အောင်မြတ်ဌေးဟာ ပန်းချီ၊ ပန်းပု၊ အင်စတော်လေးရှင်း၊ ပါဖောမန့် စတဲ့ အနုပညာဖန်တီးမှု ပုံစံအမျိုးမျိုး တင်ဆက် နေတဲ့ ခေတ်ပြိုင်အနုပညာရှင် တဦးပါ။ သူ့ရဲ့ ပန်းချီလက်ရာတွေမှာ ရိုးရာပန်းချီနဲ့ ခေတ်သစ်ပန်းချီ ပေါင်းစပ်ပါဝင် နေတာ တွေ့နိုင်သလို Concept အခြေပြု အင်စတော်လေးရှင်းနဲ့ ပါဖောမန့် တင်ဆက်မှုများကြောင့် ထင်ရှားပါတယ်။
အောင်မြတ်ဌေးကို မန္တလေးမှာ မွေးပါတယ်။ ငယ်စဉ်က အမှတ် ၉ အခြေခံပညာ အထက်တန်းကျောင်းမှာ တက်ရောက်ခဲ့ပြီး ၁၉၉၁ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အထိ မန္တလေး ပန်းချီပန်းပုကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်ယဉ်ကျေးမှု တက္ကသိုလ်မှာ ၁၉၉၈ ခုနှစ်အထိ ဆက်လက်တက် ရောက်ခဲ့ပြီး အနုပညာရပ်တွေ လေ့လာ သင်ယူခဲ့ပါတယ်။
သူဟာ ၂၀၁၀ ပြည့်နှစ်ကစပြီး Freelance Artist/ Freelance Designer အဖြစ် လုပ်ကိုင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ဖုကုအိုက အနုပညာရှင် ဖိတ်ခေါ်ပွဲကြောင့် ဂျပန်နိုင်ငံမှာ ၃ လကြာ နေထိုင်ခဲ့ရပါသေးတယ်။ အဲဒီဖိတ်ခေါ်ပွဲဟာ အာရှနိုင်ငံ အသီးသီးက အနုပညာရှင်တွေ၊ သမိုင်းပညာရှင်၊ ပြတိုက်ပညာရှင်တွေကို ဖိတ်ခေါ်တဲ့ အစီအစဉ်ဖြစ်ပြီး တနှစ်ကို ၅ ဦးစီလောက် ဖိတ်ခေါ်လေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီမှာ အောင်မြတ်ဌေးဟာ သူတို့ရဲ့ ယဉ်ကျေးမှု၊ အနုပညာတွေကို လေ့လာခွင့် ရခဲ့သလို သူ့ရဲ့ အနုပညာ ဖန်တီးမှုတွေကိုလည်း ပြသခဲ့ပါတယ်။
“ကလေးငယ်တွေ ကိုလည်း အဖွဲ့တွေ ခွဲပြီး အနုပညာ ဝပ်ရှော့တွေ ၅ ကြိမ်လောက် အထိ လုပ်ပေးခဲ့ရ ပါတယ်။ ကျနော်ကတော့ အဲဒီမှာ ဘာသာရေးနွှယ်တဲ့ အကြောင်းရာနဲ့ အလင်းရောင်စုံ သုံးတဲ့ အင်စတော်လေးရှင်းတွေ ဖန်တီးဖြစ် ခဲ့တယ်။ ဒီခရီးစဉ်ကနေ ကျနော့်ရဲ့ အနုပညာအပေါ် ပိုမိုထဲဝင်နှံ့စပ်ချင်လာတဲ့ စိတ်ကို ဖြစ်စေခဲ့သလို နိုင်ငံတကာမှာ ဘာတွေဖန်တီး နေကြသလဲဆိုတဲ့ ခေတ်အခြေနေ (Trend) ကို လေ့လာနိုင်ခဲ့တယ်” လို့ အောင်မြတ်ဌေးက သူ့ရဲ့ ဖုကုအိုက အတွေ့အကြုံနဲ့ ပတ်သက်ပြီး ဧရာဝတီကို ပြောပြပါတယ်။
ဒီခရီး ပြီးနောက် ၂၀၁၁ ခုနှစ်ထဲမှာ အိန္ဒိယနိုင်ငံက ပါဖောမန့်ပွဲတော်တခု တက်ခဲ့ရတယ်လို့ အောင်မြတ်ဌေးက ဆက်ပြောပါတယ်။ ၁ လနီးပါး ကြာတဲ့ ဒီပွဲတော်ဟာ အိန္ဒိယတောင်ပိုင်းက ဘန်ဂလောဆိုတဲ့ ခေတ်မီတဲ့ အိုင်တီမြို့ တခုမှာ အနုပညာ ဆန်းသစ်သူတွေ စုပေါင်းလုပ်တဲ့ နိုင်ငံတကာ ပွဲတော်တခု လို့ သိရပါတယ်။
သူဟာ ဆွစ်ဇာလန် အဖွဲ့တခုနဲ့ ပါဖောမန့်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ဆွေးနွေးပွဲတွေ အတွေ့အကြုံ ဖလှယ်ပွဲတွေနဲ့ လက်တွေ့ပြုလုပ်မှုတွေ ပေါင်းစပ်ပါဝင်တဲ့ အတွေ့ကြုံကောင်းတွေ ရရှိခဲ့တယ် လို့ ဆိုပါတယ်။ ၂၀၁၂ မှာတော့ ဂျပန်နိုင်ငံ ယိုကိုဟားမားမှာလုပ်တဲ့ ကိုဂနက်ချို အနုပညာပွဲတော်တခုမှာ သွားရောက်ပါဝင် ဖြစ်ခဲ့တယ် လို့ သိရပါတယ်။
“ဒီပွဲလေးကလည်း စိတ်ဝင်စားစရာပဲ။ ယိုကိုဟားမားက သာမန်ရပ်ကွက်လေး တခုဟာ အရင်က လူဆိုး ကြမ်းပိုးတွေ ဒုစရိုက် လုပ်တဲ့ နေရာတခုကနေ မြို့တော်ဝန်၊ ရဲတပ်ဖွဲ့၊ ရပ်မိရပ်ဖနဲ့ အနုပညာရှင်တွေ၊ ပြတိုက်ပညာရှင်တွေ ပူးပေါင်းပြီး အနုပညာနဲ့ အေးချမ်းလှပတဲ့ စိတ်ကူး အတွေးအခေါ်တွေ စုစည်းထားတဲ့ ဧရိယာအဖြစ် ပြောင်းလဲထားတဲ့ အစီစဉ်ပါ” လို့ အောင်မြတ်ဌေးက ပြောပြပါတယ်။
ဆောင်ကြာမြိုင် အခန်းကျဉ်းလေးတွေ၊ ယမကာ လောင်းကစား အိမ်ခန်းလေးကို ပြပွဲခန်းတွေ အဖြစ်၊ ကျယ်ပြောတဲ့ ပြခန်း ဥယျာဉ်သဖွယ် ပြောင်းလဲ လိုက်တာ ဖြစ်ပါတယ်။ အဲဒီမှာ အနုပညာ ဈေးပွဲတော် အဖြစ်လည်း လက်ရာတွေ၊ အမှတ်တရ ပစ္စည်းတွေကို ရောင်းချသလို၊ ကျောင်းသားတွေ၊ အရပ်သားတွေ လေ့လာကြည့်ရှုကြတယ်လို့ သိရပါတယ်။
အဲဒီမှာ နိုင်ငံတကာက အနုပညာရှင်တွေပါ ခေါ်ပြီး လက်ရာတွေ များပြားအောင် ကြံဆောင်တယ်၊ တနှစ်ထက်တနှစ် ဆန်းပြားပြီး စိတ်ဝင်စားဖွယ် အနုပညာအလုပ် အမျိုးမျိုးတွေ လုပ်ကြတယ်လို့ အောင်မြတ်ဌေးက ရှင်းပြပါတယ်။
“ကျနော်ကတော့ အဲဒီမှာ ပြတင်းတံခါးတွေကို သုံးထားတဲ့ အရိပ်အိမ်တခု အင်စတော်လေးရှင်း လုပ်ဖြစ်ခဲ့တယ်” လို့ သူက ဆိုပါတယ်။
အောင်မြတ်ဌေးဟာ ၂၀၁၃ မှာ အေစီစီလို့ခေါ် တဲ့ အာရှယဉ်ကျေးမှုကောင်စီက ပေးတဲ့ အနုပညာရှင်ဆုကို နယူးယောက်ခရီး အတွက် ရရှိခဲ့ပါတယ်။ ၂၀၁၄ မှာ အဲဒီခရီး စတင်ခဲ့ပြီး အခုတော့ အမေရိကန်နိုင်ငံမှာ နှစ်ဝက်ကြာ နေထိုင်ရင်း ခေတ်ပြိုင်အနုပညာ အခြေအနေနဲ့ ပတ်သက်တဲ့ သုတေသနနဲ့ ကိုယ်တိုင် လက်ရာဖန်တီးမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။
“အမေရိကားရဲ့ လက်ရှိသွားနေတဲ့ Trend ဟာ များပြား ကျယ်ပြောလှသလို အနုပညာ ပေါင်းစုံမှာလည်း တီထွင် ဆန်းသစ်မှုကို ရှေးရှုနေတာ နယ်ပယ်တိုင်းမှာ လေ့လာခွင့်ရပါတယ်” လို့ အောင်မြတ်ဌေးက ပြောပါတယ်။
နိုင်ငံတကာ အတွေ့အကြုံတွေ များပြားတဲ့ အနုပညာရှင် တယောက်အနေနဲ့ နိုင်ငံတကာက အနုပညာ ရှင်တွေနဲ့ မြန်မာပြည်က အနုပညာရှင်တွေရဲ့ ခြားနားချက်ကိုလည်း သူက ပြောပြပါသေးတယ်။
“အနုပညာရှင်တွေ ချင်းတော့ စိတ်အရ ကွာခြားတာ မရှိပါဘူး။ မိမိခံစားချက်ကို ဖန်တီးခြယ်မှုန်း ပြချင် ကြတာပါပဲ။ အဓိက ကွာခြားနေတာက အနုပညာတခု ဖန်တီးဖို့ အတွက် စဉ်းစားပုံပါပဲ။ ကျနော်တို့ စဉ်းစားကြတာက အများအားဖြင့် အမှီခိုမကင်းတာ၊ အစွဲမကင်းတာ၊ လုပ်ရိုးလုပ်စဉ် ထုံးစံတွေထဲက မထွက်နိုင်တာလေးတွေ ရှိနေတယ်။ အစဉ်လာ ခေါင်းစဉ်အောက်မှာ ရနေကျ အရသာကိုပဲ စွဲမြဲနှစ်သက် နိုင်ကြတဲ့ သဘောရှိတယ်။ ဒီတော့ အသစ်ကို လက်ခံနိုင်ဖို့ စိတ်မှာ အကန့်အသတ် ဖြစ်နေတယ်။ ဒါဟာ နှစ်သက်သူ အတွက်တော့ အမှန်လို့ ယူဆနိုင် ပါတယ်။အပြင်အဆင် သရုပ်ဖော် အလုပ်တွေကလည်း တနေရာရာအတွက်တော့ အမြဲလိုအပ်နေမှာပါပဲ။ ဒါပေမယ့် တခြားက အနုပညာရှင်တွေနဲ့ ကျနော်တို့ကွာတာက တခြားနိုင်ငံက ဖန်တီးသူတွေဟာ Decorative Art လို့ခေါ်တဲ့ အပြင်အဆင် ပသာဒ အလှချိတ်ပုံတွေ၊ ကားချပ်တွေ ရေးတဲ့ အလုပ်နဲ့ မူလအနုပညာရဲ့ သဘောဖြစ်တဲ့ ချင့်ချိန်မှု အတွေးအခေါ် အယူအဆသစ် ချပြနိုင်တဲ့ အနုပညာ အလုပ် မတူဘူးဆို တာသိပြီး သွားနေကြတာပါပဲ။ ပရိသတ် အတော်များများ ကလည်း ဒါကိုသိကြတယ်။ ဒါကြောင့် အလှချိတ် လက်ရာဟာ သီးသန့်ပါ အားလုံး အနုပညာ ဖြစ်ပေမယ့် ကျနော်တို့က ဒီနှစ်ခုကို မကွဲပြားတာလည်း ပါတယ်။
အရေးအကြီးဆုံး ကတော့ အသုံးချမှုနဲ့ ဆုံးဖြတ် သတ်မှတ်တဲ့ သဘောတွေပဲ။ မြန်မာနဲ့ တခြားနိုင်ငံကို ယှဉ်မကြည့်ဘဲ အမေရိကားလို တနိုင်ငံတည်းနဲ့ ယှဉ်ကြည့်ရင်တောင် ကွဲပြားခြားနားမှုတွေ သိပ်များတယ်။ ဒီတော့ ကိုယ်က ဘာဖြစ် ချင်တာလဲ ဆိုတဲ့ အပေါ်မူတည်ပြီး ကွာခြားချက်ကို ပြောမှ ရနိုင်မယ်” လို့ အောင်မြတ်ဌေးက သူ့အမြင်ကို ပြောပါတယ်။
သူဟာ ရသစာပေ ဖတ်ရှုခြင်းသာ လူတဦးရဲ့ အနုပညာ ဖန်တီးမှုအပေါ် အကျိုးသက်ရောက်မှု ရှိတယ် ဆိုတာကို ယုံကြည်သူ ဖြစ်ပါတယ်။
“စာဖတ်ခြင်းက ပန်းချီရေးတာကိုလည်း အများကြီး ရိုက်ခတ်တယ်။ ဥပမာ – ရန်ကုန်လမ်းကြား မြင်ကွင်းဟာ ဒီအတိုင်း ကြည့်ရင် ကဗျာဆန်တယ် မထင်ရပေမယ့် အာရင်ဘတ်ရေးတဲ့ လူများ၊ သက္ကရာဇ်များ စာအုပ်တွေ ဖတ်အပြီးမှာ သိပ် ကဗျာဆန်မှန်း သိလာပြီး၊ မြင်သလို မှတ်တမ်းတင်ဖြစ် တာမျိုး။ ကျနော်ကိုယ်တိုင် ရသစာပေ မဖန်တီးတတ်ပေမယ့် စာဖတ်တဲ့ အရသာကို ရသစာပေကိုပဲ ပြောတာလို့ ခံယူတယ်။ သုတတွေက လေ့လာမှုပဲ။ ဒါ ကျနော့် ခံယူချက်ပါ။
အခုခေတ်ပြိုင်တွေ လေ့လာတော့ အင်ဖော်မေးရှင်းဟာ အသက်ဖြစ်လာတယ်။ အင်ဖော်မေးရှင်းကို သွားခံစားနေချိန် မရဘူး၊ သိပ်မြန်လို့။ ပြီးတော့ ဒီလို လေ့လာမှုကနေ ဘာတွေ သူများတွေလုပ် ပြီးပြီလဲဆိုတာ သိဖို့ဖြစ်ပြီး ဒါတွေဟာ ထပ်တူလိုက် တုပဖို့ မဟုတ်ဘဲ တခြားသူပေးတဲ့ လူ့ဘဝအတွေ့ အကြုံအဖြစ် ယူဖို့ပဲလို့ ခံယူတယ်” လို့ စာဖတ်ခြင်းရဲ့ အကျိုး သက်ရောက်မှု အပေါ် သူက သုံးသပ်ပြပါတယ်။
အောင်မြတ်ဌေး လေးစားအားကျရတဲ့ ပညာရှင်တွေကို မေးကြည့်ရာမှာတော့ သူက များပြားလွန်းတဲ့အတွက် စုံအောင် ပြောနိုင်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။
“ငယ်ငယ်ကတော့ ဦးဝင်းမောင် (တမ္ပဝတီ) ကို လေးစားတယ်။ ဗုဒ္ဓသမိုင်း သုတေသနတွေ လုပ်နေတာ မြင်ရလို့။ ပန်းချီ ကျောင်းတက်တော့ သင်တဲ့ဆရာတွေနဲ့ မြင်တဲ့ဆရာတွေ လေးစားတယ်။ ဦးဇော်ဝင်း၊ ဦးခင်မောင်စန်း၊ ဦးမာလာ၊ ဦးအောင်ကျော်နဲ့ ညီအစ်ကိုလို ခင်တဲ့ စီနီယာတွေရော ပေါ့။ ရုပ်ပုံပေါ်ရင် ပြီးတာပဲလို့ သိထားတဲ့ ပန်းချီကို သူတို့ ဆီရောက်မှ ခြေခြေမြစ်မြစ် သဘောတရားပိုင်းနဲ့ သိလာရလို့ပါ။
ကျောင်းတက်ရင်းနဲ့ ဆရာပေါ် (ပေါ်ဦးသက်) တို့၊ ဦးဝင်းဖေတို့၊ ဦးခင်မောင်တို့ကိုလည်း လေးစားခဲ့တယ်၊ သူများနဲ့ မတူတဲ့ ပန်းချီပုံစံတွေရေးလို့။ ဒီနောက် တက္ကသိုလ်တက်ဖို့ ရန်ကုန်ရောက်တော့ ဆရာ ဦးစိုးတင့်ကို အရမ်း လေးစားတယ်၊ နေထိုင်ပုံနဲ့ အနုပညာသင်ကြားမှုတွေ သိရလို့။ နောက် သူ့တပည့်တွေ ဖြစ်တဲ့ ဦးမြင့်စံနဲ့ ဆရာအောင်တို့ကို လေးစားတယ်၊ ဆရာရင်းတွေ၊ လူ့သဘော မနောတွေပါ သင်ပေးလို့။
နောက် ကိုခင်ဝမ်း၊ ပန်းချီ အောင်စိုးတို့၊ နောက်တော့ စာအုပ်စာပေကနေ သိလာတဲ့ ပြည်ပပညာရှင်တွေ မိုက်ကယ် အိန်ဂျလို၊ ဒါဗင်ချီတို့ကနေ စေဇန်း၊ မိုနေး၊ ပေါကလီး၊ ပီကာဆို၊ ကန်ဒင်စကီး၊ မားတီးစ်၊ ချာဂေါ၊ ဗင်းဆင့် စတဲ့ ပန်းချီဆရာတွေ ကြိုက်တယ်၊ လေးစားတယ်။ သူတို့ အနုပညာအပေါ် ထားတဲ့စိတ်နဲ့လုပ်ခဲ့တဲ့ အံ့မခန်း လုပ်ဆောင်ခဲ့တာတွေ၊ ဖန်တီးခဲ့တာတွေကို လေးစားတာပါ။
နောက်ပိုင်းခေတ်ကို လေ့လာတော့ ပိုးလော့ခ်၊ ဒီကူးနင်း၊ ဝါးဟိုလ်၊ ဆိုးလီဝစ်၊ ဒန်ဖလက်ဗင် တို့ကို ကြိုက်တယ်။ လက်ခံဆဲ အနုပညာကို တော်လှန်ပြီး အယူဆသစ်တွေ လုပ်ကြလို့ ဒီနေ့ခေတ်မှာ လေးစားရတဲ့ ပညာရှင်တွေ များတယ်၊ သူများတွေကို ဦးနှောက်စားတဲ့ အကျင့်လေး ပေးရင်း မလုပ်ဖူး၊ မတွေ့ဖူး တာတွေ လုပ်ပြလို့ ၊ တဦးချင်း ပြောဖို့ မလွယ်ပါဘူး” လို့ သူလေးစားအားကျရတဲ့ ပညာရှင်တွေအကြောင်း အောင်မြတ်ဌေးက ပြောပြပါတယ်။
အနုပညာမှာ လွတ်လပ်မှု အရေးပါသလို၊ ထိန်းချုပ်မှုလည်း လိုတယ်၊ မိမိခံစားမှု အရေးပါသလို သူများ ခံစားမှုကို လည်း ထည့်တွက်ရမယ်။ လက်ရှိ ပျော်ရွှင်မှု အရေးပါသလို၊ နောင် ဘာဆက် ဖြစ်စေမှာလဲ ဆိုပြီး တွက်ဆဖို့လည်း လိုမယ်´ ဆိုတာ ကတော့ အောင်မြတ်ဌေးရဲ့ အနုပညာ အပေါ် ထားတဲ့ သူ့ရဲ့ အယူအဆ သဘောထား ဖြစ်ပါတယ်။