ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
ကျနော်တို့ မြန်မာအခေါ် ကညွတ် (Asparagus) ကို အရင်က ပေါများစွာ တွေ့ရလေ့မရှိသလို ကြော်စားတာက လွဲလို့ အာဟာရ ပြည့်ဝတဲ့ နည်းလမ်းကို အသုံးပြုပြီး ချက်ပြုတ်စားသုံးကြဖို့မလေ့လာ မိကြပါဘူး …။
အခုအချိန်မှာ ကညွတ်ကို လွယ်လင့်တကူ ပေါများစွာ ဝယ်ယူရရှိနိုင်သလို၊ ဈေးနှုန်းလည်း သင့်တင့်တာကြောင့် ကညွတ်ကို ပုံမှန် စားသုံးပေးခြင်း အားဖြင့် သင်နဲ့ သင့်မိသားစု ကျန်းမာရေးကို များစွာ အထောက်အကူ ဖြစ်စေပါတယ် …။
ကျနော်တို့ မြန်မာတွေ ချက်စားလေ့မရှိတဲ့ ပာင်းရည် ချက်နည်း ဖြစ်ပါတယ်။ အသက်အရွယ် ကြီးသူများ၊ နာမကျန်း ဖြစ်နေသူများနဲ့ ကလေးငယ်တွေ အတွက် လုံလောက်တဲ့ အာဟာရ ဖြည့်တင်း ပေးစေနိုင်တဲ့ … ဒီချက်နည်းတွေနဲ့ ပတ်သက်လို့တော့ တရုတ်၊ ဂျပန်နဲ့ အနောက်တိုင်း နည်းတွေကို အတုယူသင့်ပါတယ် …။
အနောက်တိုင်းစတိုင် ကညွတ် ဟင်းချို (Asparagus Cream Soup)
ကညွတ် – ၁/၂ ကီလို (နုသောအပိုင်းများသာ)
အာလူး – ၁ လုံး
ကြက်သွန်နီ – ၁ လုံး
ကြက်သွန်ဖြူ – ၃ တက်
ကြက်ပြုတ်ရည် – လီတာဝက်ခန့်
ထောပတ် – ၂ ဇွန်း (ထမင်းစားဇွန်း)
ဂျုံနုမှုန့် – ၁ ဇွန်း (ထမင်းစားဇွန်း)
Heavy Cream – ၁ /၂ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
Parsley – ၁ ဇွန်း (နုတ်နုတ်စင်း)
Fresh Thyme (အနောက်တိုင်းသုံး ပာင်းခတ်အမွှေးအကြိုင်) – အလှဆင်ရန်
သံပုရာသီး – ၁ လုံး
ကညွတ်တွေရဲ့ ထိပ်ပိုင်း အဖူးလေးတွေကို သီးသန့် ဖယ်ရှားထားပြီး ကျန် အပိုင်းတွေကို မထူမပါး အရွယ်တော်လေးများ လှီးဖြတ်ပါ …။
အားလူးကိုလည်း အခွံနွှာပြီး အတုံးသေးသေး လေးများ ရအောင်ပိုင်းပါ …။
စတီးအိုး တလုံးမှာ ထောပတ် ၁ ဇွန်းကို အပူပေးပြီး ကြက်သွန်နီကို အရင်ဆီသတ်ပါ။ ကြက်သွန်နီ နွမ်းလာရင် ကြက်သွန်ဖြူ ထည့်ပေါင်းပြီး ကညွတ်နဲ့ အားလူးတို့ ကိုလည်း ထည့်ပေါင်း ဆီသတ်ပါ …။
ကြက်ပြုတ်ရည် ဖြည့်စွက်ပြီး ဆား၊ ငရုတ်ကောင်းမှုန့် တို့နဲ့ အရသာ သွင်းပါ။ အားလုံး နူးအိသွားပြီဆိုရင် ကြိတ်စက်မှာ ထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ။
ထိုစဉ်အတွင်း သီးသန့် အိုးတလုံးမှာ ဆား၊ ဆီ အနည်းငယ် ထည့်ထားတဲ့ ရေနွေး ဆူဆူမှာ ကညွတ်ဖူးလေးတွေကို ဖျော၊ ရေခဲရေ စိမ်ပြီး ပြန်လည် စစ်ယူထားပါ။
ပြီးရင်တော့ အိုးတလုံးမှာ ကျန်ရှိသေးတဲ့ ထောပတ် တဇွန်းကို အပူပေးပြီး နုတ်နုတ် စဉ်းထားတဲ့ ကြက်သွန်နီကို ဆီသတ်ကာ ကြိတ်ထားတဲ့ ကညွတ်နဲ့ အာလူးအရောကို ထည့်ပါ။
လိုအပ်ရင် ရေ ၁ ခွက် (လက်ဖက်ရည်ပန်းကန်) ကို ပေါင်းထည့်ပြီး ဆူအောင် အပူပေးပါ။ အရသာ အတွက် ဆား၊ ငရုတ်ကောင်း တို့နဲ့ ဖြည့်စွက်ပါ။
ဟင်းရည် အနည်းငယ် စေးပျစ်လာစေဖို့ အတွက် ဂျုံနုမှုန့်ကို အရည်ဖျော် လောင်း ထည့်ပြီး ဖြည်းဖြည်း မွှေပေးပါ။
နောက်ဆုံးမှာ Heavy Cream ကို လောင်းထည့်ပြီး အဆက်မပြတ် မွှေပေးပါ။
တည်ခင်းမယ့် ပန်းကန်ထဲ ခပ်ထည့်ပြီး Cream ၊ Fresh Thyme အညွန့်၊ ရေနွေးဖျောထားတဲ့ ကညွတ် အဖူးလေးတွေနဲ့ အလှဆင် တည်ခင်းဧည့်ခံ နိုင်ပါပြီ။