်းရဲ့ ဇာတိက ရွှေဘိုပါ။ ၁၉၆၇ ခုနှစ်မှာ မန္တလေး အနုပညာပန်တျာနဲ့ အကကျောင်းအုပ်ကြီး ဦးဝင်းဖေနဲ့ တွေ့ဆုံပြီး ဆရာဦးဝင်းဖေရဲ့ အားပေးမှုနဲ့ ပန်းချီလောကထဲ ရောက်ရှိလာတာလို့ သိရပါတယ်။ အဲဒီနောက် ဦးခင်မောင် (ဘဏ်) ထံမှာ ပန်းချီပညာ ဆက်လက်ဆည်းပူးပြီး တသက်တာလုံး ပန်းချီကားများစွာ ရေးဆွဲခဲ့သူ ဖြစ်ပါ တယ်။ တကိုယ်တော် ပန်းချီပြပွဲတွေကိုလည်း ၁၉၇၃ ခုနှစ်ကတည်းက ပြုလုပ်နိုင်ခဲ့ပါတယ်။
၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်းကာလမှ ဦးသန့်ပုံတူ ရေးဆွဲခြင်း၊ အလုပ်သမား အရေးအခင်းနဲ့ ဆိုင်တဲ့ ကဗျာ စာအုပ်အဖုံး ရေးဆွဲပေးခြင်းတွေကြောင့် အာဏာပိုင်တွေရဲ့ ၄ ကြိမ်တိုင် ဖမ်းဆီးထောင်ချတာ ခံခဲ့ပါတယ်။
သူဟာ မော်ဒန် ပန်းပုဆရာ ဆန်နီညိန်းနဲ့ အတူတွဲပြီး ၁၉၇၅ ခုနှစ်လောက်က ရန်ကုန်မှာ Peacock Gallery (ဥဒေါင်းမင်း ပန်းချီပြခန်း) ဖွင့်ပြီး အနုပညာ အလုပ်တွေ လုပ်ကိုင်ခဲ့သလို ပန်းချီသင်တန်းတွေလည်း ဖွင့်လှစ်သင်ကြား ပေးခဲ့တယ်လို့ လည်း သိရပါတယ်။
အဲဒီနောက် အရေးအခင်း မတိုင်ခင် ၁၉၈၆/ ၁၉၈၇ ခုနှစ်လောက်က နိုင်ငံခြားကို ထွက်သွားခဲ့တာ ဖြစ်ပြီး သူကွယ်လွန် သည် အထိ ဇာတိချက်ကြွေ မွေးရပ်မြေ အမိ မြန်မာနိုင်ငံသို့ ပြန်မလာနိုင်ဘဲ အဝေးရောက် ပန်းချီဆရာ အဖြစ် နေထိုင် ခဲ့ရပါတယ်။
၁၉၉၀ ခုနှစ် မှာတော့ ပန်းချီပေါ်သိမ်းဟာ ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ အဂတိတရား လေးပါးကနေ လွတ်ကင်းရေး ကို အဓိက ရေးတဲ့ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” စာအုပ် မျက်နှာဖုံးကိုလည်း ရေးဆွဲပေးခဲ့ပါတယ်။
ပန်းချီပေါ်သိမ်း၏ ပန်းချီကားတချို့
ရေခြားမြေခြား ဓလေ့စရိုက်ခြားနားတဲ့ အမေရိကန်နိုင်ငံရဲ့ တက္ကဆပ်ပြည်နယ်က မြို့လေးမှာ နှစ်ပေါင်း ၃၀ ကြာ နေထိုင်ခဲ့ ပေမယ့် သူ့ရဲ့ ပန်းချီကားတွေကတော့ မြန်မာမှု အငွေ့အသက်တွေ ထုံမွှမ်းနေတာတွေ့ရပါတယ်။ သူ့ရဲ့ စိတ် ခံစားမှုဟာ ဇာတိချက်ကြွေ မွေးရပ်မြေ မြန်မာနိုင်ငံကို စွဲလမ်းစိတ်နဲ့ ချစ်နေဆဲ၊ လွမ်းဆွနေဆဲ ဆိုတာ သိမြင်လာရ ပါတယ်။
သူ့ရဲ့ လက်ရာတွေမှာဟာ မြန်မာ့ရိုးရာ ပန်းချီဖြစ်တဲ့ Pattern ပန်းချီကား အများစု ဆိုတာ တွေ့ရပါတယ်။ ကျူဗစ်ဇင် (Cubism)၊ ဒြပ်မဲ့ (Abstract) ပုံဖော်မှုတွေလည်း တွေ့ရပါတယ်။ အထူးသဖြင့် ခံစားချက် အတွေးစိတ်ကူးကို ပုံဖော်ပြရာမှာ အခြေခံ အရောင်တွေ အသုံးပြုပြီး အရောင် အစုံ သုံးစွဲ ဖန်တီးတာ တွေ့ရပါတယ်။
မြန်မာတို့ရဲ့ ဦးပဉ္ဇင်း ကိုရင်ကလေးတွေကို ရေးဆွဲထားတဲ့ Sayadaw and Monks (ဆရာတော်နှင့် ဦးဇင်းများ) ပန်းချီကားလေးက ချစ်စရာကောင်းပါတယ်။ ဘုရား ပုထိုး စေတီတွေ၊ ရေးဆွဲထားတဲ့ Tipataka on Marble Slabs and Sandar Muni Pagoda, This is my way Mandalay, ပန်းချီကားတွေကို ကြည့်ရင်း မြန်မာ့ အငွေ့အသက်နဲ့ မြန်မာဓလေ့ကို ခံစားမြင်ယောင်လာပါတယ်။
ထူးထူးခြားခြား ခံစားမိစေတဲ့ ပန်းချီကားကတော့ Transparency Tunes of Bagan Temple ဆိုတဲ့ ပန်းချီကားပါ။ Pattern ပန်းချီကားတွေမှာ ထွင်းဖောက် အမြင် (Transparency) ပါဝင်အောင် ရေးဆွဲတင်ပြဖို့ သာမန်အားဖြင့် မဖြစ်နိုင်ပါ။ စိတ်ကူး စိတ်သန်းနဲ့ လောက အမြင် ရင့်သန်မှသာ ရေးဆွဲတင်ပြဖို့ ဖြစ်နိုင်မှာပါ။ အပြာရောင်၊ အနက်ရောင်၊ အညိုရောင် သုံးပြီး ရေးဆွဲထားတဲ့ ပန်းချီပေါ်သိမ်းရဲ့ `ပုဂံဘုရား ပုထိုးများရဲ့ ထွင်းဖောက်ကြည်လင် သံစဉ်များ´ပန်းချီကားထဲမှာတော့ စိတ်ကူး စိတ်သန်းနဲ့ လောက အမြင်ကို ရေဆွဲထားတာ တွေ့နိုင်ပါတယ်။ ပုဂံပုထိုးများ နောက်ကွယ်က ဂုဏ်ယူစရာ သမိုင်းစဉ်ကိုလည်း ထွင်းဖောက်မြင်သာအောင် ဖော်ပြထားတာက ထူးခြား ကောာင်းမွန်ပြီး ကြည့်ရှုသူကို အတွေးပုံရိပ်တွေ ရရှိစေပါတယ်။
ပြီးတော့ သူ့ရဲ့ Eyes on Burma, Traditional Burmese Toy, Elephants R Burmese Yadanar စတဲ့ ပန်းချီကားတွေ မှာလည်း မြန်မာ့ အငွေ့အသက် မြန်မာမှု ဓလေ့တွေကို ဖော်ကျူးထားပါတယ်။ သူဟာ အမေရိကန်နိုင်ငံမှာ နေထိုင်နေပေမယ့် မျိုးချစ်စိတ် ရှိသူပါ။ `ကျနော် အမေရိကမှာ နေပေမယ့် မြန်မာ အစစ်၊ ရွှေဘိုသား။ ဘယ်နိုင်ငံရောက်ရောက် မြန်မာဟာ မြန်မာပါပဲ´ လို့ ဧရာဝတီနဲ့ တွေ့ဆုံ မေးမြန်းရာမှာ ပြောခဲ့ပါတယ်။
သူဟာ မြန်မာ့ယဉ်ကျေးမှု အငွေ့အသက် ပန်းချီကားတွေ ဖန်တီးရင်း စိတ်ထိခိုက်ရတယ်လို့လည်း ပြောပါတယ်။
“ကျနော် အခုရေးတဲ့ ပန်းချီကား တကားဆွဲတိုင်း တခါငို ဆိုသလိုပါပဲ။ ၃၅ ကားဆိုတော့ ၃၅ ခါ ငိုရပါတယ်။ ကျနော် မြန်မာကို ချစ်တယ်၊ ဒါပေမယ့် မပြန်ချင်သေးဘူး၊ ကျနော် မပြန်နိုင်သေးဘူးလေ” လို့ သူက ဆိုပါတယ်။
သူဟာ အခု နေ့စဉ်လိုလို ဗုဒ္ဓ ဓမ္မ တွေကို လေ့လာကျင့်ကြံတာရယ်၊ ပန်းချီ အနုပညာ အလုပ်ရယ်ကို အဓိကလုပ် နေရင်းက ရှေ့ကို မျှော်လင့်တာတွေ၊ လိုချင်တောင့်တမှု ဆန္ဒ အစွဲတွေ လျော့လာတယ်လို့လည်း ပြောပြပါတယ်။
ပန်းချီဆရာကြီး ဦးဝင်းဖေ ပြောသော ပန်းချီပေါ်သိမ်း အကြောင်း
အထူးရှားဆုံး ပြောချင်တာကတော့ ကျနော် အနုပညာပန်တျာနဲ့ အကကျောင်းကို မန္တလေးမှာ ကျောင်းအုပ် လုပ်နေတုန်း ၁၉၆၇ ခုနှစ်မှာ မန္တလေး တက္ကသိုလ်ကို ကျနော် အလည်သွားတယ်။ အလည်သွားတော့ မန္တလေး တက္ကသိုလ် နံရံကပ် စာစောင် တခုမှာ သူ (ပေါ်သိမ်း) က သရုပ်ဖော်ပုံ ရေးသားတယ်။ ကျနော်က လူလည်း မသိဘူး၊ ကျနော် အဲ့ဒီ သရုပ်ဖော်ပန်းချီလေးကို တွေ့တဲ့အခါမှာ ဒီလူကို တွေ့ရင်ကောင်းမှာပဲလို့ ဖြစ်တယ်။ ဒါနဲ့ ပတ်ဝန်းကျင်ကို ဒီပန်းချီဆရာကို ခင်ဗျားတို့ သိလားလို့ မေးတယ်။
အဲဒီမှာ သိပါတယ် ခင်ဗျာ၊ သူက ရွှေပြည်အေးမှာ နေတယ်တဲ့၊ သူ့အခန်းက ထူးခြားတယ်၊ ဒီလိုဒီလို ပြောတယ်။ ဒီအချိန်မှာ ကျနော့်တို့ မသိဘူး၊ ကိစ္စ မရှိဘူး၊ ကျနော်က ကျနော့်ကားနဲ့ အဲ့ဒီကိုသွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီမှာ သွားတွေ့တော့ ကိုပေါ်သိန်းဆိုတာ ခင်ဗျားလား၊ ဟုတ်ပါတယ် ၊ ဒီလိုဆို ခင်ဗျားလက်ရာနဲ့ဆို ခင်ဗျား ဆီဆေး ရေးဖို့ ကောင်းတယ်၊ ခင်ဗျား ဆီဆေး ရေးဖူးသလား၊ ကျနော် မရေးဖူးပါဘူး၊ ခင်ဗျားရေးချင်လား၊ ကျနော်ရေးချင်ပါ တယ်။OK ဆိုပြီးတော့ ကျနော်က ကျနော့် ကျောင်းကို လာဖို့ဖိတ်တယ်။
ဒါနဲ့ နှစ်ရက်နေတော့ သူကျနော့် ကျောင်းကိုလာတယ်။ သူဆွဲမယ့် ဆီဆေးတွေ ကျနော်ချပေးတယ်။ ချပေးတော့ သူရေးတဲ့အခါ ကျတော့ ကျနော်ထင်တဲ့ အတိုင်းပဲ ကောင်းတယ်၊ အဲ့ဒီကနေ ကျနော် စိန်ပန်းထဲမှာ နေတဲ့ ကျနော့်ဆရာ အရင်း ဦးခင်မောင် (ဘဏ်) ဆီ သူ့ကို အပ်ပေးတယ်။ အပ်ပြီးတော့ တောက်လျှောက်ပဲ ပေါ်သိမ်းက ပန်းချီပဲ ရေးတာပဲ။
အခုတော့ ဆုံးသွားတာ ကျနော်စိတ်မကောင်းတာက သူအနီးမျာ ကျနော် မရှိဘူး။ သူက တက္ကဆပ်က မြို့တမြို့မှာ သူကနေတယ်။ သူ့အိမ်ပိုင်နဲ့ မြေပိုင်နဲ့ ချမ်းချမ်းသာသာ ပါပဲ။သူ မြန်မာပြည် ပြန်မလာတာ သူမွေးထားတဲ့ ခွေးတွေတို့၊ ကြက်တွေတို့၊ နောက်ပြီးတော့ သူက သစ်ပင်တွေ စိုက်တယ်၊ သစ်ပင်တွေနဲ့ စကားပြောတတ်တယ်၊ အဲ့ဒီတော့ အဲ့ဒါတွေ သူက မခွဲနိုင်ဘူး။ သူ ပြန်လာတော့ လာဖို့ပါပဲ။ သို့သော် သူက သံယောဇဉ် တော်တော်ကြီးတယ်။ သူ ချိန်ရင်း ဆရင်းနဲ့ ရုတ်တရက် ဆုံးသွားပုံရတယ်။ ကျနော်လည်း မနေ့တုန်းကမှ သိတာပါ။
ပန်းချီဆရာ ပေါ်သိမ်းအပေါ် သူတို့ အမြင်
ပန်းချီ ဇော်လူဝင်းက `ကိုပေါ်သိန်းဟာ မြန်မာပြည် ပန်းချီလောကမှာ အင်မတန်မှ ထက်မြက်တဲ့ ပန်းချီဆရာ တယောက်ဖြစ်တယ်။ သူက အများကြီး Active ဖြစ်တယ်။ နောက်ပြီးတော့ အလုပ်လည်း လုပ်တယ်။ နောက် အင်မတန်မှ စနစ်ကျတယ်။ စာရွက်စာတမ်းနဲ့လည်း လုပ်တတ်တယ်။ ပန်ချီးကားကို နေ့တိုင်းရေးတဲ့သူ ဖြစ်တယ်။ တနေ့ကို အနည်းဆုံး ၁ ကား၊ ၂ ကားကနေ ၃ ကားထိရေးတယ်။
၂၀၁၁ ခုနှစ် သြဂုတ် ၂၇ ကနေ စက်တင်ဘာ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အနုပညာပြခန်းမှာ သူ့ရဲ့ ၉ ကြိမ်မြောက် I am Cadmium Red လို့ အမည်ပေးထားတဲ့ တကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီတုန်းက မော်ဒန် ပန်းပုဆရာ ဆန်နီညိန်းက –
“သူက အနုပညာအပေါ်မှာ အရမ်းကို ထက်သန်တဲ့ လူတယောက်ပေါ့။ ပန်းချီရေးတာလည်း လောဘကြီး တယ်။ ရေးနည်းတွေကလည်း ကောင်းတယ်။ နေရာ မရွေးဘူး၊ အကြောင်းအရာ မရွေးဘူး။ အဲဒါကြောင့် သူဟာ ရေးအားလည်း ကောင်းတယ်၊ ဖန်တီးအားလည်း ကောင်းတယ်၊ အနုပညာလည်း လောဘကြီးတဲ့ လူ တယောက် အနေနဲ့ ကျနော် မြင်ပါတယ်” လို့ ဧရာဝတီကို ပြောဖူးပါတယ်။
ဇာတိမြေကို လွမ်းတဲ့ စိတ်၊ အမိမြေကို စွဲလမ်းစိတ်နဲ့ ပန်းချီကားတွေ ရေးဆွဲခဲ့တဲ့ ပန်းချီပေါ်သိမ်းဟာ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က ကွယ်လွန်ခဲ့ပါပြီ။ ။