Culture

ဖန်မီးအိမ် ကဗျာဆရာကြီး ပြောသော ထောင်ပုံပြင်

This article has been converted from Zawgyi One to Unicode

ကဗျာဆရာကြီး တင်မိုး နှင့်အတူ နံနက်တိုင်း လမ်းလျှောက်နေကြ။

ဖန်မီးအိမ် ကဗျာဆရာကြီး၏ အိမ်ဘေး အမြဲစီးဆင်းနေသော ကသွယ်ချောင်းလေးသည် ကွေ့ဝိုက်ပြီး အင်းစိန်ထောင် ရှေ့ဘက်ဖြတ်၍ လှိုင်မြစ် တွင်းသို့ စီးဆင်းနေသည်။

ကဗျာဆရာကြီးသည် ထို ထောင်ဘေးသို့ လမ်းလျှောက်ထွက်ရင်း ထောင်ထဲတွင် မည်ကဲ့သို့ နေကြသည်ကို စူးစမ်းခဲ့ဖူးသည်။

ကဗျာဆရာကြီး တက္ကသိုလ် ဘာသာပြန်ဌာနတွင် အလုပ်လုပ်နေစဉ် ကလေးများကို စာသင်ပေးခြင်းကြောင့် အလုပ်မှ ရပ်စဲခြင်း လည်း ခံရဖူးသည်။

ပေဖူးလွှာ စာပေ မဂ္ဂဇင်း ရပ်စဲခံရခြင်းကို ပြန်လည်ရှင်သန်ရန် ကြိုးပမ်းရင်း စစ်အစိုးရ လက်ထက် ၁၉၉၁ ခုတွင် ကဗျာဆရာကြီး ထောင်ကျခံရသည်။

ကဗျာဆရာကြီး ထောင်ထဲတွင် မည်ကဲ့သို့ နေသည်ကို ကျနော်ကမေးရာ သူက အခန်းကျဉ်းထဲတွင် လူ ၃၀ ခန့်နှင့် နေရသည်ဟု ပြန် ပြောပြသည်။

ပြီးတော့ ထောင်ထဲတွင် ဘိုးတော်ဟိန်းဆိုသူနှင့် တွေ့ခဲ့ကြောင်းလည်း ပြောပြသေးသည်။ ထိုဘိုးတော်မှာ ဘုရားထီးတင်ရာတွင် လူ ၅ ဦးထက် ပိုစုဝေးမိသဖြင့် ထောင်ချခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ဘိုးတော်က ကဗျာဆရာကြီးထက် သာသည်မှာ ဘောလ်ပင်ကိုင်ပြီး စာရေးခွင့်ရသည်။ စာရွက်လေးများတွင် ဘာစာရေးသည် ကိုတော့ မသိ။ တွေးတောလိုက် ရေးလိုက် လုပ်နေသည်ကို ကဗျာဆရာကြီးမြင်လျှင် နတ်ရှင်နောင်လိုလို ဘာလိုလို ထင်မိပြီး ကဗျာဆရာကြီးက ငေးမောကြည့်နေရသည်ဟု ဆိုသည်။

ထောင်ထဲတွင် ဆယ်တောင်ပြည့် ဘုရားတည်ထားကြကြောင်း၊ ကျောင်းသား တပည့်များနှင့်လည်း ဆုံစည်းခွင့်ရကြောင်း ကဗျာ ဆရာကြီးက ပြောပြသေးသည်။

တနေ့ ကဗျာဆရာကြီးက သူ ကက်ဆက် တလုံးရသည်ဟု ပြောသည်။ ထိုကက်ဆက်မှာ စစ်ကိုင်းတိုင်း မုံရွာ ယင်းမာပင် နယ်က ကိုသံတိုင် ဆိုသူ ဖြစ်သည်။ ကိုသံတိုင်မှာ ရဲမှူးဟောင်း တဦးဖြစ်ပြီး သတင်းစာ ဆရာ ကြေးမုံ ဦးသောင်း၏ စာအုပ် တအုပ်ကို ကလေးမြို့ မိုးဒေး မှစ၍ ရန်ကုန် ဘားလမ်းတွင် ကော်ပီကူး ဖြန့်ချိသည့်အတွက် ထောင်ချ ခံရသူဖြစ်သည်။

ကိုသံတိုင်သည် သီချင်းပေါင်းစုံရ၍ အဆိုကောင်းသူဖြစ်သည်ဟု ဆိုသည်။ တနေ့တမျိုး မရိုးနိုင်။ အားကစားသီချင်းပေါင်းစုံ၊ မြို့သီချင်းများ၊ ကိုသန်းလှိုင်၊ မောင်မောင်ကြီး ကအစ နောက်ဆုံး ရုပ်ရှင်မင်းသားကြီး မြတ်လေး ၏ တက္ကသိုလ်ကျောင်း သီချင်း အားလုံး အကုန်ဆိုနိုင်သည်။ ကဗျာဆရာကြီးသည် မပျင်းတော့ဘဲ ထောင်ထဲမှာ ပျော်ရွှင်ခဲ့ရသည်ဟု ဆိုသေးသည်။

ကဗျာဆရာကြီး နေရသော အကျဉ်းခန်းထဲတွင် လူဆိုး၊ လူသတ်သမားများလည်း ရှိသည်။ ကိုရင်လေးတပါးလည်း ရှိသည်။ ကိုရင်လေးမှာ ကံဆောင်မိသဖြင့် ထောင်ထဲရောက်လာခြင်း ဖြစ်သည်။ ကိုရင်လေးက သိုင်းဝတ္ထုများစွာ ဖတ်ခဲ့သဖြင့် ဝတ္ထုများကို ပြန်ပြောပြနိုင်သည်။ လူဆိုးများက ကိုရင်လေးပြောသော သိုင်းဝတ္ထုများကို ကြိုက်ကြသဖြင့် ကိုရင်လေးမှာ အိပ်ရေးပင် ပျက်ရ သည်။

သိုင်းဝတ္ထုထဲက မင်းသမီးလေး၊ လူဆိုးတွေလက်ထဲက လွတ် မလွတ်ကို စိတ်ဝင်စားကြသည်။ ကိုရင်လေး အိပ်နေသည်ကိုပင် နှိုးပြီး ဆက်ပြောခိုင်းသဖြင့် ကိုရင်လေး အခက်ကြုံရသည်ကို ကဗျာဆရာကြီးက သနားမိသည်။

တနေ့ ကဗျာဆရာကြီး ဘုတ်အထွက် သပိတ်မှောက် ကံဆောင်မိသဖြင့် ထောင်ထဲရောက်လာသော တိပိဋက စာစစ် ဆရာတော်ကြီး တပါးက ထောင်ထဲတွင် ထောင်သားများ လွှင့်ပစ်သော ဆေးလိပ်တို ဖင်စီခံလေးတွေ ဖြည်ပြီး စာဖတ်နေသည်ကို ကဗျာဆရာကြီးမြင်၍ မေးကြည့်ရာ ဗျဉ်းအက္ခရာ စာတွေမေ့မှာစိုးလို့ ဆိုပြီး ပြန်ဖြေသည်။

ထောင်ထဲတွင် စာဖတ်ခွင့် မရကြ၍ ဖြစ်၏။ ဆရာတော် သဃတော်များသည် ထောင်ထဲတွင် ဝိနည်းအတိုင်း နေထိုင်ကြ ကြောင်းလည်း ကဗျာဆရာကြီးက ပြောပြသည်။။

ထိုအချိန်က စာရေးဆရာ၊ ကဗျာဆရာတွေကိုလည်း ထောင်ထဲတွင် စာဖတ်ခွင့်၊ စာရေးခွင့် ပိတ်ပင်ထားသည်။ ထောင်ဝင်စာ ကို လည်း မိသားစု သန်းခေါင်စာရင်းဝင်ဖြစ်သည့် လူ နှစ်ဦးပဲ တွေ့ခွင့်ရှိသည်။

ကဗျာဆရာကြီး တင်မိုး ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က အင်းစိန်ထောင်မှ ပြန်လွတ်လာသည့် သတင်းကို မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားစဉ်
ကဗျာဆရာကြီး တင်မိုး ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က အင်းစိန်ထောင်မှ ပြန်လွတ်လာသည့် သတင်းကို မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားစဉ်

တခါတုန်းကလည်း ထောင်ထဲတွင် ယားနာပေါက်သူကို ဆေးကြောပြီး ဆေးထည့်ပေးသော ရန်ကုန် ကြည့်မြင်တိုင်က ကျူရှင်ဆရာ ကလေး တဦး ထောင် အပြင်ရောက်သည့် အချိန်ကျမှ HIV ကူးစက်ခံရပြီး မကြာခင်မှာ သေဆုံးခဲ့ရသည်ဟူသော ထောင်ပုံပြင် တပုဒ်ကို လည်း ကဗျာဆရာကြီး ပြောပြလို့ သိလိုက်ရသည်။

ကဗျာဆရာကြီးနဲ့ တချိန်တည်းမှာပဲ အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦတိလောက လည်း ကံဆောင်သဖြင့် အင်းစိန် ထောင်တွင်း ရောက်ရှိခဲ့သည်။ အကျဉ်းကျနေစဉ် နိုင်ငံခြား သာသနာပြု ကြွတော်မူသည်ဟု ကျေးလက်တွင် ရှိသည့် ဖခင်၊ မိခင်အို တို့ကို ကျေးရွာသားတွေက ပြောထားရကြောင်းလည်း မှတ်သားရသည်။

ထိုအချိန်က ဦးသုမင်္ဂလာ (မဟာဂန္ဓာရုံ) ကမ္ဘာအေး နှင့် တိပိဋက စာစစ်ဆရာတော် တပါးဖြစ်သော ကျောက်ကုန်း မေဓဏိရ ဆရာတော် တို့ကိုလည်း မြစ်ကြီးနားထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ချခဲ့သည်။ ၈၈ ကျောင်းသားများ၊ ဧရာဝတီတိုင်း ကရင် တိုင်းရင်းသားများကိုလည်း စစ်အစိုးရက ထောင်ချထား သည် ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

ကဗျာဆရာကြီးသည် တနေ့ ထောင်နံရံထက်တွင် ကဗျာတပုဒ်ကို ဖတ်ရသည်။ ပို၍ အနှစ်သာရကို ခံစားရပေသည်။ ထိုကဗျာမှာ “ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြပါလေ” ဆိုသည့် ကဗျာ ဖြစ်သည်။ မည်သည့် ကဗျာချစ်သူက ရေးသား ခဲ့သည် ကို မသိရပေ။

ကဗျာဆရာကြီးလည်း ပြစ်ဒဏ် နှစ်ပြည့်လျှင်ပင် ပြန်လွတ်လာခဲ့သည်။ လွတ်လာပြီးနောက် ကဗျာဆရာကြီးတို့ သားအဖသည် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ကို သွားရောက်တွေ့ဆုံပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆရာ ဘယ်ကဲ့သို့ နေပါသနည်းဟု အကျဉ်းထောင် အတွေ့အကြုံကို မေးသောအခါ ကဗျာဆရာကြီး က မမှိတ်မသုံဖြင့် ချက်ချင်းပင်“လူ့အခွင့်အရေး မပြောနှင့် ခွေးအခွင့်အရေးတောင် မရှိပါဘူးဗျာ” ဟု ပြန်လည်ဖြေကြားသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က “ဆရာ အဲဒါဆို ဘယ်လို လုပ်ချင်ပါသလဲ”ဟု ထပ်မေးသောအခါ ကဗျာဆရာကြီးက ထောင်အားလုံး ကို ပိတ်ပစ်ရန် ပြောချလိုက်ရာ ဒေါ်အောင်ဆန်းစုကြည်က“ဆရာ မဟုတ်သေးဘူးလေ။ လူဆိုးကြီးတွေ ရှိသေးတယ် ဥပဒေအတိုင်း လုပ်ရဦးမှာပေါ့”ဟု ပြန်လည် ပြောကြားကြောင်း မှတ်သားရသည်။

ထိုအခါ ကဗျာဆရာကြီး၏ ဆေးလိပ်တိုကိုင်လျက် ပြုံးစစ မျက်နှာ ခေါင်းငိုက်စိုက်နေပုံကို မြင်ယောင်လျက်…

“ချစ်သူတို့ သက်တမ်း တိုလှ၏။ မုန်းသူတို့ သက်တမ်း ရှည်လှ၏” ဟူသော ပြောစကားကိုလည်း သတိတရ ရှိလှ ပါတော့သည်။     ။

(ကဗျာဆရာကြီး တင်မိုး ၏ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် အသက် ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရေးသား ဖော်ပြ ပါသည်။ ဆရာကြီးသည် ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် မြို့တွင် ကွယ်လွန်ခဲ့ရာ လာမည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့်ပြီ ဖြစ်သည်)

Loading