ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
ဒီတပတ် အတွက်တော့ ပြည်တွင်းဒေသ အစာလည်းဖြစ်၊ ရာသီဥတု အေးအေးနဲ့ လိုက်ဖက်မယ့် ပူပူနွေးနွေး စားလို့ရတဲ့ အချိုပွဲလေး ဝေမျှပါအုံးမယ်။
ဒီအချို ပွဲလေးက ပြုလုပ်ရတာ လွယ်ကူသလို၊ လူကြီးလူငယ် နှစ်သက်ကြမယ့် အချိုပွဲလေး ဖြစ်တယ် ဆိုတာကတော့ သေချာလှပါတယ်။ မြန်မာပြည် မြိတ်ဘက်မှာတော့ သာခွေယိုင်လို့ ခေါ်ကြပါတယ် …။ ငချိပ် ကောက်ညှင်းနဲ့ အုန်းနို့ရည် ဆမ်းလေးပါ။
ငချိပ်အုန်းနို့ရည်ဆမ်း (သို့) သာခွေယိုင်
ငချိပ်ကောက်ညှင်း – ၂ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
ကောက်ညှင်းဖြူ – လက်တဆုပ်
သကြား – ၁ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
ရေ – ၂ လီတာ
အုန်းနို့ – ၂ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
ဆား – အနည်းငယ်
ဆွမ်းမွှေးရွက် – ၁ ရွက်
ငချိပ်ကောက်ညှင်းနဲ့ ကောင်းညှင်းဆန် အဖြူကို အနည်းဆုံး ၁ ညအိပ်ခန့် ရေစိမ်ထားပြီး ရေဆေး၊ စစ်ထားပါ။
အုန်းနို့ကို အဆီအနှစ်၊ ရေမကွဲသွားအောင် (နွားနို့ကဲ့သို့) ကျိုပြီး အအေးခံ ထားပါ။
ဒန်အိုးတလုံးထဲမှာ ရေ ၂ လီတာကို ဆွမ်းမွှေးရွက်နဲ့အတူ ဆူပွက်အောင် ကျိုပါ။ ရေဆူလာပြီဆိုရင် ရေစစ်ထားတဲ့ ကောက်ညှင်း ၂ မျိုးစလုံးကို ရောထည့်ပြီးကျို ပါ။ သစ်သား ယောင်းမနဲ့ အဆက်မပြတ်မွှေပေးပါ။ တချို့ ကောက်ညှင်းတွေကို ကြေစေပြီး တချို့ကိုတော့ နူးအိနေတဲ့ အနေအထား (ခပ်ပျစ်ပျစ်) ရအောင် ကျိုပေးပါ။
ဆား၊ သကြားတို့နဲ့ အရသာသွင်းပြီး ပျော်ဝင်အောင် ကျိုပေးပါ …။
ခပ်စေးစေး ဖြစ်နေတဲ့ ကောက်ညှင်း အရည်မှာ အုန်းနို့ကို မိမိနှစ်သက်သလို ဆမ်းပြီး ပူပူနွေးနွေးသုံးဆောင်ပါ။