ချစ်ခင် လေးစားရတဲ့ အဆိုတော်ကြီး စိုင်းထီးဆိုင် (ကိုထီး) က ကျနော့်ကို တခါက ပြောခဲ့ဖူးပါတယ်။
“အနုပညာသမား ဆိုတာ စုံထောက်တွေလိုပဲကွ နားမျက်စိ အမြဲ ဖွင့်ထားရတယ်”
ထိုစကားကို ကိုထီး ပြောစတုန်းက အသေအချာ နားမလည်ခဲ့ပေမယ့် နောင်တချိန် ကျနော် သီချင်းသမား ဖြစ်လာချိန် မှာတော့ သဘောပေါက် နားလည် လက်ခံကျင့်သုံးခဲ့ ရပါတယ်။ အနုပညာ ဖန်တီးသူတွေဟာ ထိတွေ့ဆက်ဆံနေရတဲ့ အကြောင်းအရာ တွေနဲ့ ပတ်ဝန်းကျင်ကို အမှုမဲ့ အမှတ်မဲ့ မနေဘဲ နားလည် ခံစားနိုင်စွမ်း ရှိရမယ်လို့ ဆိုလိုခြင်း ဖြစ် ပါတယ်။
သီချင်းတပုဒ်က စာအုပ်တအုပ်၊ ရုပ်ရှင်တကား၊ ပန်းချီကားတချပ်၊ လူတယောက်ဆီက ရနိုင်သလို အမှတ်မထင် မြင်ကွင်းတခု ကနေလည်း ရတတ်ပါ တယ်။ အဲဒီလိုရခဲ့တဲ့ သီချင်းတပုဒ်ကတော့ “မိုး လောက်ကြီးချစ်တယ်” ဆိုတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း လေးပါ။
၁၉၈၇-၈၈ ပတ်ဝန်းကျင် လောက်က ရေးဖွဲ့ခဲ့တဲ့ သီချင်းလေးဟာ ကျောင်းပိတ်လို့ ရန်ကုန်က တောင်ကြီးအပြန် ရထားပေါ်မှာ အတွေးရခဲ့ခြင်း ဖြစ်ပါတယ်။ မဆလ အစိုးရခေတ်က ရှမ်းပြည်နဲ့ ပြည်မ လမ်းပန်းဆက်သွယ်ရေးက ဇီးရိုးအဆင့်ပါ။ အခုလို လေကြောင်းလိုင်းတွေ၊ ကားလိုင်း ကောင်းကောင်းတွေ မရှိသေးတော့ ရှမ်းပြည်က လူတွေက အကောင်းဆုံး ဖြစ်မယ့် ရထားခရီးစဉ်ကိုသာ ရွေးချယ်ခွင့် ရှိရှာပါတယ်။
ဒါတောင် စီးနင်းမယ့်သူတွေနဲ့ ရထားတွဲဟာ မမျှမတ ဖြစ်နေလို့ ခရီးသည်တွေခမျာ ငါးပိသိပ် ငါးချဉ်သိပ် ဒုက္ခခံစီးနင်းရပါတယ်။ ရထားလက်မှတ် ရဖို့ဆိုတာ ဘူတာကြီးမှာ ညအိပ်တန်းစီရတဲ့ ခေတ်ပါ။
ကျနော်တို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ အဖို့ ကျောင်းပိတ် အိမ်ပြန်ရင် ကျောင်းသားကတ်ပြပြီး ဝယ်ယူခွင့် ရတာမို့ တော်သေးတယ်လို့ ပြောရမှာပါ။ သာမန်လူဆို လက်မှတ်ရဖို့ မလွယ်ပါဘူး။ မှောင်ခိုကတော့ မတန်တဆ ပေးရင် ရတာပေါ့။ ထိုင်ခုံမဲ့ လက်မှတ်တွေလည်း ရောင်းတာမို့ ရထားတွဲထဲမှာ တနေရာက တနေရာရွှေ့ဖို့ လူတွေကို ကျော်နင်း ခွရတဲ့ ဘဝပါ။ ညစ်ပတ်နံစော်ပြီး သာယာမှု စည်းစိမ် လုံးဝမရှိတဲ့ ရထားတွဲထဲမှာ သီချင်းလေးရဲ့ အကြောင်း အရာကို အတွေးရခဲ့တာ ကတော့ တော်တော် ထူးဆန်းတယ် လို့ ပြောရမှာပါပဲ။
အဲဒီတုန်းက ကျနော်နဲ့ မျက်နှာချင်းဆိုင်ခုံမှာ သားအမိ သားအဖသုံးယောက် နေရာကျပါတယ်။ ကလေးက မိန်းကလေး ဖြစ်ပြီး စကား ပြောတတ်ခါစ နှစ်နှစ်၊ သုံးနှစ် အရွယ်ပါ။ ကလေးပီပီ ကျီကြတဲ့အခါ ကျလိုက်၊ ချီမတဲ့ အခါ ကြည်မြ လိုက်ပေါ့။
အဖေနဲ့ အမေ တလှည့်စီ ချီမရင်း ကလေးကို ကလူကျီစယ်ပြီး “ဖေကြီးကို ဘယ်လောက်ချစ်လဲ၊ မေကြီးကို ဘယ်လောက်ချစ်လဲ” လို့မေးရင် ကလေးက မပီက လာပီကလာနဲ့ “မိုးလောက်ကြီးချစ်တယ်” လို့ လက်ကလေး မြှောက်မြှောက်ပြီး ဖြေရှာပါတယ်။
အနီး အနားမှာ ဒုက္ခခံစီးနင်းလာတဲ့ ခရီးသည်တွေအကြား မှာတော့ အဲဒီမြင်ကွင်းလေးဟာ အမောပြေ ပီတိ ဖြစ်စရာ မြင်ကွင်းလေးပါ။ ကျနော်ကိုယ်တိုင်လည်း မြင်ကွင်းလေးရဲ့ ကြည်နူးနှစ်သိမ့်မှု တခုကြောင့် သီချင်းရေးဖို့ အတွေးတစကို တောင်ပေါ်အိမ် အထိ သယ်သွားခဲ့ပါတော့တယ်။
အဲဒီတုန်းက ကျနော် သီချင်းတွေရေးတာ အရှိန်တော်တော် ရနေချိန် ဖြစ်ပြီး သီချင်းတွေကို ပုံစံမျိုးစုံနဲ့ စမ်းသပ် ရေးဖွဲ့နေချိန်ပါ။ Folk, Country, Pop, Blues, Rock အစရှိ သဖြင့် ပုံစံမျိုးစုံ ရေးဖွဲ့ကြည့်ခဲ့ပေမယ့် Jazz ပုံစံ သီချင်းတပုဒ်မှ မရေးဖူး သေးပါဘူး။ ဒါကြောင့် ရထားပေါ်က အတွေးလေးကို Jazz ပုံစံဖန်တီးဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော့်ရဲ့ ပထမဆုံး Jazz သီချင်းတပုဒ်ပါပဲ။
မိုးလောက်ကြီးချစ်တယ်
Verse:1 ငယ်ငယ်လေးတုန်းက ပြောတဲ့စကားရယ်
အမေ/ အမေကမေးရင် သမီးဖြေဖူးတယ်
ဘယ်လောက်ချစ်သလဲဆိုရင်
ချက်ချင်းပဲပြောမယ်
မိုးလောက်ကြီး ချစ်ပါတယ် . . .
Verse:2 အရွယ်လေးရောက်တော့
ချစ်သူမေးတယ်
ကြင်နာတဲ့နှလုံးသား ဘယ်လောက်ချစ်သလဲ
စဉ်းစားပြီးဖြေတဲ့ စကားလေးတခွန်းရယ်
မိုးလောက်ကြီး ချစ်ပါတယ် . . .
Chorus: (ကလေးငယ်လို ရိုးသားတဲ့အသိနဲ့
အချစ်ကိုခံစားပြီးနားလည်
ချစ်အဖြေတွေ ငြိမ်းချမ်းစေချင်တယ်
ကမ္ဘာမြေ သာယာစေဖို့
ချစ်သူရယ် အကြွင်းမဲ့ ရင်ထဲစိတ်ချ
ယုံကြည်လှည့်
တို့ရင်ထဲမှာ မင်းလေးတယောက်တည်း
မိုးလောက်ကြီး ချစ်ပါတယ် . . . )
မိုးလောက်ကြီး ချစ်တယ် ဆိုတဲ့ ကလေးငယ်ရဲ့ ရိုးသားဖြူစင်တဲ့ အဖြေစကားလေးဟာ လူသား အားလုံးကို ငြိမ်းချမ်း သာယာစေမယ့် ချစ်ခြင်းမေတ္တာရဲ့ နွေးထွေးသိမ်မွေ့တဲ့ အလင်းတန်းလေး တခုဖြစ်ကြောင်း ကျနော် ရည်ရွယ်ဖွဲ့ဆိုခြင်း ဖြစ်ပါတယ်။
သီချင်း ရေးပြီး သွားပေမယ့် စိတ်ထဲမှာ ဘဝင်သိပ်မကျပါဘူး။ Jazz Music နဲ့ ထိတွေ့မှု နည်းပါးတာ ကြောင့်လည်း ပါပါလိမ့်မယ်။ ဒါကြောင့် ရန်ကုန် ပြန်ရောက်ချိန် Jazz တို့ Blues တို့နဲ့ ပတ်သက်ရင် ဆရာတဆူလိုဖြစ်တဲ့ ရောင်းရင်းကြီး ညီညီသွင်ကို ဆိုတီးပြရင်း “ငါ့သီချင်း ဘာလိုနေမှန်း မသိဘူးကွာ မင်း တခုခုလုပ်ဦး” ဆိုပြီး ပူဆာတော့ ညီညီသွင်က Chorus ရဲ့ Notes တချို့ကို ပြင်ဆင်ပေးလိုက်တော့မှ သီချင်းက အတော်ဟုတ်သွားပါတော့တယ်။
သီချင်းကို အချောသတ်ပြီးချိန် ကျနော်နဲ့ ညီညီသွင်က စိုးလွင်လွင် အိမ်မှာ သောင်တင်နေတဲ့ အချိန် ဖြစ်ပါတယ်။ သီချင်းကို မကြာခဏ ဆိုတီးကြည့်မိတာကို စိုးလွင်လွင်က ကြားသွားပြီး “အဲဒီသီချင်း ငါဆိုမယ်” ဆိုပြီး ထလုပ်လို့ ကျနော်နဲ့ ညီညီသွင်က “ပိုပို ခင်ဗျားနဲ့ မလိုက်ပါဘူးဗျာ၊ သီချင်းက ကလေးဆန်ပါတယ်” ဆိုပြီး နှစ်သိမ့် ခဲ့ရပါသေး တယ်။
သီချင်းကို ဘယ်သူ့ကို ပေးရမှန်းမသိ ဖြစ်နေချိန် တနေ့ စီစဉ်သူ မန္တလေး ကိုနေဝင်းနဲ့ Iron Cross တီးဝိုင်း မန်နေဂျာ ဒေါက်တာ ကိုကိုလွင်တို့ စိုးလွင်လွင်အိမ်ကို ရောက်ချလာပါတယ်။ ကိုနေဝင်း (မန္တလေး) က ရှေ့မှာ စိုးလွင်လွင်ရဲ့ တေးစီးရီး တော်တော်များများကိုလည်း ထုတ်လုပ်ခဲ့သူပါ။
“ညီညီသွင်၊ ညီညီစံ ငါ အခု ကိုသိန်းတန်ရဲ့ သမီးလေး ပိုးဒါလီသိန်းတန် ဆိုဖို့ သီချင်းတခွေ IC နဲ့လုပ်ဖို့ စီစဉ်နေတယ်။ မင်းတို့မှာ သီချင်းတွေ ရှိရင် ပေးစမ်းပါ” ဆိုပြီး ပြောပါတယ်။ ကျနော်လည်း ရေးထားတဲ့ “မိုေးလာက်ကြီးချစ်တယ်” သီချင်းလေးက ပိုးဒါလီသိန်းတန်နဲ့ဆို လိုက်မှာပဲ ဆိုပြီး ဆိုတီးပြမိပါတယ်။ စီစဉ်သူ ကိုနေဝင်းနဲ့ မန်နေဂျာ ကိုကိုလွင် တို့ သီချင်းကို အသေအချာနားထောင်ပြီး “ညီစံ ခင်ဗျား သီချင်းလေး ပိုးပိုးနဲ့ လိုက်တယ်၊ ယူမယ်ဗျာ” ဆိုပြီး တခါတည်း ဝယ်ယူသွားခဲ့ပါတယ်။
သီချင်းကို တီးခတ် အသံသွင်းမယ့်နေ့ ရောက်ချိန်မှာတော့ စီစဉ်သူ ကိုနေဝင်းက “ညီစံ မင်းသီချင်း ဒီနေ့တီးမယ်။ အားရင် လင်းစတူဒီယိုကို လာခဲ့ဦးကွာ” ဆိုပြီး ဖုန်းဆက် အကြောင်းကြား တာကြောင့် ကျနော်နဲ့ ညီညီသွင် လင်းစတူဒီယိုကို ချီတက်သွားခဲ့ပါတယ်။ စတူဒီယိုရောက်တော့ သီချင်းကို Arrange လုပ်သူက အဲဒီတုန်းက IC ရဲ့ ဂုရုကြီးဖြစ်တဲ့ ဆရာ စောဘွဲ့မှူးပါ။
ဆရာဘွဲ့က “ညီစံ မင်းသီချင်းကို Jazz ပုံစံ အပြည့်နဲ့ Arrange လုပ်ထားတယ်။ မင်း နားထောင်ကြည့်” ဆိုပြီး Body တီးထားတာ ဖွင့်ပြပါတယ်။ ကျနော်လိုချင်တဲ့ ပုံစံနဲ့ ကွက်တိမို့ “ဆရာဘွဲ့ မိုက်တယ်၊ ဆက်ဆွဲပါ” ဆိုတာနဲ့ တီးဝိုင်းက လိုအပ်တာတွေ အသေးစိတ် မွမ်းမံခြယ်သခဲ့ ကြပါတယ်။ စီးရီးတခွေလုံး တီးခတ်ပြီးချိန်မှာတော့ စီစဉ်သူ ကိုနေဝင်းက “ညီစံ သီချင်းတွေအားလုံးထဲမှာ ပိုးပိုးနဲ့ မင်းသီချင်းက အလိုက်ဆုံးပဲ။ ငါ စီးရီး Title တင်လိုက်ပြီ” ဆိုပြီး ကျနော့်ကို အသိပေးပါတယ်။ တကယ်ပဲ ပိုးဒါလီသိန်းတန်ရယ်လို့ “မိုးလောက်ကြီး ချစ်တယ်” တခွေတည်းနဲ့ ပရိသတ် လက်ခံ အားပေးခဲ့တဲ့ သီချင်းလေး ဖြစ်ခဲ့ရပါတယ်။
သီချင်း ထွက်ပြီး သိပ်မကြာခင်မှာပဲ ဦးကျော်ဟိန်း ပါဝင်တဲ့ ရုပ်ရှင်တခုမှာ ဇာတ်ဝင်တေး အဖြစ် အသုံးပြုဖို့ ဝယ်ယူခြင်း ကိုလည်း ခံခဲ့ရပါတယ်။
ဆယ်စုနှစ်ကျော်ကျော် ကြာချိန်မှာတော့ သီချင်းကို ကဗျာဘွဲ့မှူးက ပြန်လည် သီဆိုပါတယ်။ ပြန်လည် သီဆိုချိန်မှာ တော့ သူ့ဖခင်ကြီး ဆရာစောဘွဲ့မှူးလည်း ကွယ်လွန်သွားရှာ ပါပြီ။ ကဗျာဘွဲ့မှူး အတွက် ပုံစံသစ်တမျိုးနဲ့ Arrangement လုပ်ပေးသူက ကိုမျိုးကျော့မြိုင်လို့ ထင်ပါတယ်။ ကဗျာဘွဲ့မှူး အတွက်လည်း အောင်မြင်တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။
“ချစ်အဖြေတွေ ငြိမ်းချမ်းစေချင်တယ်… ကမ္ဘာမြေ သာယာစေဖို့” လို့ သီချင်းထဲမှာ ရေးဖွဲ့ခဲ့သလို ချစ်သူတွေရဲ့ အဖြေ တွေအပြင် ဒီနေ့ ဆွေးနွေးနေတဲ့ နိုင်ငံရေး စားပွဲဝိုင်းက အဖြေ ရလဒ်တွေလည်း ငြိမ်းချမ်းစေချင် ပါတယ်။ မြန်မာပြည် သာယာစေဖို့ပါ။ ။