Culture

ဆူးလေ ရှန်ဂရီလာက စပ်ရှိန်းရှိန်း စီချွမ်စာ စစ်စစ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံ စီချွမ်နယ်ဟာ အရမ်းကို အေးလွန်းပြီး စိုစွတ်တဲ့ ဒေသတခု ဖြစ်တာကြောင့် ဒီဒေသက အစားအစာ အများစုဟာ စီချွမ်ငရုတ်ကောင်း၊ စီချွမ်ငရုတ်သီးတွေ မပါမပြီးတဲ့ ပူစပ်ပူလောင် ဟင်းပွဲတွေ ဖြစ်နေလေ့ ရှိပါတယ်။ စီချွမ်နယ်ဟာ အစားကောင်း စားလေ့ရှိတဲ့ တရုတ်လူမျိုးတွေ အတွက် အစားကောင်း အသောက်ကောင်းတွေရဲ့ အရင်းအမြစ်လို့လည်း ဆိုလေ့ ရှိကြပါတယ်။

အခုတော့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်က Summer Palace တရုတ်စားသောက်ဆိုင်မှာ ထူးခြားတဲ့ စီချွမ်ရိုးရာ အစားအသောက်တွေနဲ့ မိတ်ဆက်ပေးနေပြီ ဖြစ်ပါတယ်။ စီချွမ် အစားအသောက် ပရိုမိုးရှင်းကာလ ဖြစ်တဲ့ အတွက် အဲဒီ စားသောက် ဆိုင်ကို အလှဆင်ထားတာတောင် စီချွမ်နယ်ထွက် ငရုတ်သီးနီတောင့်ကြီးတွေနဲ့ပါ။

ထူးခြားတာ ကတော့ ပထမဆုံး လာချပေးတဲ့ Appetizer ဖြစ်ပါတယ်။ ၁ လက်မ ပတ်လည်လောက် ရှိတဲ့ ကြက်သားပြားလွှာလေးကို စီချွမ် ငရုတ်ကောင်းနဲ့ စီမံထားတဲ့ ဆော့စ်အစိမ်းရောင် ဆမ်းထားတာ ဖြစ်ပါတယ်။ မျက်စိကို ဖုံးအုပ်ပြီး ဇွန်းထဲ ထည့်ပေးထားတဲ့ အဲဒီဟင်းလျာကို စားကြည့် လိုက်တဲ့ အချိန်မှာ အံ့ဩသွားအောင် စီမံထားပါတယ်။

စီချွမ် အစားအစာတွေဟာ စပ်တယ်၊ ပူတယ် လို့ သိထားပေမယ့် ဒီဟင်းလျာကတော့ သိပ်မစပ်၊ မပူလှဘဲ အရသာ ထူးကဲပါတယ်။ ဒါပေမယ့် နောက်ထပ် Appetizer တမျိုးကို စားချိန်မှာတော့ အရသာဟာ စပ်တာ၊ ပူတာထက် ခပ်ထုံထုံ အရသာတမျိုး ဆိုတာ သတိထားမိပါတယ်။

အဲဒါကတော့ စီချွမ်ရဲ့  နာမည်ကျော်  ငရုတ်ကောင်းကြောင့် ပါပဲ။ Appetizer နောက်တမျိုးမှာတော့ ကြက်သား ပြားကိုပဲ အနီရောင်ဆော့စ် ဆမ်းထားတာပါ။

စီချွမ်ဟင်းပွဲတွေဟာ ပွဲတိုင်းလိုလို ငရုတ် သီးနီတောင့်တွေပါတာ တွေ့ရပါတယ်။ အများစုကတော့ နီရဲနေကြတာပါပဲ။ သိုးကလေး နံရိုးကင် ကလည်း စီချွမ်ငရုတ်ကောင်း၊ ငရုတ်သီး၊ စီချွမ်ထွက် ဟင်းခတ် အမွှေးအကြိုင် တွေနဲ့ စီမံပြီးမှ ကင်ထားတာ ဖြစ်ပါတယ်။ အရသာ နူးညံ့ထူးခြားသလောက် ပူစပ်ပူလောင် ခံစားမှုကိုပါ တပါတည်း ခံစားစေပါတယ်။

တိုဖူး၊ မှိုမျိုးစုံနဲ့ ပြောင်းကော်ရည်ကတော့ အမြင်အားဖြင့် စပ်မယ်လို့ မထင်ရဘဲ သောက်ရင်းနဲ့မှ တဖြည်းဖြည်း လျှာပဲ ထူလာ သလို၊ နှုတ်ခမ်းတွေပဲ ထူလာသလို ခံစားမှုကို ပေးပါတယ်။ အဲဒီ ဟင်းရည်ကို စသောက်ချိန်မှာ ချိုချဉ်ပြုံး အရသာလေးကြောင့် သောက်ကောင်းကောင်းနဲ့ သောက်ရင်း တဖြည်းဖြည်း ပူစပ်ပူလောင် ဖြစ်လာတာပါ။

မှိုမျိုးစုံကို နုပ်နုပ်စဉ်းပြီး တိုဖူးသေးသေးလေးတွေ တုံးထည့် ထားတဲ့ ဟင်းရည်ကတော့ အေးလှတယ် ဆိုတဲ့ စီချွမ် နယ်နဲ့ လိုက်ဖက်မယ့် သဘော ရှိပါတယ်။

နောက်ထပ် ရောက်လာတဲ့ ကြက်သားနဲ့ စီချွမ် ငရုပ်သီးခြောက်၊ ကြက်သွန်မြိတ် တုံးကြီးတွေနဲ့ ကြော်ထားတဲ့ ဟင်းလျာကတော့ ငရုတ်သီးခြောက် ဖတ်ကြီးတွေ ဖယ်စားမယ် ဆိုရင် အစပ်အရသာ မပါသလောက်ပါပဲ။ ကုန်းဘောင်ကြီးကြော် အရသာနဲ့ ဆင်တူပါတယ်။

ကြာစွယ်၊ မှိုစတဲ့ အသီးအရွက်တွေနဲ့ ချက်ပြုတ် ထားတဲ့ ဟင်းရည်ကလည်း မြင်တာနဲ့တင် အတော် လေး စပ်မယ်လို့ ထင်ရပါတယ်။ အမြင်အားဖြင့်တင် အရောင်က အနီရောင် တောက်ပလို့ နေပါတယ်။ တကယ်တမ်း စားကြည့်ရာမှာ လည်း လျှာတွေ၊ နှုတ်ခမ်းတွေ ထူအန်းလာတဲ့ အထိ ပူစပ်ပူလောင် ဖြစ်စေပါတယ်။

စီချွမ်နယ်ဟာ အပူ၊ အစပ် ဟင်းလျာတွေကြောင့် ကြော်ကြားတာတင် မဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ အစားအသောက် တိုင်းဟာ စီချွမ်က မြစ်ဖျားခံလာတာ ဖြစ်လို့ ကျော်ကြားတာ ဖြစ်တဲ့ အကြောင်း၊ ဟင်းပွဲပေါင်း များစွာကို စီချွမ်နယ်က တီထွင် ချက်ပြုတ်ပြီး အစပ်အပူ ဟင်းလျာတွေအပြင် တခြား ဟင်းလျာတွေလည်း နာမည်ကြီးတဲ့ အကြောင်း Summer Palace စားသောက်ဆိုင်က တာဝန်ရှိသူတွေက ဆိုပါတယ်။

အစပ်တွေ အပူတွေနဲ့ အာပူ လျှာထူ နေချိန်မှာ ပုစွန်ကော်ပြန့်ကြော်ရဲ့ ချိုမွှေးကြွပ်ရွမှုနဲ့ ပင်လယ်စာ ဒင်မ်ဆမ်းတွေ ကြောင့် အစပ်ပြေစေ ပါတယ်။ ဒါကြောင့်လည်း နောက်ထပ် ရောက်လာတဲ့ ကဏန်းဟင်းပွဲဆီ လက်လှမ်းနိုင်တာ ပါ။ သူကတော့ ထုံးစံအတိုင်း ပူစပ်ပူလောင်ပါပဲ။ နောက်ထပ် ချလာတဲ့ဟင်းပွဲကတော့ Dan Dan လို့ အမည်ရတဲ့ စီချွမ် ခေါက်ဆွဲသုပ်ပဲ ဖြစ်ပါတယ်။ အစိမ်းရောင် ဆော့စ်နဲ့ အတူ စီချွမ် ငရုတ်ကောင်းနဲ့ စီမံထားတဲ့ ဟင်းလျာပဲ ဖြစ်ပါတယ်။

ဒီ စားသောက်ဆိုင်မှာ စီချွမ်စာတွေ ချက်ပြုတ်တဲ့ ဧည့်စားဖိုမှူး Zhan Zhou  ဟာ စီချွမ်နယ်မှာပဲ မွေးဖွား ကြီးပြင်းသူ ဖြစ်ပြီး သူ့ကို ဆူးလေ-ရှန်ဂရီလာက စီချွမ်စာ ပရိုမိုးရှင်း ကာလအတွက် သီးခြား ဖိတ်ခေါ်ထားတာ ဖြစ်ကြောင်း သိရ ပါတယ်။ သူဟာ Sichuan Tourism တက္ကသိုလ်က Chinese Cuisine အဓိက ဘာသာရပ်နဲ့ ဘွဲ့ရခဲ့တာပါ။ တရုတ်နိုင်ငံ ရှန်ဟိုင်းနဲ့ ချန်ဒူးမြို့တွေမှာ စီချွမ်အစား အသောက်တွေ ၅ နှစ်တာ ချက်ပြုတ် ပြင်ဆင်ခဲ့တဲ့ အတွေ့အကြုံနဲ့ နာမည်ရနေသူလည်း ဖြစ်ပါတယ်။

စီချွမ် ဟင်းလျာတိုင်းမှာ မပါမဖြစ် ပါဝင်တဲ့ ဟင်းခတ်အမွှေး အကြိုင်ကတော့ ပဲနက်ရည်လို့ ခေါ်ရမယ့် ပဲငံပြာရည်ပါလို့ စားဖိုမှူးက ပြောပါတယ်။

ဆူးလေ-ရှန်ဂရီလာမှာ နေ့စဉ် နေ့လယ်စာ အတွက် နံနက် ၁၁ နာရီကနေ နေ့လယ် ၂ နာရီခွဲ အထိ၊ ညစာအတွက် ညနေ ၅ နာရီခွဲကနေ ည ၁၀ နာရီအထိ ဖွင့်လှစ်တဲ့ Summer Palace တရုတ်စား သောက်ဆိုင်ရဲ့ စီချွမ် ပရိုမိုးရှင်း ကာလမှာ တခြားအချိန်တွေမှာ မရနိုင်တဲ့ စီချွမ် အစားအစာတွေ ရရှိမယ်လို့ သိရပါတယ်။ ဟင်းပွဲတွေရဲ့ ဈေးနှုန်းတွေ ကတော့ ၇ ဒေါ်လာကနေ ၅၃ ဒေါ်လာ အတွင်း အသီးသီး ရှိပါတယ်။

စီချွမ်နယ်က မိန်းကလေးတွေရဲ့ ပါးပြင်လေး တွေပါ ပန်းသွေးရောင် အမြဲတမ်းသမ်းနေပြီး ကျန်းမာ သန်စွမ်းနေရခြင်း အကြောင်းရင်းက ပူစပ်တဲ့ ဟင်းလျာတွေ စားသုံးပြီးတဲ့ နောက် စီချွမ်လက်ဖက်ရည် ကြမ်းကို အမြဲတမ်း သုံးဆောင်လို့ ဖြစ်တယ်လို့ စီချွမ် စားဖိုမှူးက ဆိုပါသေးတယ်။

အပူအစပ် ဟင်းပွဲတွေကြောင့် ထူအန်းနေတဲ့ လျှာတွေ နှုတ်ခမ်းတွေကို စီချွမ်လက်ဖက်ရည်ကြမ်းနဲ့ ဖြေဖျောက်လို့ အားမရဘူး ဆိုရင်တော့ စီချွမ်အချိုပွဲ ရှိပါသေးတယ်။ ကျောက်ပွင့်ဖြူကြီးတွေကို သစ်တော်သီး၊ သကြားတို့နဲ့ ပြုတ်ထားတဲ့ အချိုပွဲဟာ အမြင်အားဖြင့် ထူးဆန်းသလို ရှေ့မှာ ပူထား၊ စပ်ထားသမျှ တွေလည်း ပြေပျောက်သွား စေမှာပါ။ တရုတ်ပြည်ရဲ့ နာမည်ကျော် စီချွမ်နယ်ထွက် စစ်စစ် အစားအသောက်တွေနဲ့  မိတ်ဆက် ချင်ရင်ဖြင့်  ဆူးလေ-ရှန်ဂရီလာ ဒုတိယထပ်က Summer Palace စားသောက်ဆိုင်ကို သွားနိုင်ပါကြောင်း ညွှန်းချင်ပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading