ပန်းချီကား အတုနှင့် အစစ် နှိုင်းယှဉ်ပြထားသည့် ပုံ (၄) ပုံ
“ပန်းချီလောကမှာ ဦးခင်မောင်ရင် ပန်းချီကား အတုတွေ အများကြီး ပေါ်နေတယ်” ဟု Peace ပြခန်း ပဲ့ကိုင်ရှင် ကိုတင်မောင်လွင်က တရက်တွင် ဖုန်းဆက် ပြောလာသည်။ ရုတ်တရက် အံ့သြသွားရသည်။ ရွှေအတု၊ ငွေအတု စသဖြင့် အတု အများအပြား ရှိနေသည်ကို သိရှိခဲ့သော်လည်း လုံး၀ မအံ့သြမိခဲ့။ ယခု ပန်းချီကား အတုတွေ အကြောင်း သိရသည့် အခါ အံ့သြမှုနှင့် အတူ စိတ်မကောင်း ဖြစ်မိသည်။
အလွန် တိုက်ဆိုင်စွာပင် ထိုနေ့ ညနေ၌ ထိုင်းနိုင်ငံတွင် ပန်းချီပြခန်းဖွင့် လုပ်ကိုင်နေသော မိတ်ဆွေ တယောက် ကလည်း သူ့မိတ်ဆွေ နိုင်ငံခြားသား တချို့ မြန်မာပြည်မှ ဝယ်လာသည့် ပန်းချီကားများ ထဲတွင် ဆရာဦးခင်မောင်ရင် ပန်းချီကား အတုတချို့ တွေ့လိုက်ရကြောင်း၊ အဆိုပါ နိုင်ငံခြားသားမှာ ရိုးသားစွာ ရောင့်ရဲနေထိုင်သည့် မြန်မာ့ ပန်းချီဆရာ ဦးခင်မောင်ရင်အား ကိုယ်တိုင်လည်း တွေ့ဆုံဖူး သလို အလွန်လည်း လေးစားကြောင်း၊ ဦးခင်မောင်ရင်၏ ပန်းချီကားများကို အလျဉ်းသင့် သလို ဝယ်ယူ အားပေးကြောင်း၊ စုဆောင်းထားကြောင်း၊ ယခုလည်း ဆရာ ဦးခင်မောင်ရင်၏ ပန်းချီကား တချို့ကို မြန်မာနိုင်ငံမှ ၎င်း၏ အသိ ဂယ်လာရီ တခုမှ ဝယ်ယူခဲ့ရာမှ ပန်းချီကား အတုများ ပါလာရခြင်း ဖြစ်ကြောင်း အွန်လိုင်းတွင် တွေ့ဆုံစဉ် ပြောပါသည်။
“အူမ တောင့်မှ သီလ စောင့်နိုင်မည်´ ဟူသည့် စကားဖြင့် အတုလုပ်သူတွေဘက်မှ အကာအကွယ်ယူ စဉ်းစားကြည့် သည်။ သို့သော် စစ်မှန်သည့် အနုပညာ ဖန်တီးမှုဟူသည် `လူသားတာဝန် အရေး ၃ ပါးဖြစ်သည့် စား ဝတ် နေ”အရေး များဖြင့် ကင်းပနေမြဲ ဖြစ်ပြီး၊ ယင်း အရေးများ အတွက် အနုပညာ ဖန်တီးနေခြင်းသည် အနုပညာဟု ထင်ယောင်မှား နေသည့် အတုအယောင် မျှသာ ဖြစ်ကြောင်း ပညာရှင်တို့က မိန့်ဆို၏။
အနုပညာရှင်ကြီးများသည် မိမိတို့၏ စိတ်၊ မိမိတို့၏ ခံစားမှု၊ မိမိတို့၏ ဖန်တီးမှုနှင့် မိမိတို့၏အနုပညာကို အရင်းအတိုင်း အမှန်အတိုင်း ပေးအပ်ခဲ့သည်။ ပေးဆပ်ခဲ့သည်။ ထိုသို့သော သန့်စင်သည့် အနုပညာ လက်ရာများကို အနုပညာ သစ္စာမဲ့စွာ၊ အနုပညာ သိက္ခာမဲ့စွာ အတုရေးဆွဲ ရောင်းချ၍ ကိုယ်ကျိုးရှာနေသူများအား အနုပညာ အသိုင်းအဝိုင်းနဲ့ အနုပညာ မြတ်နိုးသူများ မည်သို့ သဘော ထားကြမည် နည်း။
ကိုပြည့်ဝေ၊ နဝဒေးသာလာဂယ်လာရီက “နိုင်ငံခြားသားတွေကစ အဲဒီမေးခွန်း မေးလာလို့ ပိုပြီး မကောင်းဖြစ်ရပါ တယ်။ အဲဒီအပေါ် ဘယ်လို သဘောထားလဲ ဆိုတော့ အနုပညာလောက အတွက် ဘယ်လိုလုပ် ကောင်းမှာလဲဗျာ။ မူပိုင် အနုပညာရှင်ကို စော်ကားရာလည်း ရောက်ပါတယ်”ဟု ပြောသည်။
ပန်းချီဆရာ ဖေညွန့်ဝေက “ဦးခင်မောင်ရင်ရဲ့ စေတနာကို နားမလည်ကြဘူး။ အလွဲသုံးစား လုပ်ကြတာပဲ။ အားလုံးရ စေချင်လို့ ရှိစေချင်လို့ ထားခဲ့တာပါ။ ဒါကိုမှ မတော်လောဘ တက်ပြီး အတုလုပ်ကြတာတွေဟာ ရာဇဝတ်မှုပဲ။ သိလို့ လုပ်တာ ဖြစ်စေ၊ မသိလို့ လုပ်တာ ဖြစ်စေ ပေါ့။ ကျနော်တို့ ဆီမှာ ဒါမျိုးကိစ္စကို တိတိကျကျ ကိုင်တွယ်တာ မရှိသေးဘူး”ဟု ပြောသည်။
ရန်ကုန် ပန်းချီပန်းပုကျောင်းအုပ်ကြီး ဦးအောင်စည်သူလှိုင်က “ပန်းချီကား ဝယ်စုတဲ့ သူတွေ မယုံမကြည် ဖြစ်သွားရင် သက်ရှိ ထင်ရှား ပန်းချီဆရာက ကိုယ်တိုင် ရှင်းလို့ရပေမယ့် အခုလို ကွယ်လွန်သွားပြီ ဖြစ်တဲ့ပန်ချီဆရာကြီးတွေက ရှင်း မပြနိုင်တော့ဘူး လေ။ သူ့ အနုပညာနဲ့ သူ့သိက္ခာကို တနည်းတဖုံ ထိခိုက်စေတယ် လို့ မြင်တယ်။ လုံးဝ မလုပ်သင့်ဘူး လို့ ထင်ပါတယ်”ဟု ပြောသည်။
“ဆရာကြီး ရှိစဉ် ကတောင် ဒါက ဆရာ့ကားလား သွားမေးတဲ့သူ ရှိတယ်လို့ ကြားဖူးတယ်။ ဆရာကြီးက ဒေါပွပြီး၊ အကြောက်အကန် ငြင်းတယ်တဲ့။ ဒီလို အတုလုပ်တာဟာ ဘယ်ဘက်က ကြည့်ကြည့်၊ ဘယ်လိုမှ မကောင်းနိုင်ပါဘူး၊ မြန်မာပြည် ပန်းချီ အသိုင်းအဝိုင်း အတွက်ရော၊ ဆရာကြီးကို တန်ဖိုးထား ချစ်မြနိုးသူတွေ အတွက်ရော၊ ပန်းချီကားတွေ ဝယ်စုထားသူတွေ အတွက်ရောပဲ။ အတုလုပ်သူ ဘက်ကလည်း ငွေတမျက်နှာ အတွက်နဲ့ လုပ်တဲ့ အတွက် ဘယ်ကောင်းနိုင်ပါ့မလဲ။ သူ့ဂုဏ်သိက္ခာက အဖတ်ဆယ် မရအောင် ဖြစ်တော့မှာပေါ့”ဟု ပန်းချီဆရာ အောင်ကြည်စိုးက ပြောပြသည်။
`လွပ်လပ် သန့်ရှင်းမှုကို အသုံးချ တာပါ။ ဖါးတပိုင်း ငါးတပိုင်း ပုံပြင်လို အချိန်တန်တော့လည်း ပြီးသွားမှာပါ။ ပိုက်ဆံတောင် အတုလုပ်တာ၊ ပန်းချီကား အတုလည်း ရှိမှာပဲ။ သူတို့ မသိတာက အဝိဇ္ဇာ ကပ်နေလို့ပဲ´ ဟု ပန်းချီ ဆရာရှိန်က ပြောသည်။
ပန်းချီဆရာ ဝင်းတင့်က -`လူ့ဘဝက တိုတိုလေး၊ ဝန်းကျင်ဆိုတာ ကျဉ်းကျဉ်းလေး၊ စုတ်တံနဲ့ ဆေးတို့ ကိုင်ခွင့် ရနေမှတော့ ကိုယ့်ပန်းချီကား ကိုယ်ရေးတာ အကောင်းဆုံးပါဘဲလေ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီးတွေကို လေးစားရင်၊ ဝယ်ယူစုဆောင်းသူတွေကို တန်ဘိုးထား ချစ်ခင်ရင် အတု မလုပ်ကောင်းဘူး လို့ပဲ ဆိုပါရစေ´ ဟု ဆိုသည်။
`အတု ဆိုတာက ကမ္ဘာပေါ်က တစ္ဆေတကောင်ပဲ။ ဗင်ဂိုးလည်း အတုပေါ်သလို၊ ပေါ်ဦးသက်လည်း အတု ထိတာပဲ။ မကောင်းဘူး ဆိုတာ ၁၀၀ ရာခိုင်နှုန်း ထောက်ခံတယ်။ အတုကို ပန်းချီဆရာတွေပဲ ဆွဲတတ်တာ ဆိုတော့ အနုပညာကို တန်ဖိုး မထားတတ်တဲ့ စိတ်တွေ ပေါ့ဗျာ။ သူခိုးကတော့ ဆက်လုပ်မှာပဲ။ ပန်းချီကား ဝယ်သူတွေကလည်း ခပ်ထုံထုံတွေ မဟုတ်နိုင်ပါဘူးလေ၊ သိသွားကြမှာပါ။ သိရင်တော့ လက်ရှောင်ကြမှာပါ။ ကင်းအောင် နေကြမှာပါ။ ဆရာ ခင်မောင်ရင်ကတော့ သူ့အဆင့်နဲ့သူ ဂုဏ်ယူနေရမှာပါ´ ဟု ကာတွန်းဆရာ မိုးထက်မိုးက သုံးသပ်သည်။
မန္တလေးက လူငယ်ပန်းချီဆရာ ဝေမင်းအေး (ဦးဇင်းအရှင်ဓမ္မနန္ဒ)က သူ့အမြင်ကို ပြောသည်။ `ဆရာ ဦးခင်မောင်ရင်ဟာ ငွေနောက်ကို လုံးဝ မလိုက်ဘူး ဆိုတာ အထူးယုံတယ်။ ပန်းချီရေးတဲ့အခါ ဦးခင်မောင်ရင် လျှောက်လုပ်နေတာလို့ လူပေါ့တွေက ထင်ကြတယ်။ ဆရာကြီးရဲ့ ပန်းချီလက်ရာတွေကို အလေးအနက် ကြည့်ရှုခံစားဖူးသူတွေက အတုအစစ် ခွဲနိုင်ပါတယ်။ အတုလုပ်သူတွေကို ပြောချင်ပါတယ်၊ ဆရာခင်မောင်ရင်ဟာ ပန်းချီကို တကယ့် ချစ်မြတ်နိုးစိတ်နဲ့ ရေးဆွဲ သွားသူပါ။ မလုပ်အပ် မလုပ်ကောင်းတဲ့ အလုပ်ကို မလုပ်ကြပါနဲ့။ မရိုးသားတဲ့ လက်နှစ်ချောင်းနဲ့ ရှာခဲ့တဲ့ ငွေကြောင့် လက်ချောင်းပေါင်းများစွာက တမလွန်အထိ ခင်ဗျားတိုကို ထိုးနေလိမ့်မယ် ဆိုတာ ကျုပ်ယုံကြည်တယ်´
ပန်းချီဆရာမ နေဇာအောင်ကလည်း ` ဆရာကြီးက မရှိတော့လို့ မသိနိုင်တော့ဘူးပေါ့။ ပန်းချီကား အတုတွေ ပြန်လုပ်၊ ဆရာကြီး လက်မှတ်ထိုးပြီး လိမ်စား ရောင်းစားတာတော့ မလုပ်သင့်ဘူး လို့ ကျမထင်တယ် ´ ဟု ပြောသည်။
ဦးခင်မောင်ရင်နှင့် ခေတ်ပြိုင် ပန်းချီဆရာ တဦးဖြစ်သည့် ပန်းချီဆရာဦးဝင်းဖေက `ပန်းချီကား အတုရေးပြီး နှပ်ချတာ တွေက ကမ္ဘာမှာရော၊ မြန်မာမှာပါ ရှိနေပါတယ်။ ခင်မောင်ရင် လက်ရာက ရိုးရိုးရှင်းရှင်း ရေးတာ ဆိုတော့ သူ့ကို တုပပြီး ရေးရတာ လွယ်တယ်။ လက်မှတ်ကလည်း ခပ်သော့သော့လေး ရေးလိုက်တာ ဆိုတော့ လိုက်တုကြတာ ဖြစ်မယ်။ ဘာပဲ ဖြစ်ဖြစ် ပန်းချီကား အတုလုပ်တာဟာ ကမ္ဘာမှာရော မြန်မာမှာပါ ဘယ်လိုပဲ ရှည်ကြာ ရှည်ကြာ၊ ဒီလို လုပ်တာဟာ ညစ်တာက ညစ်တာပဲ၊ အကျင့်မကောင်းတာက မကောင်းတာပဲ။ စိတ်မကောင်းဘူးပေါ့ဗျာ´
ပန်းချီကား အတုပြုလုပ် ကိုယ်ကျိုးရှာနေခြင်းနှင့် ပတ်သက်၍ ပန်းချီနဲ့ ဆက်စပ်နေတဲ့ အနုပညာ အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တချို့၏ အမြင်နှင့် သဘောထားများ ဖြစ်ပါသည်။ အလျဉ်းသင့်ပါက အခြား အနုပညာရှင်များ၊ ပညာရှင်များ၏ ထင်မြင်ချက်နှင့် သဘောထားများကို မေးမြန်း တင်ပြပါဦးမည်။
နိုင်ငံတကာတွင်လည်း ပန်းချီကား အတုပြုလုပ် ရောင်းချခြင်းများ ရှိပါသည်။ သို့သော် ရည်ရွယ်ချက် အလွန်ကွာခြား သည်။ ကမ္ဘာကျော် ပန်းချီဆရာကြီးတဦး၏ (ဥပမာ ဗင်းဆင့်ဗန်ဂိုး) ပန်းချီကား အစစ်ကို အမြတ်တနိုး ဝယ်ယူရန် ငွေကြေး မတတ်နိုင်သူများ အတွက် အတုပြုလုပ်၍ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်း ဖြစ်သည်။ ထိုသို့ အတုပြုလုပ် ပေးသူများသည်လည်း သက်ဆိုင်ရာ မူပိုင်ခွင့် အပါအဝင် ပေးဆောင်ရမည့် အခွန်အခများ ပေးဆောင် သည့် အပြင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် အညီလုပ်ကိုင်ကြရသည်ဟု သိရပါသည်။ မည်သည့် ပန်းချီကားကို အကြိမ်ရေ မည်မျှကူးယူ ရေးဆွဲပေးရကြောင်း အတိအကျ သိနိုင်သည် ဟု ဆိုပါသည်။ ထို့ကြောင့် မူရင်းနှင့် အတု ပြဿနာ၊ တန်ဖိုး သတ်မှတ်မှုပြဿနာများ မရှိတော့ပါ။
ယခုမူ အတု အစစ် ပြဿနာ၊ တန်ဖိုးသတ်မှတ်မှု ပြဿနာများကြောင့် ပန်းချီကား အမြတ်တနိုး ဝယ်ယူစုဆောင်းသူများ၊ ပြခန်းပိုင်ရှင်များ အနေဖြင့် လက်တွန့်သွားကြပေပြီ၊ လက်ရှောင်သွားကြပေပြီ။
သုဝဏ္ဏဘုမ္မိ ဂယ်လာရီ ပိုင်ရှင် မမာမာက -`ကျမ ပြောနိုင်တာက ဆရာရဲ့ line နဲ့ brush stokes မဟုတ်ဘူး ဆိုတာပဲ။ Line ကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဆရာ့ကားတွေနဲ့ ရင်းနှီးကျွမ်းဝင်သူတိုင်း သိနိုင်ပါတယ်။ တခါတလေ ဆရာကိုယ်တိုင် လည်း ပန်းချီကား တချို့ကို ထပ်တလဲလဲ ရေးခဲ့ဖူးတာတွေ ရှိပါတယ်။ ခုကားတွေ ကတော့ ဆရာရေးတာ မဟုတ်တာ သေချာပါတယ်။ ပညာရှင်တချို့နဲ့လည်း တွေ့ဆုံမေးမြန်း စေချင်ပါတယ်´ လို့ ပြောပါတယ်။
Peace ပြခန်း ပိုင်ရှင် ကိုတင်မောင်လွင် ယူဆတာက – `အနုပညာအလုပ်က ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေပါတယ်။ ယုံကြည် စိတ်ချရမှုနဲ့လည်း ဆက်စပ်နေပါတယ်။ သက်ရှိ ထင်ရှား ပန်းချီဆရာ ဆိုရင်တော့ ပြောစရာ သိပ်မလိုဘူး ပေါ့။ အခုလို ကိစ္စမှာတော့ ရောင်းတဲ့ သူက တာဝန်ခံဖို့ လိုမယ်၊ ပြခန်းက တာဝန်ခံဖို့ လိုမယ်။ ကျနော် သိတဲ့ နိုင်ငံခြား ဂယ်လာရီတွေဆို သူတို့က တာဝန် အပြည့်အ၀ ယူတယ်။ တာဝန်ယူ တာဝန်ခံတော့ အနုပညာ တန်ဖိုးလည်း ပိုမြင့် လာတာပေါ့´ ဟု ပြောသည်။
မြန်မာ့ မော်ဒန်ပန်းချီလောက၏ ဒုတိယမျိုးဆက် ၃ ဦး တွင် တဦးအပါအဝင်ဖြစ်သည့် ပန်းချီဆရာဦးခင်မောင်ရင်ကို ၁၉၃၈ ခုနှစ်တွင် မွေးဖွားသည်။ မော်ဒန်ပန်းချီကို ဦးဆောင်ခဲ့သည့် ပထမမျိုးဆက်မှာ ဦးခင်မောင် (ဘဏ်)၊ ဗဂျီအောင်စိုးတို့ ဖြစ်ပြီး၊ ဒုတိယ မျိုးဆက် ဦးဆောင်သူများမှာ ပေါ်ဦးသက်၊ ဝင်းဖေနှင့် ခင်မောင်ရင်တို့ ဖြစ်သည်။
ခင်မောင်ရင်သည် ရန်ကုန်တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားတွင် နှစ်အနည်းငယ် ကြာ သွားရောက်လုပ်ကိုင်ခဲ့သည်။ ထို့နော် ၁၉၆၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စ၍ ရာသက်ပန် ပန်းချီဆရာ အဖြစ် လုပ်ကိုင် နေထိုင်သွားခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန် ၁၀ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
မြန်မာ့ပန်းချီလောက၏ ဒုတိယ မျိုးဆက်၌ ဦးဆောင်ပါဝင်ခဲ့သော အထင်ကရ ပညာရှင်တဦး၏ ပန်းချီ လက်ရာများကို အတု ရေးဆွဲသည့် အနုပညာ သိက္ခာမဲ့သူ၊ သစ္စာမဲ့သူ တဦးတယောက် တသင်းတဖွဲ့ကြောင့် မြန်မာ့ အနုပညာ တလှေလုံး မပုပ်စေသင့်ပါ။ တန်ဖိုး မမဲ့စေသင့်ပါ။ ထိုသို့သော သိက္ခာမဲ့၊ သစ္စာမဲ့သူများကို အနုပညာ အသိုင်းအဝိုင်းမှ အနုပညာမြတ်နိုး သူတိုင်းက ဝိုင်းကြဉ်ဖို့ လိုပြီ၊ ဝိုင်းနှင်ဖို့ လိုပြီ ဖြစ်ပါကြောင်း။ ။