ပန်းချီကာတွန်း တော်တီဆွေနှင့် သူ၏ ပန်းချီကားများ
ပန်းချီတော်တီဆွေရဲ့ ရေဆေးအကြည် အရောင်လွင်လွင်နဲ့ Landscape ပန်းချီကား သေးသေးလေးတွေဟာ ပန်းချီသဘော တရားကို နားလည်သူဖြစ်စေ၊ နားမလည်သူ ဖြစ်စေမြင်ရသူ အနေနဲ့ စိတ်ကြည်နူးမှုကို ရရှိခံစား နိုင်မယ် လို့ ယူဆပါတယ်။ ပန်းချီကား တကားစီတိုင်းမှာ Subject တွေ ရှိနေပြီး အများစုဟာ ဘုရား၊ ပုထိုးတွေ၊ ကျေးလက်ရှုခင်းတွေ၊ သာမန်လူတွေရဲ့ နေ့စဉ်ဘဝ တစိတ်တပိုင်း စတာတွေကို ဖော်ကျူးထားပါတယ်။
Totty 36 လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲကို ပုလဲကွန်ဒိုရှိ Studio Square အနုပညာခန်းမမှာ ဇန်နဝါရီ ၁၇ ရက်ကနေ ၂၁ ရက်နေ့အထိ ခင်းကျင်း ပြသခဲ့ပါတယ်။ ဒါဟာ တော်တီဆွေရဲ့ ၃၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ပြသတာ ဖြစ်ပါတယ်။ သူဟာ ကာတွန်းဆရာ တယောက်လည်း ဖြစ်တာကြောင့် ၃၄ နှစ်ပြည့်တုန်းက ကာတွန်းပြပွဲ တပွဲ၊ ၃၅ နှစ် ပြည့်မှာ ကယ်ရီကေးချား ပြပွဲစတာတွေကို အမှတ်တရ အနေနဲ့ ပြသခဲ့ပါတယ်။
“ဒီ တနှစ်လုံးမှာတော့ ခရီးတွေ ထွက်ပြီး ပန်းချီကားတွေပဲ ရေးဖြစ်တယ်။ လေ့ကျင့်ရင်းနဲ့ အဆင်ပြေလာတာနဲ့ ပန်းချီပြပွဲပဲ လုပ်ဖြစ်သွားတာပါ” လို့ သူက ဆိုပါတယ်။
တော်တီဆွေရဲ့ ပန်းချီကားတွေဟာ သူ့ရဲ့ လူပုံပန်းသဏ္ဌန်လိုပဲ အရွယ်ခပ်သေးသေးနဲ့ ချစ်စရာ ကောင်းနေပါတယ်။
“ကျနော်က ကိုယ်နဲ့ အမြဲ ထိတွေ့နေရတဲ့ ကာရိုက်တာတွေကို ကြိုက်တယ်၊ သရုပ်ဖော်ပုံ မဆန်ဘဲနဲ့ ရေဆေး အကြည် လေးတွေနဲ့ ကြည့်ရသူ စိတ်ချမ်းသာအောင် ရေးရတာ သဘောကျတယ်” လို့ တော်တီဆွေက ပြောပါ တယ်။
သူ့အနေနဲ့ ပန်းချီနဲ့ ပတ်သက်တာဆိုရင် ဘယ်လို ရေးနည်းရေးဟန်ကို မဆို စိတ်ဝင်စားပေမယ့် တကယ့် တကယ်တော့ ရေဆေးကားတွေ ရေးရတာ အကြိုက်ဆုံးနဲ့ အားအရဆုံးပဲလို့ ဆိုပါတယ်။
“ခေတ်ပြိုင် အနုပညာတွေ ဆိုရင်လည်း ကျနော် ကြိုက်တယ်။ ပန်းချီ ငြိမ်းချမ်းဆုတို့ဆို အားကျတယ်။ မော်ဒန်တို့၊ အိတ်စ်ပရက်ရှင် တို့ကိုလည်း ကြိုက်ပါတယ်။ ဒါပေမယ့် ကျနော်က ကာတွန်းရေးနေကျ ဆိုတော့ Subject နဲ့ ရေးရတာကို အသားကျသလို ဖြစ်နေပြီ” လို့ တော်တီဆွေက ပြောပါတယ်။
မီဒီယံ အစုံကို အသုံးပြုရေးဆွဲရတာကို နှစ်သက်ပေမယ့် အများအားဖြင့် ရေဆေးနဲ့ပဲ အဆွဲများတယ်လို့ တော်တီဆွေက ပြောပါတယ်။ အကြောင်းအရာပါတဲ့ ပန်းချီကားတွေ ဟာလည်း ရေဆေးနဲ့ ပိုမိုလိုက်ဖက်တာ တွေ့ရပါတယ်။
မတ္တရာသား ပန်းချီဆရာ၊ ကာတွန်းဆရာ တော်တီဆွေဟာ ပန်းချီကို ငယ်ငယ်ကတည်းက ဝါသနာကြီးပြီး ၇ တန်းလောက် ကတည်းက ကားနံပါတ်ပြား ရေးတဲ့ အလုပ်ကို လုပ်ခဲ့ရသူ ဖြစ်ပါတယ်။ ၁၀ တန်း အောင်တဲ့အခါ မှာတော့ မန္တလေး ပန်းချီပန်းပုကျောင်း တက်ဖို့ သွားစုံစမ်းရာက သူငယ်ချင်းတယောက်က ရန်ကုန် ယဉ်ကျေးမှု တက္ကသိုလ် တက်ရောက်ဖို့ အကြံပေးတာနဲ့ ၁၉၉၆ ခုနှစ်မှာ ပန်းချီအဓိက ဘာသာရပ်နဲ့ ကျောင်းစတက်ခဲ့ပြီး ပန်းချီသဘော တရားတွေကို လေ့လာသင်ယူခွင့် ရခဲ့ပါတယ်။ မိသားစု စီးပွားရေး အခြေအနေကြောင့် ကျောင်းပြီးအောင် တက်ခွင့်တော့ မရခဲ့ပါဘူး။
ဒါပေမယ့် သူဟာ ပန်းချီနဲ့ ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်းမှုပဲ လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရန်ကုန် ပြန်ဆင်း လာပြီး မဂ္ဂဇင်းတွေမှာ ကာတွန်း ရေးဆွဲတာ၊ ကြော်ငြာဒီဇိုင်း၊ Layout ဒီဇိုင်း ဆွဲတာ၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး သရုပ်ဖော်ပုံ ရေးဆွဲတာ စတာတွေကို လေ့လာ လုပ်ကိုင်ရင်း တဖက်ကလည်း ပန်းချီရေးဆွဲတဲ့ အလုပ်ကို အဆက်မပြတ် လုပ်ခဲ့တယ် လို့ တော်တီဆွေက ရန်ကုန်မှာ သူ့ရပ်တည်မှု အတွက် အလုပ်လုပ်ရင်း ဝါသနာကို အကောင်အထည် ဖော်ရတဲ့ အကြောင်းတွေကို ပြောပြပါတယ်။
“ကျနော် ကြော်ငြာဘုတ် အကြီးကြီးတွေ ဆွဲရတာကို သိပ်သဘောကျ တယ်။ ပိုစတာ ကာလာတွေကို အရမ်း ကြိုက်တာ၊ အရင်က အဲဒီလို ကြော်ငြာ ဘုတ်ကြီးတွေ ဆွဲတဲ့နေရာမှာလည်း အလုပ်လျှောက်ဖူးတယ်” လို့ သူက ဆက်ပြောပါတယ်။
ပန်းချီပေါ်ဦးသက်၊ ပန်းချီဝင်းဖေ၊ ပန်းချီ M တင်အေး၊ ဦးတင်အေး (မန္တလေး)၊ မြန်မာ့ရိုးရာလိုင်း တွေရေးတဲ့ ဦးဘခိုင်၊ ပန်းချီတင်မောင်ဦး၊ ပန်းချီ မိုးညို၊ ပန်းချီဝေချစ်ကို စတဲ့သူတွေဟာ သူ့ရဲ့ မြင်ဆရာတွေ ဖြစ်တယ်လို့ တော်တီဆွေက ဆိုပါတယ်။
ပန်းချီ အောင်မြတ်ဌေးကတော့ သူ့ရဲ့ သင်ဆရာ ဖြစ်ပြီး ပန်းချီသဘောတရား တွေနဲ့ ပတ်သက်လို့ အမြဲတမ်း အကြံပေး၊ ဆွေးနွေး ပြောပြတဲ့သူတွေကတော့ ယဉ်ကျေးမှုတက္ကသိုလ်မှာ ခင်မင်ခဲ့တဲ့ သူ့ရဲ့ စီနီယာအစ်ကိုတွေ ဖြစ်ကြတဲ့ဇင်မင်းထွန်း၊ ရဲနှောင်းနဲ့ ဉာဏ်စိုးတို့ ဖြစ်ကြောင်း သူက ပြောပြပါတယ်။
“ဆရာ ရန်နိုင်ထွန်းက အခရိုင်းလစ်ကားတွေကို စပြီး ရေးပြတယ်။ အခရိုင်းလစ် ဆိုရင် သူရေးပြတာ အရင်ဆုံး မြင်ဖူးတာပဲ” လို့ တော်တီဆွေက ဆိုပါတယ်။
လူချစ်လူခင် ပေါများသလောက်၊ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်တဲ့ ကာတွန်းပန်းချီ တော်တီဆွေဟာ လူစုလူဝေးနဲ့ နေရတာကို သဘောကျပြီး လူတွေရဲ့ စရိုက်သဘာဝကို လေ့လာရတာ နှစ်သက်သူ ဖြစ်ပါတယ်။ ပရဟိတ ပွဲတွေမှာလည်း မညည်းမညူပါဝင်လေ့ရှိပြီး သူတတ်နိုင်တဲ့ ဘက်က ကယ်ရီကေးချား ကူညီရေးဆွဲ ပေးတဲ့ အလုပ်ကို လုပ်ပေးလေ့ ရှိပါတယ်။
၂၀ဝ၇ ခုနှစ်မှာ သူဟာ Mix Media ဆိုပြီး ကာတွန်း၊ ပန်းချီ၊ သရုပ်ဖော်ပုံ အစုံအလင် ပါဝင်တဲ့ ပွဲတပွဲ ပြသခဲ့ဖူးပြီး အုပ်စု ပန်းချီပြပွဲ ၇ ခုပွဲလောက်မှာ ပါဝင်ပြသခဲ့ဖူးပါတယ်။ မကြာသေးမီက ပြသတဲ့ Totty 36 ကတော့ သူ့ရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲ ဖြစ်တယ်လို့ သိရပါတယ်။ ။