ရဲနှောင်းရဲ့ ပန်းချီကားတွေက အလင်းနဲ့အရောင် တွေရဲ့ ကူးလူးဆက်နွှယ်မှု၊ စုစည်းညီညွတ်မှု တွေကို ထင်ဟပ်ထား ပြီး အရောင်တွေရဲ့ တွန်းထိုးရုန်းကြွမှု (Contrast) ကိုလည်း ပုံဖော်ပြတဲ့ Expression ပန်းချီကားတွေပါ။ ထူးခြားတာ က အလင်းကျရောက်မှုကို အလင်းအတိုင်း တင်ပြတာ မဟုတ်ဘဲ အရောင်ပြင်းပြင်းနဲ့ ကိုယ်စားပြု ရေးဆွဲထားတာ ရယ်၊ ပကတိ အနေအထားက အရောင်ထက် စိတ်မြင် အရောင်တွေနဲ့ ဖွဲ့စည်းထားတာရယ် ဖြစ်ပါတယ်။
ပန်းချီရဲနှောင်းကို ဖခင် ဦးအောင်ခင်ဦး (ခေါ်) ကာတွန်းအနောင်နဲ့ မိခင် ဒေါ်မြတ်မြတ်ထင်တို့က သန်လျင်မြို့မှာ မွေးဖွားတာပါ။ သားသမီး ၃ ယောက်မှာ အငယ်ဆုံးသား ဖြစ်ပါတယ်။ မိခင်ဘက်ကရော ဖခင်ဘက်ကရော အနုပညာ အစဉ်အလာ မျိုးရိုးရှိသူ ဖြစ်ပါတယ်။
“ဟုတ်တယ်။ ကျနော် ငယ်ငယ်ကတည်းက အနုပညာနဲ့ နီးစပ်ခဲ့တာ ပါ။ ဘယ်အရွယ်တုန်းက စိတ်ဝင်စားလာတယ် ဆိုတာ မပြောတတ်ဘူး။ အဖေက ကာတွန်းဆွဲတယ်။ ကျနော် ငယ်ငယ်ကတည်းက တွေ့ဖူး မြင်ဖူးတယ်။ ကျနော် ငယ်ငယ်ကတည်းက ပုံလေးတွေဆွဲ ဖြစ်ခဲ့တာလို့ ပြောနိုင်ပါတယ်။ အနုပညာတို့ ဘာတို့ တော့ မသိသေးဘူး ပေါ့” လို့ အသက် ၃၇ နှစ်အရွယ် ပန်းချီ ရဲနှောင်းက အနုပညာနဲ့ သူ့ဘဝဆက်စပ်မှု စတင်ရာကို ပြောပြပါတယ်။
သူဟာ ပန်းချီအပြင် မှတ်တမ်းရုပ်ရှင် ရိုက်ကူး ခြင်း၊ အင်စတော်လေးရှင်း အနုပညာ လက်ရာ ဖန်တီးခြင်းကိုလည်း နှစ်သက်တယ် လို့ ပြောပါ တယ်။ ဒါပေမယ့် ပန်းချီဆရာ ဆိုတဲ့ ဝိသေသထူးကို တခြားဖန်တီးမှုတွေထက် ဂုဏ်ယူစိတ် ကြီးမားတယ် လို့ ပြောပြပါတယ်။
“ကျနော့်ရဲ့ မှတ်ပုံတင်မှာ အလုပ်အကိုင်ကို ပန်းချီဆရာလို့ ဖော်ပြထားတယ်။ သူငယ်ချင်း ပန်းချီ ဆရာတွေကို မင်းတို့က ပန်းချီဆရာ မဖြစ်သေးဘူး၊ ငါက ပန်းချီဆရာဖြစ်ပြီးသား၊ ဘာဖြစ်လို့လဲ ဆိုတော့ မှတ်ပုံတင်မှာ အလုပ်အကိုင်က ပန်းချီဆရာလို့ ဖော်ပြထားတယ်လေ ဆိုပြီး နောက်ပြောင်ခဲ့တယ်။ ကျနော်က အဲဒီလောက်ထိ ပန်းချီဆရာ ဆိုတာကို ဂုဏ်ယူတာပါ” လို့ ပန်းချီရဲနှောင်းက ဆိုတယ်။
တကယ်လို့ ပန်းချီဆရာမဖြစ်ခဲ့ရင် ဘာဖြစ်မလဲ လို့မေးတာကိုတော့ သူက ကျောင်းဆရာဖြစ်မယ် ထင်တယ်လို့ ဖြေပါတယ်။ “ဘာဖြစ်လို့လဲဆိုတော့ ကျနော့် အဖေကပုံလေးတွေ ဆွဲပြီး စာသင်ပေးတာကို အရမ်းအားကျလို့ပါ” လို့ သူကဆက်ပြောတယ်။
သူဟာ ၁၉၉၆ ခုနှစ်က ယဉ်ကျေးမှုတက္ကသိုလ် တက်ရောက်ပြီး ပန်းချီပညာ လေ့လာဆည်းပူးခဲ့တာ ဖြစ်ပါတယ်။
“ပြောရရင် ရယ်စရာပဲဗျ၊ တခြားသူတွေ ပန်းချီ ကျောင်းတက်တာ ၄ နှစ်၊ ကျနော်ကတော့ ၆ နှစ်ဗျ။ ဒုတိယနှစ်နဲ့ တတိယနှစ်မှာ တနှစ်စီကျခဲ့လို့ပဲ။ အဲဒီ မှာဗျာ ကျနော့်သူငယ်ချင်း တချို့တောင် ကျောင်းမှာ ပြန်ပြီး ဆရာလုပ်နေပြီ၊ ကျနော်က ကျောင်းမပြီးသေး ဘူး။ အဲလောက်ထိ ထူးချွန်တာ” သူက လို့ ရယ်ရယ် မောမောနဲ့ ပြောပါတယ်။
တက္ကသိုလ်မှာ ဒုတိယနှစ် တက်နေစဉ် သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ရဲမာန် (ဝလုံး)၊ ဈာမင်းထိုက်၊ စိုးမိုးနိုင် တို့နဲ့တွဲပြီး “အရပ် ၄ မျက်နှာ” လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲတခုကို နတ်မောက် ဂယ်လာရီမှာ ပထမဆုံး ပြသနိုင်ခဲ့တယ် လို့ သူက ဆိုပါတယ်။
နောက် ၁၉၉၉ ခုနှစ်မှာ မန္တလေးက သူငယ်ချင်း ရေဆေးပန်းချီဆရာ ဇင်မင်းထွန်းနဲ့တွဲပြီး Duet Show ဆိုပြီး လောကနတ် ပန်းချီပြခန်းမှာ ပြသနိုင်ခဲ့ကြောင်း၊ ၂၀ဝ၃ ခုနှစ်မှာတော့ Second Duet Show ကို တူကလေး ဉာဏ်လူသစ်နဲ့ တွဲပြီး ပြသခဲ့ကြောင်း၊ နောက် သူငယ်ချင်းတွေရဲ့ Another 7 ဆိုတဲ့ အမည်နဲ့ ပြုလုပ်တဲ့ အင်စတော် လေးရှင်း ပြပွဲမှာလည်း ပါဝင်ခဲ့ကြောင်းနဲ့ အခြား အုပ်စုပြပွဲ အတော်များများမှာ ပါဝင်ပြသခဲ့ကြောင်း သိရပါတယ်။
ပြီးတော့ ရန်ပုံငွေ လှူဒါန်းပွဲ အတော်များများမှာလည်း သူ ပါဝင်ပြသခဲ့တယ် လို့ ဆိုပါတယ်။ လတ်တလောမှာတော့ နိုဝင်ဘာ ၁ ကနေ ၄ ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေးလမ်းက Think ဂယ်လာရီမှာ ပြုလုပ်တဲ့ “ပါဒ” (Parda) အုပ်စု ပန်းချီပြပွဲမှာ ပါဝင်ပြသလျက် ရှိပါတယ်။
ဒီပြပွဲကို Think ဂယ်လာရီနဲ့ KZL ဂယ်လာရီတို့ ပူးပေါင်း စီစဉ်တာ ဖြစ်ပြီး သန်လျင်၊ ကျောက်တန်း မြို့နယ်တွေက ပန်းချီဆရာ ၁၂ ယောက်ရဲ့ ပန်းချီ ကား ၇၅ ကား ပါဝင်ပါတယ်။ ပြပွဲမှာ ပန်းချီကား ရောင်းရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို သန်လျင်နဲ့ ကျောက်တန်းက အနုပညာကို တကယ် သင်ယူလိုပေမယ့် ငွေကြေးချို့တဲ့နေတဲ့ ကလေးတွေ အတွက် အနုပညာ သင်တန်းတွေ တက်ရောက်သင်ယူနိုင်ရေးမှာ ထောက်ပံ့ပေးဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ ပန်းချီရဲနှောင်းရဲ့ ပန်းချီကား ၁၁ ကား ပါဝင်တာလည်း တွေ့ရပါတယ်။ သူ့ရဲ့ပန်းချီ ကားအများစုက Landscape ပန်းချီကားတွေဖြစ်ပြီး Series လိုက်ရေးဆွဲထားတယ်လို့ ဆိုရမှာပါ။ ပန်းချီ ကားရေးဆွဲဖို့ သူဘယ်လို ပြင်ဆင်ပါလိမ့်။
“ပန်းချီကားက နောက်မှ ရေးဖြစ်တာပါ။ အဓိကကတော့ ကြည့်တာပဲ။ ဝန်းကျင်မှာ တွေ့ရတတ်တဲ့ အလင်းအမှောင် တွေ ထောင့်ဖြတ် ကျနေတာတွေ တွေ့ရင် စိတ်လှုပ်ရှား ရင်ခုန်ရတယ်။ အဲဒီမှာ ကျနော် မှတ်သားမိတတ် ပါတယ်။ ဒါမှ မဟုတ် ပါလာတဲ့ စက္ကူစ တခုမှာ စကက်ချ်အသေးလေးပဲ ဖြစ်ဖြစ် ရေးထားလိုက်တယ်။ နောက် ပန်းချီဆွဲတဲ့အခါ ကျနော် မှတ်မိနေတဲ့ အလင်း၊ အမှောင်နဲ့ Tone တွေကို ပြန်ရေးတာပါပဲ” လို့ပြောပြတယ်။
သူ ပန်းချီရေးဆွဲတဲ့ အခါ မူရင်းအနေအထား အရောင်အသွေးအတိုင်း အတိအကျ ရေးဆွဲတာ မဟုတ်ဘဲ သူ့စိတ်ကူး ထဲမှာ ရှိလာတဲ့ အတိုင်း၊ ဖြစ်လာတဲ့ အတိုင်း ရေးဆွဲတယ် လို့ ပြောပါတယ်။
“ကျနော်က Reality အတိုင်း အတိအကျ ရေးတာမျိုး မရှိဘူး။ ကိုယ် မြင်လိုက်တဲ့ အလင်းအမှောင် ထောင့်ဖြတ်အလှကို ပြန်မှတ်မိတဲ့ အတိုင်း၊ ပြန်ခံစား မိတဲ့အတိုင်း၊ စိတ်ထဲမှာ ပေါ်လာတဲ့ အတိုင်း ပြန်လည် ရေးဆွဲလိုက်တာ ပါပဲ” ရဲနှောင်းက ဆိုပါတယ်။
အလင်းနဲ့ အမှောင်၊ အရောင်နဲ့ အသွေးတွေရဲ့ တွန်းထိုးရုန်းကြွမှုနဲ့ စုစည်းညီညွတ်မှုတွေကို ထင် ဟပ်တဲ့ ရဲနှောင်းရဲ့ ပန်းချီ ကားတွေထဲမှာ ရိုးသားမှု ရိုးရှင်းမှုတွေ ပါဝင်နေသလို သူ့ရဲ့ အနေအထိုင် အပြောအဆိုတွေမှာလည်း ရိုးသားမှုတွေ ထင်ဟပ်နေပါတယ်။ ။