ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
ကျနော်တို့ နေ့စဉ် စားသုံးမှု ပုံစံတွေထဲမှာ ဆိတ်သား၊ ဆိတ်စွပ်ပြုတ် ဆိုတာဆိုမျိုးလည်း ပါဝင်နေပေမယ့် မြန်မာလူမျိုး အများစုက ဆိတ်သားကို ပိုင်နိုင် ကျွမ်းကျင်စွာ မချက်ပြုတ် တတ်တာကြောင့် ဆိတ်သားနဲ့ ပတ်သက်တဲ့ ဟင်းပွဲတွေကို တချို့ စားသောက်ဆိုင်တွေမှာ ဈေးကြီးပေး သုံးဆောင်တတ်ကြပါတယ် …။
ကျနော်တို့ ရိုးရာနည်း မဟုတ်ပေမယ့် … နည်းပညာတွေကို အလွယ်တကူ လေ့လာဝေမျှ ယူနေကြရတဲ့ ယနေ့ခေတ် ကာလကြီးမှာ ကျနော်တို့ အတွက် ခက်ခဲလွန်းတာမဟုတ်ဘဲ ဘာကြောင့် ဒီအရသာမျိုး ပေးစွမ်းသလဲဆိုတာ … သေချာ လက်တွေ့ လေ့လာကြိုးစားကြမယ်ဆိုရင် ကျနော်တို့ မိသားစု၊ မိတ်ဆွေတွေအတွက် … အရသာထူးတဲ့ ဟင်းပွဲတပွဲ လက်ဆင့်ကမ်းပေး နိုင်မှာကတော့ အသေအချာပါ …။
နီပေါလ် စတိုင် ဆိတ်ခြေထောက်စွပ်ပြုတ် အတွက် ပါဝင်ပစ္စည်း တွေကတော့ …
ဒူးဆစ် အောက်ပိုင်း ဆိတ်ခြေထောက် – ၃ ချောင်း
ကုလားပဲ – လက်တဆုပ်ခန့်
ကြက်သွန်နီကြီးကြီး – ၁ လုံး
ကြက်သွန်ဖြူ – ၄ တက်
ချင်းသေးသေး – ၁ တက်
ခရမ်းချဉ်သီး – ၁ လုံး
ဇီယာစေ့ – ၁/၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
နံနံစေ့ – ၁/၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
စမုံစပါးစေ့ – ၁/၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
လေးညင်းပွင့် – ၃ ပွင့်
ဖာလာစေ့ – ၂ စေ့
သစ်ကြံပိုးခေါက် – ၁ ခု (၂ လက်မအရွယ်)
ကရဝေးရွက် – ၂ ရွက်
ရေ – ၁ လီတာနှင့်အထက်
ဆိတ်ခြေထောက်တွေကို မီးအနည်းငယ်ကင်ပြီး ဓားလေးနဲ့ ခြစ်ထုတ်၊ သန့်စင်အောင် ဆေးကာ ၂ ပိုင်းစီ ပိုင်းပါ (ရိုးတွင်းချဉ်ဆီများ မဆုံးရှုံးရန် ဂရုပြုပါ)။ ကုလားပဲကိုလည်း နူးအောင်ပြုတ်ထားပါ။
ကြက်သွန်နီ၊ ဖြူ၊ ခရမ်းချဉ်သီးတွေကို နုပ်နုပ်စဉ်းပါ။ စမုံစပါးစေ့၊ နံနံစေ့၊ ဇီယာစေ့တွေကို လှော်ပြီး ညက်နေအောင် ထောင်းပါ။
လေးညင်း၊ ဖာလာ၊ သစ်ကြံပိုးတွေကို မီးကင်ပြီး ဓားပြားရိုက်ထားပါ။
ဒယ်အိုးတလုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး ကြက်သွန်နီ၊ ဖြူကို နနွင်းမှုန့် ပါရုံမျှနဲ့ ဆီသတ်ပါ။ အနည်းငယ် နွမ်းလာရင် ခရမ်းချဉ်သီးတွေ ထည့်ပေါင်းပြီး ညက်နေအောင် ထောင်းထားတဲ့ ၃ မျိုး အရောကို ထည့်ပေါင်းဆီသတ်ပါ။ မီးကင်၊ သန့်စင်ထားတဲ့ ဆိတ်ခြေထောက် တွေကို ထည့်ပေါင်းမွှေပြီး လုံးချက် ချက်ပေးပါ။
မီးကင်ပြီး ဓားပြားရိုက်ထားတဲ့ ၃ မျိုးကိုလည်း ထည့်ပါ။ ဆား၊ ပာင်းခတ်မှုန့်တို့နဲ့ အရသာသွင်းပါ။
ကရဝေးရွက်ထည့်၊ ချင်းကိုပါးပါးလှီးထည့်ပြီး ရေ ၁ လီတာဖြည့်စွက်ကာ ပထမတပွက် မဆူခင်အထိ မီးပြင်းပြင်းနဲ့ ပြုတ်ပါ။
အညစ်အကြေးနဲ့ အမြှုပ်တွေကို စစ်ထုတ်ပေးပြီးရင် … မီးကိုလျှော့ချပြီး မီးအေးအေးမှာ အဖုံးပိတ်ပြီး မိနစ် ၃၀ ကနေ ၄၅ မိနစ်အထိ နှပ်ချက်ပေးပါ။
ဆိတ်ခြေထောက်တွေ အတန်ငယ်နူးလာရင် ပြုတ်ပြီးခြေထားတဲ့ ကုလားပဲတွေကို ထည့်ပေါင်းပေးပါ။
ကြက်သွန်နီကြော်လေးနဲ့ နံနံပင်လေးဖြူး၊ ငရုတ်ကောင်းမှုန့်လေး ခပ်ပြီး သုံးဆောင်ပါ။ နံပြားနဲ့ပဲ ဖြစ်ဖြစ်၊ ထမင်းနဲ့ပဲ ဖြစ်ဖြစ် တွဲဖက်စားလို့ အကောင်းဆုံးပေါ့။