အခရိုင်းလစ်ကို ထုနဲ့ထည်နဲ့ ရေးလေ့ရှိပြီး ကြည့်လိုက်တာနဲ့ သူ့ရဲ့လိုင်းပဲလို့ ပြောရလောက်အောင် သီးသန့်ဟန် တခုကို ဖန်တီးလေ့ရှိတဲ့ ပန်းချီငြိမ်းချမ်းဆုဟာ အခုတော့ ရေဆေးရဲ့ အရသာကော၊ အခရိုင်းလစ်ရဲ့Tone တွေကိုပါ သူ့ဟန် မပျက်စေဘဲ အရသာ အသစ်တခုကို ပေးစွမ်းနိုင်တဲ့ ပန်းချီကားလေးတွေ ရေးဆွဲဖန်တီးထားတာ တွေ့ရပါ တယ်။
“ငြိမ်းချမ်းဆု၏ လက်ရာငယ် လေးများ” (NCS’s miniature works) လို့အမည် ရတဲ့ သူ့ရဲ့ လတ်တလော တကိုယ်တော် ပန်းချီပြပွဲကို ကမ္ဘာအေး ဘုရားလမ်းပေါ်က ပုလဲကွန်ဒိုမှာ ရှိတဲ့ စတူဒီယိုစကွဲမှာ ဒီဇင်ဘာ ၈ ရက်ကနေ ၁၂ ရက်နေ့အထိ ခင်းကျင်း ပြသခဲ့ပါတယ်။
လက်ရာငယ်လေးများလို့ ဆိုထားတဲ့ အတိုင်း ငြိမ်းချမ်းဆု ရေးဆွဲလေ့ရှိတဲ့ အရွယ်အစားကြီးမားတဲ့ ပန်းချီကားကြီးတွေ မဟုတ်ဘဲ အရွယ်အစား သေးငယ်တဲ့ ပန်းချီကားလေးတွေပေါ်က ထူးခြားတဲ့ ခံစားမှုကို ပေးတဲ့ အရောင်လွင်လွင် တောက်တောက်တွေနဲ့ Landscape တွေကို မြင်တွေ့ရပါတယ်။
ရေဆေးရဲ့ အရသာဖြစ်တဲ့ အရောင်တွေမျှော ထားဟန်က အရင် ငြိမ်းချမ်းဆုရဲ့ ပန်းချီကားတွေမှာ မမြင်ခဲ့ဖူးလို့ တမျိုး ဆန်းသစ်နေ ပါတယ်။ ဒီလို အရသာသစ်တခုကို မမျှော်လင့်ဘဲ ရခဲ့တာလို့ သူက ဆိုပါတယ်။
ပါဖောမန့်၊ အင်စတော်လေးရှင်း၊ ပန်းချီ၊ ပန်းပု စတဲ့ မီဒီယံပေါင်းစုံနဲ့ ဖန်တီးရတဲ့ အနုပညာတွေကို ဝါသနာလည်း ပါပြီး ကိုယ်တိုင်လည်း ထဲထဲဝင်ဝင် လေ့လာလေ့ရှိသူ၊ အနုပညာဖန်တီးနိုင်မယ့် မီဒီယံ အသစ်တွေကို စိတ်ဝင်စားသူ ငြိမ်းချမ်းဆုဟာ Spray ဘူးတွေနဲ့ ရေးရတဲ့ Graffiti Art ၊ Street Art တွေကို စိတ်ဝင်စားတာ ကြောင့် Spray ကို စမ်းသပ်ကြည့်ခဲ့တယ် လို့ သိရပါတယ်။
Spray ဘူးနဲ့ ကင်းဗတ်စ်ပေါ်မှာ ရေးဆွဲကြည့်တဲ့ အခါ ခံစားမှုအသစ်တမျိုးကို ရုတ်တရက် ရလိုက်တာကြောင့် သူ့ပန်းချီကားလေးတွေရဲ့ နောက်ခံအရောင်တွေ အားလုံးကို Spray နဲ့ အခံဆွဲပြီး အပေါ်က သူ့ရဲ့ပင်ကိုလိုင်းဖြစ်တဲ့ အခရိုင်းလစ်နဲ့ လိုင်းအထူတွေကို Landscape ပန်းချီ ကားတွေအဖြစ် ဖန်တီးဖြစ်တာလို့ ဧရာဝတီကို ပြော ပြပါတယ်။
“Spray ကို ကစားရင်းနဲ့ ဒါလေးကို တွေ့သွားတာ၊ ကျနော် ဒီ Spray ကို လွယ်လွယ်မှုတ်တာတော့ မဟုတ်ပါဘူး။ ဘူးတွေမှာ ခေါင်းတွေ ပြောင်းပြီး မှုတ်ရတယ်။ Graffiti လို လမ်းပေါ်မှာ မဟုတ်ဘဲ ကင်းဗတ်စ်ပေါ်မှာ မှုတ်ကြည့်လိုက် တော့ Water Color နဲ့ အခရိုင်းလစ်ရဲ့ မတူတဲ့ အရသာကို ရတာပေါ့။ ကျနော်က ရေဆေးကို ကျောင်းတုန်းက ရေးခဲ့တယ်၊ ကြိုက်လည်း ကြိုက်တယ်၊ ဒါပေမယ့် အမှန်အတိုင်း ပြောရရင် ကျနော်ရေဆေးကို သိပ်မကျွမ်းကျင်ဘူး ဗျ။ ဒါပေမယ့် အခုတော့ ဒီ Spray နဲ့ ရေဆေးရဲ့အရသာကို ရလိုက်တယ်ပေါ့” လို့ သူက ဆိုပါတယ်။
Spray ကို ကင်းဗတ်စ်ပေါ်မှာ မှုတ်တဲ့အခါ ထောင်ပြီးမှုတ်လို့ မရဘဲ၊ အပြားလိုက်လှဲပြီး မှုတ်ရတယ်လို့ သူက ရှင်းပြ ပါတယ်။ Spray နဲ့ ရေးဆွဲရတာဟာ ရေဆေးအရသာကို ရပေမယ့် ထူးခြားမှုကတော့ ရေဆေးထက် ပိုပြီး လွင်တဲ့၊ တောက်တဲ့ အရောင်တွေ ရရှိတာပဲ ဖြစ်ပါတယ်။
“အဝါရောင်ပေါ်မှာ အပြာရောင် Spray နဲ့ မှုတ်တဲ့ အခါမှာ ပျော့ပျောင်းတဲ့ မတူတဲ့ အစိမ်းတမျိုးကို ရတယ်၊ အဲဒီ အပေါ်မှာ အရှေ့က Brush Work တခုပေါ်အောင် ရေးလိုက်တယ်” လို့ ပန်းချီဆရာက ဆက်ပြောပါတယ်။
သူ့ရဲ့ ပန်းချီကားလေးတွေမှာ သုံးထားတဲ့ အရောင်တွေမှာ ပျော့ပျောင်းမှု၊ ရွှင်ပျမှုတွေကို ပေးစွမ်းနိုင်တဲ့ အဏုမြူ ရောင်တွေ၊ ကြည့်ရှုသူအတွက် အကြည်ဓာတ်ကို ပေးစွမ်းနိုင်တဲ့ အပြာလွင်လွင်၊ စိတ်ကို တိမ်းမူးစေတဲ့ ခရမ်းဖျော့ စတဲ့ အရောင်တွေကို တွေ့ရပါတယ်။
အခုနောက်ပိုင်း ရန်ကုန်မြို့မှာ ပန်းချီပြခန်း အသစ်တွေ များပြားလာသလို၊ ပြပွဲတွေလည်း များပြားလာပေမယ့် မွန်းကျပ်မှုတွေ၊ ပိတ်ဆို့ လှောင်အိုက်မှုတွေကို ခံစားစေတဲ့ ပန်းချီကားတွေ ပိုများလာတာ တွေ့ရပါတယ်။ ဒါ ပရိသတ် တောင်းဆိုလို့ လား၊ ဒါမှမဟုတ် စိစစ်ရေးဆိုတဲ့ ပေတံကြီးနဲ့ လာလာတိုင်းပြီး ဖြုတ်ပေးရတာမျိုး မရှိတော့ဘဲ ပွင့်လင်း သယောင် ဖြစ်လာတဲ့ ခေတ်ကြောင့်လား ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
အဲဒါကြောင့်လည်း ပန်းချီ လောကမှာသာမက၊ ခေတ်ပြိုင် အနုပညာသစ်တွေကို ကိုယ်တိုင်လေ့လာဖန်တီးတဲ့ ငြိမ်းချမ်းဆုနဲ့ လက်ရှိ အနုပညာလောကရဲ့ အနေအထား၊ ရှေ့အလားအလာ ဘယ်လိုရှိနိုင်တယ် ဆိုတာတွေကို ပြောဖြစ်ခဲ့ ပါတယ်။
“စာပေမှာလည်း အဝါရောင်ဆိုတာ ရှိသလို ပန်းချီမှာလည်း အဝါရောင်ဆိုတာ ရှိတယ်ဗျ။ အဲဒီ အထဲမှာ ကျနော် မပါချင်ဘူး။ စိစစ်ရေး မရှိလို့ ပွင့်လင်းသယောင်ဖြစ်လာတဲ့ ခေတ်မို့လို့ ဆိုရင် ဘယ်လောက် အထိ ကိုယ့်အနုပညာကို လွတ်လွတ်လပ်လပ် ဖန်တီး ပြီးပြီလဲ လို့ ကျနော်မေးချင်တယ်” လို့ ငြိမ်းချမ်းဆုက ဆိုပါတယ်။
အသက် ၄၀ ကျော်၊ လူလတ်ပိုင်း အရွယ်ကို ရောက်လာပြီ ဖြစ်တဲ့ ငြိမ်းချမ်းဆုဟာ လက်ရှိ ပန်းချီလောက အတွက်၊ လူငယ် အနုပညာရှင်သစ်တွေ အတွက်လည်း ပူပူပန်ပန် ရှိနေပုံရပါတယ်။
“နိုင်ငံရေးနဲ့ ပတ်သက်ပြီး Art Work တွေ လုပ်နေတဲ့ လူငယ်တွေကို အသုံးချခံ မဖြစ်စေချင်ဘူး၊ မျိုးဆက်သစ် လူငယ်တွေဟာ ရဲရင့်တယ်၊ ပြတ်သားတယ်၊ တုံး တိုက်တိုက် ကျား ကိုက်ကိုက် လုပ်ရဲတယ်၊ အဲဒီစိတ်ကလေးကို ခဏမဟုတ်ဘဲ၊ ရေရှည်ပါသွား စေချင်တယ်။ ငါးပွက်ရာ ငါးစာချတဲ့သူတွေ ဆိုရင်တော့ ဟင်းစားလောက်ပဲ ရမှာပဲ။ ပေါ်ပင်လက်ခုပ်သံကို သာယာတတ်သွားမှာ ကျနော်စိုးရိမ်တယ်။ လက်ရှိ အချိန်မှာ ဝါရင့် ဩဇာရှိတဲ့ ပန်းချီ ဆရာကြီးတွေ အများစုလည်း တိမ်းပါးသွားခဲ့ပြီ၊ ကျနော်တို့တောင် အသက် ၄၀ ကျော်လာပြီ၊ လူလတ်ပိုင်း ရောက်လာ ပြီ။ အနုပညာလောကမှာ လူငယ်တွေအတွက် ဩဇာရှိတဲ့ ထိန်းကျောင်းမှုတွေ လိုအပ်နေသေးတယ်” လို့ သူက ဆိုပါတယ်။
မွန်းကျပ်မှုတွေ၊ ပိတ်လှောင်မှုတွေနဲ့ အနုပညာ ဖန်တီးမှု အမာတွေ၊ ဈေးကွက်နောက်ကိုပဲလိုက်ပြီး ပရိသတ် အကြိုက် ဖန်တီးကြတဲ့ “အဝါရောင်” အနုပညာတွေနဲ့ အုတ်ရောရော ကျောက်ရောရော ဖြစ်နေချိန်မှာ ငြိမ်းချမ်းဆုက ဘာကြောင့် ကြည့်ရှုသူကို ရွှင်ကြည်စေတဲ့ ရသအသစ်တမျိုးကို ခပ်ရိုးရိုးလေး ဖန်တီးတာလဲ၊ ပြီးတော့ အဲဒီလို အသစ် တခုကို ရိုးရိုးရှင်းရှင်းပဲ ဖန်တီးလိုက်ရတဲ့ အတွက် သူဘယ်လို ခံစားရသလဲ ဆိုတာကိုလည်း မေးကြည့်ဖြစ်ပါတယ်။
“ထပ်ပြောရရင် ကျနော် ရေဆေးကို မကျွမ်းကျင် ပေမယ့် ကြိုက်တယ်၊ အခုပြပွဲ အတွက် ပန်းချီကား ၅၀ နီးပါး ဖန်တီး ဖြစ်တယ်။ အဲဒီမှာ ဘာတွေ့ရလဲ ဆိုတော့ သုံးလိုက်တဲ့ ဆေးကရတဲ့ ကြည်လင်မှု၊ ကိုယ့်ဆီက ပြန်ထင်ဟပ်တဲ့ ကြည်လင်မှုလေး၊ ပြီးတော့ လုပ်ကြံ ဖန်တီးတာလည်း မဟုတ်ဘဲ ဒါလေးကို မတော်တဆ ရခဲ့တာ ဆိုတော့ ဒီ အခိုက်အတန့်လေးကို ရူးရူးမူးမူး ဖြစ်မိတာပေါ့ဗျာ” လို့ ပန်းချီဆရာက ဆိုတယ်။
သူ ဆက်ပြောတာကတော့ ဘယ်လိုမီဒီယံနဲ့ပဲ အနုပညာတွေ ဖန်တီးဖန်တီး အမြဲတမ်း တသမတ်တည်း ဆိုတာမျိုး မဟုတ်ဘဲ အဖိနဲ့အဖော့ မျှမျှတတ ဖြစ်သင့်တယ် တဲ့။
“အမြဲတမ်းကြီး ဖိပြီးသွားနေရင် ကိုယ့်ကိုယ်ကိုပဲ ပြန်လောင်ကျွမ်းရမယ်” လို့ ငြိမ်းချမ်းဆုက ဆိုပါတယ်။ ။