ရန်ကုန်မိုးသည် အငြိုးကြီးနှင့် ရွာသလိုသွန်ချနေ၏။ သွားလို့လာလို့မကောင်း၊ နေလို့ထိုင်လို့မကောင်းနှင့် ဂျူလိုင် မိုးကာလကြီး အတွင်း ကျင်းပသည့် ပန်းချီပြပွဲကလေးတခုသို့ပင် မရောက်နိုင်တော့ချေ။ ရန်ကုန်ဒေသ ကောလိပ် အမှတ် ၃ ပန်းချီပြပွဲ။
အိမ်ထဲမှာသာ ထိုင်ကာ မိုး၏ အကျဉ်းသား၊ နှာစေး ချောင်းဆိုး၏ သားကောင်၊ အပျင်း အငြီး၏ ဓားစာခံလို ဖြစ်နေရစဉ် မန္တလေးရှိသမီးထံမှ မင်္ဂလာသတင်းကောင်း ရောက်လာသည်။ “အိအိ စာမေးပွဲအောင်တယ် ဘဘ ကြီးရေ့”။ လွန်ခဲ့သည့် သုံးလေးနှစ်က ပို့စကတ်ပေါ်က မိန်းမချောရုပ်ပုံလေးတွေကို ပုံတူရေးဆွဲလေ့ရှိသည့် သမီးလေး။ တက္ကသိုလ်ဝင်စာမေးပွဲတောင် အောင်ပါပေါ့ကလား၊ ဟန်ကျလိုက်တာလေ။
သမီးတယောက်စာကို ဖတ်ရင်း စာရေးစားပွဲရှေ့တွင် မှန်ပေါင်သွင်းပြီး ချိတ်ထားသည့် သမီးတယောက်၏ စာကို လှမ်းကြည့် လိုက် မိသည်။ မတူးက “ သမီးစာမေးပွဲအောင်ပါသည်။ မြန်မာစာ ၇၀ ရပါသည်။ ဂဏန်း ၁၀၀ ရပါသည်” ဟုရေးသည်။ စာအောက်တွင် ခင်ယဉ်ယဉ်ထွန်းဟု လက်မှတ်ထိုးပြီး ဝက်ပုံရေးဆွဲထားသည်။ “ဘဘက ဝက်သားကြိုက်လို့ ဝက်ပုံရေးပေးလိုက်တာ” ဟုဆိုသည်။
ကျနော်၏ စိတ်အစဉ်သည် ငြီးငြီးပျင်းပျင်းနှင့် သမီးတယောက်၏ စာမှ သမီးတယောက်၏ စာသို့၊ ထိုစာထဲက ပန်းချီပုံမှတဆင့် ဂျူလိုင်မိုင်းကိုအကြောင်းပြုကာ ဗိုလ်ချုပ်အောင်ဆန်း ငယ်ငယ်ကရေးဆွဲခဲ့သည့် ပန်းချီလက်ရာများသို့၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပန်းချီလက်ရာများမှ တဆင့် ကလေးလူငယ် ပန်းချီသို့ စသဖြင့် ကူးဆင့်ပြန့်လွင့် နေတော့သည်။
ကလေးလူငယ်ပန်းချီသည် ခေတ်သစ်လူ့ဘောင်၌ အရေးရောက်သော အင်အားတရပ်ဖြစ်လာလေပြီး ကလေးကစားစရာ ကလေး ဆော့စရာ ပေါက်ကရကိစ္စမျှသာ မဟုတ်တော့ပါ။ ပညာရေး လက်နက်ကောင်း တခု၊ အနုပညာ အရန်စွမ်းအားတခု အဖြစ် အသိ အမှတ်ပြုလာရပြီ ဖြစ်ပေသည်။
ပညာရေးပါရဂူများ၊ စိတ္တဗေဒပါရဂူများအဆိုအရ ကလေးများပန်းချီရေးဆွဲခြင်းသည် ကလေး၏ စိတ်အာရုံကို တည်ငြိမ်စေသည်၊ ရှက်ကြောက်ခြင်း၊ အထီးကျန်ခြင်း၊ ပတ်ဝန်းကျင်ကို ဇွဲခတ်လိုခြင်းစသော စိတ္တဗေဒဆိုင်ရာ အားနည်းချက်များကို ပြေလျော့စေ သည်။ ကလေး၏ စိတ်ကူးစိတ်သန်းကို နှိုးဆွသည်။ ပါရမီခံ အစွမ်းကို ကွဲပြား သိသာစေသည်။ သဟဇာတဖြစ်မှုနှင့် အလှတရားကို တတ်တိစေသည်ဟူသော ဂုဏ်သိက္ခာများရှိကြောင်း သိရလေသည်။
ထို့ကြောင့်လည်း အမေရိကန် ကလေးပန်းချီ ပုံဆွဲပညာ ဆိုင်ရာ ပါရဂူ မစ္စရိုဒါကဲလော့ ဆိုသူ ပြောဖူးသည့်စကားကို အမှတ်ရမိ သည်။
“ကလေးတွေကို အသက်ငါးနှစ်မပြည့်မချင်း စာသင်ပေးတာကို ဥပဒေနဲ့ တားမြစ်ပိတ်ပင် သင့်တယ်၊ အဲ့ဒီအရွယ်မှာ ကလေးတွေရဲ့ စိတ်အာရုံကို အနုပညာနဲ့သာ ထိထိရောက်ရောက် ပြုပြင်ချဲ့ထွင်နိုင်တယ်။ အချိန်ကျတော့ သူတို့လေးတွေ စာတတ်လာမှာပါ။ စာတတ်ရုံတွင်မကဘူး၊ စာကိုနားလည်မှာပါ။ စာလုံးတွေကို ဖတ်တတ်ရုံ ဖတ်တတ်တာမျိုးကို ပြောတာ မဟုတ်ဘူး”ဟူသော စကားဖြစ်ပါ၏။ မှတ်သားဖွယ်ကောင်းလေသည်။
သာမန်အားဖြင့် ကလေးသူငယ်များအဖို့ ပန်းချီရေး၊ ပုံဆွဲစသည်ပြုလုပ်ခြင်းသည် လုပ်ရိုးလုပ်စဉ်ပင်ဖြစ်သည်။ စာရွက်၊ ခဲတံ၊ ရောင် စုံ ရေဆေး စသည် မရှိစေကာမူ ကလေးကတော့ မြေကြီးပေါ်တွင် တုတ်ဖြင့် ခြစ်၊ နံရံပေါ်တွင် မီးသွေးခဲဖြင့် ဆွဲ စသဖြင့် ပန်းချီရေး၊ ပုံဆွဲခြင်းအလုပ်ကို လုပ်လေ့ရှိသည်ချည်းသာဖြစ်သည်။
ထိုသို့လုပ်ခြင်းသည် လူတွေမျက်စိနောက်သော “တောင်ခြစ်မြောက်ခြစ်” အလုပ်မျှသာ မဟုတ်ပါလေ။ ပတ်ဝန်းကျင် စူးစမ်း လေ့ လာ မှတ်သားခြင်း၊ စိတ်ကူး စိတ်သန်း ဖွံ့ဖြိုးအောင် အားထုတ်ခြင်း၊ မှတ်ဉာဏ်ကို အခြေခံ၍ ဖန်တီးခြင်း၊ ကိုယ်စွမ်း ကိုယ်စကို ဖော် ထုတ်ခြင်း အလှတရားကို နှစ်သက်ခံစားခြင်း စသည့် ကောင်းသော အလုပ်များကို လုပ်ခြင်းသာ ဖြစ်ပါပေ၏။
ယနေ့မြန်မာနိုင်ငံတွင် ကလေး လူငယ်ပန်းချီသည် အဆင့်အတန်း အတော်မြင့်နေပြီဖြစ်၏။ သို့သော် လူကြီးတွေက လမ်းဖွင့်ပေးရ ကောင်းမှန်းမသိသေး။ “တောင်ခြစ်မြောက်ခြစ်တွေ”ဟုသာ ယေဘုယျ အားဖြင့် သဘောထားနေသည်ဟု ဆိုချင်သည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သော အိန္ဒိယ၊ တောင်ကိုရီးယား၊ အီတလီ၊ ဂျပန် စသည့် နိုင်ငံတို့မှ ကလေးပန်းချီပြပွဲများတွင် မြန်မာကလေး တွေ နှစ်စဉ်လိုလို ဆုတံဆိပ်တွေ ဆွတ်ခူးနေကြသည်။
၁၉၅၄ ခုနှစ်လောက်မှစ၍ နိုင်ငံတကာ ကလေးပန်းချီပြပွဲများ၌ မြန်မာကလေးများ လက်စွမ်းပြလာခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ် သည်။
ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ် အထက (၁)မှ စန္ဒာမိုး ဆိုသူကလေးပန်းချီ ပညာရှင်လေးတဦးဆိုလျှင် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်) က ထုတ်ဝေသည့် ၁၉၇၀ ပြက္ခဒိန်တွင် သူ့ပန်းချီလက်ရာဖော်ပြခံရသည်အထိ အစွမ်းထက်ခဲ့သည်။ ကမ္ဘာနိုင်ငံ ၁၃၀ ကျော်မှ ပြိုင်ပွဲဝင်ပေါင်း ထောင်သောင်းအနက်မှ ၁၂ ပုံ ရွေးချယ်ရာတွင် မစန္ဒာမိုး၏ “ဘုရားဈေး” အမည်ရှိ ပန်းချီကားမှာ တကား အပါအဝင် ရွေးချယ်ခံရခြင်း ဖြစ်သည်။
ဤမျှမြန်မာကလေးတို့ ပန်းချီအနုပညာဘက်တွင် ထူးချွန်နေကြသော်လည်း ယနေ့အထိ ကလေးပန်းချီပြပွဲဟူ၍ တခါဖူးမျှ မည်မည်ရရ မပြဘူးသေးချေ။ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ဂျူဗလီဟော၌ ကျင်းပသည့် ပန်းချီပြပွဲကြီး တခု၌ ကလေးပန်းချီကဏ္ဍပါခဲ့ဖူးသည်သာ မှတ်မှတ်ရရ ပြောပလောက်စရာ ရှိလေသည်။
နိုင်ငံတကာ ကလေးပန်းချီပြပွဲများသို့ မြန်မာနိုင်ငံကတင်သွင်းသည့် ပန်းချီလက်ရာအင်အားသည် နှစ်စဉ် ၄၀၀ ကျော်ရှိသည်။ သို့သော် လက်ရာအများစုသည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းမှချည်းလိုလိုသာ ဖြစ်လေသည်။
ကျန်တိုင်းနှင့် ပြည်နယ်များမှ တင်သွင်းသည့် လက်ရာဟူ၍ အလွန်နည်းလေသည်။ ယနေ့အထိ နိုင်ငံတကာ ကလေးပန်းချီပြပွဲများ၌ ရွှေတံဆိပ်ဆုများ အပါအဝင် ဆုတံဆိပ်ဆွတ်ခူးသူ မြန်မာကလေးပန်းချီ လက်ရာရှင်ပေါင်းမှာလည်း ရာဂဏန်းမျှ ရှိနေပြီဖြစ် သည်။ ထိုအနက် တောင်တွင်းကြီးနှင့် မြင်းခြံမှကလေး နှစ်ယောက် သုံးယောက်ခန့်သာ ပါဝင်ဖူးသည်။ အားလုံးလိုလို ရန်ကုန်နှင်မန္တလေးမှချည်းသာဖြစ်လေသည်။ ဤအခြေအနေက ဘာကိုပြနေသနည်း။ ကလေးပန်းချီ ပုံဆွဲပညာရပ်ကို နိုင်ငံနှင့် အဝန်း အားမပေးနိုင်သေး မဖော်ထုတ်နိုင်သေးဟူသော သဘောကို ကျယ်လောင်စွာပြနေခြင်းဖြစ်သည်။
ရန်ကုန်-မန္တလေးစသော မြို့ကြီးပြကြီးများမှ ကလေးပန်းချီလက်ရာများသာ ကမ္ဘာသို့ ပေါက်ရောက်နေနိုင်သည်မှာ ထိုမြို့များ၌သာ ကလေးပန်းချီ ပုံဆွဲအလေ့အထ ထွန်းကားနေခြင်းကြောင့်ဟု မဆိုနိုင်ပါ။ ရန်ကုန်-မန္တလေးမြို့များမှ ကလေးများသာ ပန်းချီရေးပုံဆွဲကြသည်မဟုတ်ပါ။ စောစောက တင်ပြခဲ့သလို ကလေးမှန်လျှင် ပန်းချီရေး၊ ပုံဆွဲလေ့ရှိကြသည်သာဖြစ်ပါ၏။ သို့ပါလျက် သူတို့ လက်ရများမှာ မထင်လည်း မထင်ပေါ်၊ စင်တော်ကလည်း မကောက်ဖြစ်နေသည်မှာ ကျယ်ပြန့်ထိရောက်သော စီမံမှု၊ ဆောင်ရွက်မှု၊ အားပေးမှု၊ စေ့ဆော်မှု၊ လမ်းညွှန်မှု၊ နည်းပြမှု၊ ဆွဲခေါ်မှု အားနည်းခြင်းကြောင့်သာဖြစ်ကြောင်း ထင်ရှားပါတော့သည်။
နယ်မြို့တောမြို့များမှ ကလေးများလည်း ပန်းချီရေး၊ ပုံဆွဲလေ့ရှိပါကြောင်း အကောင်းဆုံး နမူနာပြရလျှင် ဟိုရှေး ကိုလိုနီခေတ်ဆီက တောင်တွင်းကြီးနယ်မှ နတ်မောက်မြို့သားကလေး မောင်အောင်ဆန်းလေး ၏ လက်ရာများကို ထောက်ပြရန်အသင့်ဆုံးဟု ထင်မိပါ၏။
မောင်အောင်ဆန်းလေးသည် ထိုအချိန်က ၁၄ နှစ်သား အရွယ်သို့ရောက်နေပါပြီ။ ထို့ကြောင့် သူ့ပန်းချီလက်ရာများသည် ပတ်ဝန်း ကျင် ကို စူးစမ်းခြင်း၊ မှတ်သားခြင်း၊ ထင်ဟပ်ခြင်း၊ တုံ့ပြန်ခြင်း၊ လက်ရာ(တောင်ခြစ်မြောက်ခြစ်) သဘောမျှသာ မကနိုင်တော့ပါ။ သူ့ခံစားချက် ယူဆချက်၊ မျှော်မှန်းချက်များကို ဖော်ကျူးသော လက်ရာများလည်း ဖြစ်သည်ဟုယူဆနိုင်ပါ၏။
ထို့ကြောင့် ဤလက်ရာများတွင် မြင်ရသည့်အတိုင်း ဆိုပါက မောင်အောင်ဆန်းလေးသည် အံ့ပွဲ(ထိုစဉ်က ပြပွဲပြိုင်ပွဲ)တွင် ပထမ ရ လောက်အောင် ပန်းချီပညာ ထူးချွန်လိုသူ၊ ကျော်ကြားသော ပန်းချီဆရာဖြစ်လိုသူဖြစ်ကြောင်း သိမြင်နိုင်ပါ၏။ ထိုရည်မှန်းချက်ကြီးကြီး ဖြင့် လေ့ကျင့်ခဲ့ကြောင်းကိုလည်း သိသာနိုင်ပါ၏။
ထို့အပြင် ကိုလိုနီကျွန်ဘဝတွင် မြန်မာ့ဆင်ယင်ထုံးဖွဲ့မှု၊ မြန်မာ့ စာပေအနုပညာကို တန်ဖိုးထားမြှင့်တင်ခဲ့သဖြင့် ဆရာကြီး သခင် ကိုယ်တော်မှိုင်းကပင် “ခေတ်အလိုက် ကောင်းသည်လို့ပြောကြတဲ့၊ ဘောင်းဘီသော၊ ဦးထုပ်သော၊ ဘာကိုမှမငဲ့မူ၍ တကယ့်လူပဲ၊ သဲ့သူ၊ အမဲ့လူ၊ အိုဘယ့်လူဟု ခွန်းကြူပြောကာ၊ ထောပဏာပြုပြပြီး သြဘာဆုပေး တေးထပ်ကလေး တပုဒ်ကို လုပ်လိုက်ပေအံ့ သတည်း” ဟုဆိုကာ “ဖော့လုံးဖြူ မြိုင်မြိုင်ထိန်းပါ လို့၊ ထိုင်မသိမ်းဝတ်လို့ မြင်ယောင်။ မင်းတပါး ဦးမေအောင်မှာ”ဟု ချီးကျူးခဲ့သည့် အမ်အေဘွဲ့ခံ၊ ဝတ်လုံတော်ရ ဦးမေအောင်ကို မောင်အောင်ဆန်းလေးသည် ချီးကျူး အားကျခဲ့ဟန်လည်း တူပါ၏။
မောင်အောင်ဆန်းလေးလို ပန်းချီရေးသည့်ကလေးတွေ၊ ပုံဆွဲသည့်ကလေးတွေ တပြည်လုံးအနှံ့ရှိမည် မုချဖြစ်ပါ၏။ ယခင်ကရှိခဲ့ သလို ယခုလည်း ရှိမည်သာ ဖြစ်ပါ၏။ သို့သော် ထိုကလေးများသည် ကျေးလက် မြို့ငယ်သားကလေး မောင်အောင်ဆန်း လေး လို ပင် အံ့ပွဲကြီးတွင် ပထမဆုရရန် စိတ်ကူးယဉ်ရုံသာ ယဉ်နိုင်ကြ ပါလိမ့်မည်။ သူတို့လက်ရာများကို လူသိရှင်ကြား၊ တိုင်းသိပြည်သိ ဖော်ထုတ်နိုင်ကြမည်ကား မဟုတ်ပါ။ နိုင်ငံတကာ ပြိုင်ပွဲများသို့ အရောက်တင်ပို့ရန်ကား ဝေးစွခြောက်ပါးပါတည်း။
ကမ္ဘာ့နိုင်ငံများစွာ၌ ကလေးသူငယ်ပန်းချီ ပုံဆွဲပြပွဲပြိုင်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလေ့ရှိသည်။ အိန္ဒိယ ပြည်တွင် နိုင်ငံတကာ ပန်းချီပြပွဲကြီးနှင့်အတူ အထူးနေ့တနေ့ သတ်မှတ်ပြီး ကလေးသူငယ်လက်တွေ့ပန်းချီဆွဲ ပြိုင်ပွဲကျင်းပကာ ဆုများ ချီးမြင့်ခဲ့သည်။

ပိုလန်နိုင်ငံတွင် မေလနှင့် ဇွန်လဆန်းရောက်တိုင်း မြို့တိုင်းရွာတိုင်း ကျောင်းတိုင်းတွင် ကလေးပန်းချီပြပွဲများ ကျင်းပသည်။ ထိုပြပွဲများမှာ ကျောင်းသားကလေးများ တနှစ်ပတ်လုံး ရေးဆွဲခဲသမျှ ပန်းချီလက်ရာများကို ဆရာများကစုဆောင်းထားခဲ့ပြီး ဒိုင်လူကြီးများကိုရွေးချယ်စေကာ ပြသသည့် ပြပွဲများဖြစ်လေသည်။ ကျောင်းပြပွဲများမှ လက်ရာများအနက် အကောင်းဆုံးလက်ရာများကို ဆန်ခါတင် ထပ်မံရွေးချယ်ကာ မြို့နယ်၊ ခရိုင်၊ တိုင်းအလိုက်ပြပွဲများတွင် တင်သွင်းပြသပြန်သည်။ ထိုကမှတဆင့် ပြည်လုံးကျွတ်ပြပွဲကြီးများ ကျင်းပကာ ပြသလေ့ရှိလေသည်။
ယူဂိုစလပ်နိုင်ငံတွင်လည်း နှစ်စဉ် မေလဆန်းပိုင်းတွင် “ပန်းများနေ့” ဟူသော အမည်ဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပကာ လွှတ်တော်မျက်နှာစာ စင်္ကြံ ကျောက်ပြားများပေါ်တွင် ကလေးများအား သူတို့ကြိုက်ရာ ပန်းချီပုံ များဆွဲစေသည်။ ထိုပန်းချီလက်ရာများသည် မိုးရွာ လာ၍ အလိုအလျောက် ပျက်ပြယ်သွားချိန်အထိ လွှတ်တော် မျက်နှာစာစင်္ကြံတလျှောက်ဝယ် ရုပ်စုံရောင်စုံဖြင့် အလှခြယ်လျက် ရှိမြဲဖြစ်လေသည်။
ကလေးသူငယ်ပန်းချီသည် ပညာရေးဆိုင်ရာ စိတ္တဗေဒဆိုင်ရာ စွမ်းအင်များရှိခြင်းကြောင့် အားပေးမြှောက်စားရန် လိုအပ်သင့်မြတ် သော လုပ်ငန်းဖြစ်သည်ဟုမျှသာ ဘောင်ကျဉ်းကျဉ်းကလေး ခံယူအပ်သည် မဟုတ်ပါချေ။ ကလေးသူငယ်ပန်းချီ လှုပ်ရှားမှုကို အားပေးချီးမြှောက်ခြင်းဖြင့် ထူးချွန်ပြောင်မြောက်သော ပါရမီရှင် အနုပညာသည်များကို သန္ဓေတည် ပေါက်ဖွားစေနိုင်ပေသည်။ ထို့ကြောင့် အမျိုးသားယဉ်ကျေးမှု ဆိုင်ရာ လုပ်ငန်းအဖြစ် အာရုံစိုက်ရန် လိုအပ်ပေသေးသည်ဟုလည်း ယူဆမိပါ၏။
သီရိလင်္ကာနိုင်ငံတွင် ကလေးပန်းချီကို အားပေးခြင်းကြောင့် နောင်အခါ ကမ္ဘာကျော်ခဲ့သော အမျိုးသား အနုပညာရှင်တဦးကို ပေါက် ဖွားစေနိုင်ခဲ့သည်။ ထိုအနုပညာရှင်မှာ ဆေနာကာ ဆေနာနာယာကေး ဖြစ်လေသည်။
သူ့လက်ရာများသည် သူ ၇ နှစ်သားအရွယ် (၁၉၅၉ ခုနှစ်) ကပင် သီရိလင်္ကာ အနုပညာအသင်းက ကြီးမှူးကာ တကိုယ်တော်ပြပွဲပြ သပေးရသည်အထိ ထူးချွန်ပြောင်မြောက်ခဲ့သည်။ သူ ၈ နှစ်သား အရွယ်တွင် နိုင်ငံလုံးဆိုင်ရာ ပန်းချီပြပွဲသို့ တင်သွင်းသည့် သူ့ပန်းချီ လက်ရာသုံးခုစလုံးကို ပြပွဲတွင် ချိတ်ဆွဲပြသခဲ့သည်။ သူ ၉ နှစ်သားအရွယ်တွင် အမေရိကန်ပြည် ဆန်ဒီဂိုးမြို့ ပန်းချီပြတိုက်၌ သူ့လက်ရာများကို ပြပွဲ ခင်းကျင်း ပြသခဲ့သည်။ သူ ၁၀ နှစ်သား အရွယ်တွင် သူ့ပန်းချီလက်ရာ ၄၀ (ဆီဆေး ၂၅၊ ရေဆေး ၁၅) ကို အမေရိကန်ပြည် ယွန်ကာအနုပညာပွဲတော်တွင် ပြပွဲ ကျင်းပခဲ့သည်။ ထိုပြပွဲတွင် ပြပွဲတင် ပန်းချီကား ၄၀ အနက် ၃၆ ကား ရောင်းချခဲ့ရသည်။ ထိုကလေးပန်းချီပညာရှင်သည် နောင်အခါ ကမ္ဘာကျော်ပန်းချီဆရာကြီး တဦး ဖြစ်လာခဲ့လေသည်။
ပန်းချီပြပွဲတပွဲ ခင်းကျင်းပြသရခြင်း၏ အခက်အခဲနှင့် တာဝန် ထုထည်ကို ကျနော်တို့ နာစာသဘောပေါက်ပါ၏။ သို့သော် “လူကြီး ပန်းချီပြပွဲတောင်မှ အနိုင်နိုင်ရယ်၊ ကလေးပန်းချီပြပွဲပြဖို့ကို အမှန်းကမ်းလမ်းမသိ လာပြောနေလို့ ဖြစ်မလား”ဟု ပြစ်တင်မောင်းမဲလျှင်လည်း ခံရရုံသာ ရှိပါမည်။
ကလေးပန်းချီပြပွဲများကို တပြည်လုံးရှိ ဖြစ်နိုင်သမျှသော ကျောင်းများ၊ မြို့နယ်များတွင် နှစ်စဉ်ပုံမှန် ကျင်းပသွားသင့်သည်ဟု စွဲမှတ် ထားသည့် ကျနော်တို့၏ သဘောထား ကိုကား ခိုင်ခိုင်မြဲမြဲ တင်ပြချင်ပါ၏။
ကလေးပန်းချီ အနုပညာသည် ကလေးတို့အား ကိုယ့်အားကိုယ်ကိုးစိတ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်၊ ရမ်းကား ဖျက်ဆီးမှုကို စွန့် ပယ်သောစိတ် စသော ကောင်းမြတ်သည့်စိတ်များ ဖွံ့ဖြိုးတိုးပွားစေနိုင်သည်ဆိုသော ဂုဏ်အင်္ဂါရပ်များကိုလည်း ရှေ့ပိုင်းတွင် တင်ပြခဲ့သည့် ကလေးပန်းချီအနုပညာ၏ ပညာရေးဆိုင်ရာ ဂုဏ်အင်္ဂါ၊ စိတ္တဗေဒဆိုင်ရာ ဂုဏ်အင်္ဂါများတွင် ထပ်လောင်းတိုးဖြည့်နိုင် ပေသေးသည်ဖြစ်ရာ ကလေးပန်းချီ၏ တန်ဖိုးကို အမြင်ကျယ်ကျယ်ဖြင့် တိုးမြင့်သတ်မှတ်သင့်ပြီဟု ယူဆမိပါ၏။ ။
(ဤဆောင်းပါးကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ် အောင်ဆန်း အသက် ၁၀၀ ပြည့် အမှတ်တရ အနေဖြင့် ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။ ယင်းဆောင်းပါးသည် ၁၉၈၀ ပြည့်နှစ် စက်တင်ဘာလက ထုတ်ဝေသည့် သောင်းပြောင်းထွေလာ မဂ္ဂဇင်း၌ ဖော်ပြ ပါရှိသော ဆောင်းပါး ဖြစ်ပြီး ကွယ်လွန်သွားသော သတင်းစာ ဆရာကြီး ဦးဝင်းတင် က ပေါ်သစ် ကလောင်အမည်ဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။